ရခိုင်ပြည်နယ်တွင်းကတိုက်ပွဲတွေကြောင့် ယခုသီတင်းပတ်အတွင်း သေဆုံးသူ ၃၀ ဦးထက်မနည်းရှိ

ရန်ကုန်- ၂၀၂၄ မတ် ၂၂ (မော်ကွန်း)

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ အခုသီတင်းပတ်အတွင်း အရပ်သားသေဆုံးသူအရေအတွက် ၃၀ ဦးထက်မနည်း ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော်ရှိတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းအကူအညီပေးရေးအဖွဲ့‌တွေက ပြောပါတယ်။

မနေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က လေညှင်းတောင်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားငါးဦးသေဆုံးခဲ့ကာ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အလားတူပဲ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှာ ယခုလ ၁၈ ရက်မှာ ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာခဲ့တယ်လို့ ပုဏ္ဏားကျွန်းလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၁၈ ရက်နေ့ မနက်ပိုင်းကလည်း မင်းပြားမြို့နယ် ခြိမ်တောင်အုပ်စု သာဒေမွတ်ဆလင်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အရပ်သား ၂၃ ဦးထိ သေဆုံးခဲ့ကာ ၁၈ ဦးအထိ ပြင်းထန်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ရက္ခိုင့်တပ်တော် (AA) သတင်းနှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်ထားပါတယ်။

သာဒေကျေးရွာမှာ နေအိမ်အများအပြား ပျက်စီးသွားတဲ့အပြင် သေဆုံးသူတွေအထဲ သက်ကြီးပိုင်းတွေ၊ လသားအရွယ်ကလေးငယ်တွေနဲ့ အမျိုးသမီးတွေပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၁၇ ရက်နေ့ကလည်း ပေါက်တောမြို့နယ် လက်ပံပြားကျေးရွာကို လက်နက်ကြီးကျည်ကျတာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကာ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

လက်ရှိမှာ ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေနဲ့ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာ၊ ဗုံးကြဲတိုက်ခိုက်တာ မကြာခဏရှိနေပြီး ဒေသခံအရပ်သားတွေအတွက် လုံခြုံမှုကင်းမဲ့နေတယ်လို့ မြေပုံမြို့နယ်က စစ်ဘေးရှောင်အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

“အခုက AA သိမ်းထားတဲ့ မြို့တွေမှာ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ထုတာ နေတိုင်းရှိတယ်။ ပုဏ္ဏားကျွန်းမှာဆိုလည်း လက်နက်ကြီးတွေနဲ့ နေ့တိုင်းလိုလိုပစ်နေတာ” လို့ သူက ပြောပါတယ်။

လက်ရှိမှာ ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားတဲ့ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်တို့ကို စစ်ကောင်စီက အဓိကထားပြီး လေကြောင်းကနေ တိုက်ခိုက်နေပြီး အဲဒီမြို့နယ်တွေမှာ အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်နေတာပါ။

မြောက်ဦးမြို့နယ်က ဒေသခံတစ်ဦးကတော့ “AA က မြို့ကို ထိန်းထားပေးမယ့်၊ မြို့ထဲကို ဒေသခံတွေ ပေးမဝင်သေးဘူး။ လက်နက်ကြီးအန္တရာယ်ရှိသေးတော့ ပေးမဝင်သေးတာ၊ မြို့တွင်းတော့ ပေးမဝင်သေးပေမယ့် နယ်တွေမှာတော့ ပြန်လာတာတွေ ရှိတယ်။ စစ်တပ်ကလည်း မြို့အနီးတဝိုက်ကရွာတွေရော မြို့ပေါ်ကိုရော မကြာခဏပစ်ခတ်နေတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ စတင်ပြီးတော့ ရက္ခိုင့်တပ်တော် (AA) ဟာ စစ်ကောင်စီစခန်းတွေနဲ့ မြို့တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီ တိုက်ပွဲစဖြစ်တဲ့ နိုဝင်ဘာလ ၁၃ ရက်ကနေ ဇန်နဝါရီလ ၁၃ ရက်နေ့ ထိ ပြည်နယ်တစ်ခုလုံးမှာ အရပ်သား ၈၁ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၆၀ ဦးနဲ့ ဖမ်းဆီးခံရသူ ၂၀၀ ကျော်ရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်- ULA/AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး- HDCO က ပြီးခဲ့တဲ့လကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ယခုလ ၂၀ ရက်က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေဖော်ပြချက်အရ ရခိုင်ပြည်နယ်က မြို့နယ်ပေါင်း ၁၅ မြို့နယ်အထိ တိုက်ပွဲဒဏ်ခံနေရပြီး လူနေရပ်ကွက်တွေအပါအဝင် နေရာအများအပြားကို လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်၊ အရပ်သား ပြည်သူတွေရဲ့ အသက်ဘေးအန္တရာယ်ကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်ရှိမှာ နိုင်ငံတစ်ဝန်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာပြေးရသူအရေအတွက်ဟာ ၂ ဒသမ ၈ သန်းကျော်ကို ရောက်ရှိလာနေပြီဖြစ်တယ်လို့ UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပုံစာ – ဗုံးဒဏ်ကြောင့် အပျက်အစီးများနေတဲ့ ပုဏ္ဏားကျွန်းမြို့မြင်ကွင်း

ဓာတ်ပုံ – PYA

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."