ရခိုင်ပြည်နယ်ကို Stay at Home သတ်မှတ်မည်ဟု လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးပြော

ရခိုင်ပြည်နယ်ကို Stay at Home သတ်မှတ်မည်ဟု လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးပြော

ဂေထော
ရန်ကုန်၊ ၂၀၂၀ ဩဂုတ် ၂၆ (မော်ကွန်း)

၁၀ ရက်အတွင်း COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၁၇၀ ကျော်တွေ့ရှိပြီးနောက် ရခိုင်ပြည်နယ်တစ်ခုလုံး Stay at Home (နေအိမ်တွင်းနေထိုင်မှု) သတ်မှတ်မည်ဟု ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက မော်ကွန်းကို ပြောသည်။

“Stay Homeပေါ့။ အဲဒါအကုန်လုံး Stay Homeပဲ။ မထွက်ရ။ ကိုယ့်အိမ်ကိုယ်နေ။ တစ်ပြည်နယ်လုံး Stay Home ခိုင်းမှာ” ဟု သူက ယနေ့ နေ့လည်ပိုင်းတွင် ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် ၁၀ မြို့နယ်တွင် ဩဂုတ် ၁၆ ရက်မှ စတင်ခဲ့သော COVID-19 ရောဂါပိုး တွေ့ရှိသူ လူနာစာရင်းသည် ယနေ့နံနက်ပိုင်းအထိ ၁၇၆ ဦး ရှိလာပြီ ဖြစ်သည်။ တွေ့ရှိခဲ့သည့် မြို့နယ်များအနက် ပြည်နယ်၏ မြို့တော်စစ်တွေသည် လူဦးရေ ၁၀၀ ကျော်ဖြင့် လတ်တလော အများဆုံး ဖြစ်သည်။

ဩဂုတ် ၂၀ ရက်တွင် စစ်တွေမြို့နယ်ကို Stay at Home အစီစဉ် တွင်အကျုံးဝင်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ ယင်းနောက် ဩဂုတ် ၂၅ ရက်တွင်လည်း ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နှင့် နာမည်ကျော် ငပလီကမ်းခြေတည်ရှိရာ သံတွဲမြို့နယ်ကိုလည်း Stay at Home အစီစဉ်တွင်အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းအပြင် ဩဂုတ် ၂၁ ရက်မှ စတင်ကာ ပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် အခြေခံပညာအထက်တန်းကျောင်းများကို အစိုးရက ပိတ်ထားခဲ့ပြီး ဖြစ်သည်။

ယနေ့မနက်ပိုင်းအထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းတွင် COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၅၇၄ ဦး ရှိပြီဖြစ်သည်။ ယင်းတို့အနက်မှ ၃၄၁ ဦး ပြန်လည်ကောင်းမွန်းခဲ့ပြီ ခြောက်ဦးသေဆုံးခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

သြဂုတ်လ ၂၀ ရက်နေ့က စစ်တွေမြို့ပေါ် မြင်ကွင်း
ဓါတ်ပုံ – Supplies


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."