အောင်ပိုင်၊ ရန်ကုန်။
ဇန်နဝါရီ-၂၁၊ ၂၀၂၀
ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခကို ကိုင်တွယ်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အင်အားအလွန်အကျွံသုံးပြီး အပြစ်မဲ့ အရပ်သားများကိုသတ်ဖြတ်ခြင်း၊ နေအိမ်များကိုမီးရှို့ဖျတ်ဆီးခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိခဲ့သည်ဟု နိုင်ငံ တော် သမ္မတရုံးက လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) အစီရင်ခံစာကို ကိုးကား သတင်းထုတ်ပြန်သည်။
ဒါအပြင် ARSA အကြမ်းဖက်အဖွဲ့ဝင်များနှင့် အလိုတူပူးပေါင်းပါဝင်သူများ ကျူးလွန်ခဲ့သည့် ကြီးလေးသော ရာဇဝတ်မှု များကို ဥပဒေအရ တရားစွဲဆိုနိုင်ရေး ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြား ထားသည်ဟု ထုတ်ပြန်သည်။
“ တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ARSA အဖွဲ့ဝင်များနှင့် ၎င်းတို့၏ အလိုတူပူးပေါင်းပါဝင်ခဲ့သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် အရပ်သားများက စစ်ရာဇဝတ်မှုများ ကျူးလွန်မှုများရှိခဲ့သည်ဟု ကော်မရှင်မှတွေ့ရှိခဲ့သည်” ဟု သမ္မတရုံး ထုတ်ပြန် ချက်တွင် ဖော်ပြသည်။
အရပ်သားများအားသတ်ဖြတ်ခြင်း၊ အင်အားမမျှမတသုံးစွဲခြင်း၊ လုယက်မှုကျူးလွန်ခြင်း၊ ရခိုင်မြောက်ပိုင်း မောင်းတော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် မူဆလင်များ၏ စွန့်ခွာသွားသော နေအိမ်များကို ဖျက်ဆီးခြင်းစသည့် ရာဇဝတ်မှုများကို ကျူးလွန်းကြကြောင်း တွေ့ရှိရသည်လို့ သမ္မတရုံးက ထုတ်ပြန်သည်။
ကော်မရှင်၏ စစ်ဆေးတွေ့ရှိမှု တွင် ကျေးရွာများ အထူးသဖြင့် မင်းကြီးရွာ(ကူလာတိုလီ)၊ ချွတ်ပြင်ရွာနှင့် မောင်နုရွာတို့တွင် အသက်ဆုံးရှုံးမှုများပြားခဲ့ ကြောင်း စုံစမ်းတွေ့ရှိရသည်လို့ ဖော်ပြသည်။
“ လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ကျူးလွန်ခဲ့သည်ဟု ကောက်ချက်ချနိုင်သော လုပ်ဆောင်ချက်မျိုး ဖြစ်ပွားခဲ့ခြင်း မလျဉ်းမရှိခဲ့ကြောင်း ကော်မရှင်၏ တွေ့ရှိချက်များက ဖော်ပြခဲ့သည်”ဟု သမ္မတရုံးက ထုတ်ပြန်သည်။
တပ်မတော်သားများကျူးလွန်သည်ဟု စွပ်စွဲထားသည့် ရာဇဝတ်မှုများ၊ အထူးသဖြင့် မင်းကြီးနှင့် ချွတ်ပြင်ကျေးရွာတွင် သတ်ဖြတ်မှုများနှင့် မူစလင်ကျေးရွာများရှိ နေအိမ်မီးလောင်မှုများကို တားဆီးရန်ပျက်ကွက်ခဲ့ခြင်းတို့အပေါ် တပ်မတော် စစ်ဥပဒေချုပ်ရုံးအနေဖြင့် လက်ရှိစုံစမ်းစစ်ဆေးမှုများအပြင် တရားစွဲဆိုမှုများ တိုးချဲ့ဆောင်ရွက်နိုင်စေရန် ကော်မရှင်၏ အစီရင်ခံစာအပြည့်အစုံနှင့် နောက်ဆက်တွဲများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ပေးပို့လိုက်ပြီးဟု သမ္မတရုံးက ထုတ်ပြန်သည်။
၂၀၁၆-၁၇ တွင် ဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်နှင့် ARSA အကြမ်းဖက်အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများရှိကြောင်းစွပ်စွဲမှုများကို စုံစမ်းစစ်ဆေးရန် ၂၀၁၈၊ ဇူလိုင် လကုန်တွင် သမ္မတရုံးက လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ( Independent Commission of Enquiry-ICOE) ဖွဲ့စည်း စုံးစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ယင်းကော်မရှင်၏ ဥက္ကဌအဖြစ် ဖိလစ်ပိုင်နိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း သံအမတ်ကြီး ရိုဆာရီယို မယ်နာလို က ဦးဆောင်ပြီး အဖွဲ့ဝင်များအဖြစ် ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်းကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌဟောင်း ဦးမြသိန်းနှင့် ပါမောက္ခဒေါက်တာအောင်ထွန်းသက်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။
ကော်မရှင်သည် သက်သေထွက်ဆိုချက်ပေါင်း (၁,၅၀၀) ခန့်ကို စုဆောင်းခဲ့ပြီး နောက်ဆက်တွဲ (၃၁) ခုအပါအဝင် စာမျက်နှာ ၄၅၀ ကျော်ပါသော စုံစမ်းတွေ့ရှိချက်အစီရင်ခံစာကို သမ္မတထံ မနေ့က ပေးပို့ခဲ့ခြင်းဖြစ်ပြီး ထိုအစီရင်ခံစာ အနှစ်ချုပ်ကို ထုတ်ပြန်ရန်လည်း ဆောင်ရွက်မည်ဟု သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
Photo – Myanmar State Counsellor Office
#dailynews