အောင်ပိုင်
ရန်ကုန် – ဇူလိုင် ၂၁၊ ၂၀၂၀ (မော်ကွန်း)
ပညာရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်သည့် အထက်တန်းကျောင်းများဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မှု အခြေအနေပြဇယားအရ ရခိုင်ပြည်နယ်အတွင်းရှိ အထက်တန်းကျောင်း တစ်ကျောင်းမျှ ပြန်လည်ဖွင့်လှစ်နိုင်မည်မဟုတ်သေးကြောင်းတွေ့ရှိရသည်။
COVID – 19 ရောဂါကာကွယ်ရေး သတ်မှတ်ချက်များမကိုက်ညီခြင်းနှင့် လုံခြုံရေးအခြေအနေအရတို့ကြောင့်ဖြစ်ပြီး ကျောင်းသားများ ကျောင်းပြန်တက်နိုင်ရန်စီစဉ်နေသည်ဟု အခြေခံပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
“လုံခြုံရေးအရ ကျောင်းပိတ်ထားဆို ပိတ်ရမှာပဲလေ။ အဲဒီ့ကျောင်းသားတွေက စစ်ဘေးရှောင်စခန်းတွေကို ရောက်မယ်။ ရောက်တဲ့အခါမှာ စစ်ဘေးရှောင်စခန်းတွေနဲ့ အနီးဆုံးကျောင်းတွေမှာ တက်နိုင်အောင် ဆရာတို့က စီစဉ်ထားတယ်။ အနီးဆုံးမှာ ကျောင်းမရှိဘူးဆိုရင် ရွေ့လျားကျောင်းလို့ခေါ်တာပေါ့၊ Mobile School နဲ့ သင်နိုင်အောင် စီစဉ်ပေးသွားမယ်” ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်တွင် အခြေခံပညာဦးစီးဌာနကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းပေါင်း ၄၇၇ ကျောင်းရှိသည့်အနက် ကျောင်းပေါင်း ၁၅၀ ကျော်ကိုစစ်ဆေးခဲ့ပြီး ပြန်လည်ဖွင့်လှစ်နိုင်သည့်ကျောင်း တစ်ကျောင်းမျှမရှိခြင်းဖြစ်သည်။
တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာနေခြင်း၊ အပူချိန်တိုင်းခြင်း၊ မျက်နှာကာကွယ်ရန် Face Sheild အသုံးပြုခြင်း၊ နှာခေါင်းစည်းအသုံးပြုခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေးမဖြစ်စေခြင်း စသည့်သတ်မှတ်ချက်များကို အဓိကထား၍ သတ်မှတ်ချက်ပေါင်း ၈၀ ကျော်ကို အကဲဖြတ်ခြင်းဖြစ်သည်ဟု ဦးကိုလေးဝင်းက ပြောသည်။
တစ်နိုင်ငံလုံးအနေဖြင့် ဇူလိုင် ၂၀ ရက်အထိ အထက်တန်း ကျောင်းပေါင်း ၅,၈၃၀ ကို စစ်ဆေးခဲ့ပြီး ရောဂါကာကွယ်ရေး သတ်မှတ်ချက်နှင့် အညီ ဖွင့်လှစ်နိုင်သည့် A အဆင့်ရ ကျောင်းမှာ ၃,၇၇၂ ကျောင်းရှိသည်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှ အထက်တန်းကျောင်း
Photo – Thet Oo Mon
#Dailynews