ရခိုင်စစ်ရေးနှင့် ရွေးကောက်ပွဲအပေါ် သူတို့အမြင်

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ အင်တာဗျူးဖြစ်ပါသည်

ကျော်ဇေယျ ဆက်သွယ် မေးမြန်းသည်။

အပြောင်းအလဲမရှိခဲ့ရင် ဒီနှစ်နိုဝင်ဘာက ရွေးကောက်ပွဲလပါ။ ဒါပေမဲ့ နိုင်ငံအနောက်ဘက် ရခိုင်ဒေသမှာတော့ စစ်မီးအရှိန်က တစ်ဟုန်ထိုး မြင့်တက်နေတာ နှစ်ပေါက်လာပြီဖြစ်သလို ဒုက္ခသည် အရေအတွက်ကလည်း တိုးသထက် တိုးလာနေပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်စလုံး အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်အပေါ်  ဒီတိုက်ပွဲတွေက ဘယ်လိုများ သက်ရောက်လာနိုင်မလဲ။ အကယ်၍သာ ရခိုင်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ရင် ရခိုင်ပြည်နယ် နိုင်ငံရေးဟာ ဘယ်လို ဖြစ်သွားနိုင်သလဲဆိုတာတွေကို မော်ကွန်းက ရခိုင်ပြည်နယ်က ပါတီတချို့၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူတွေကို မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

ခိုင်သုခ

ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ

မော်ကွန်း။ ။ စစ်ပွဲအရှိန်မြင့်နေတဲ့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဖြစ်နိုင်သလား။ ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ခိုင်သုခ။ ။ ဒီရွေးကောက်ပွဲကိစ္စအတွက်ကတော့ ကျွန်တော်တို့ ရခိုင်တွေအတွက် သိပ်စိတ်ဝင်စားစရာကိစ္စတော့ မဟုတ်ဘူး။ ရွေးကောက်ပွဲဖြစ်ရင်လည်းပဲ ရခိုင်တွေအတွက်ကတော့ သိပ်ပြီးတော့ ထူးထူးခြားခြား အပြောင်းအလဲ ဖြစ်ပေါ်လာမယ့် အနေအထားမရှိဘူး။ ဘာကြောင့်လဲဆိုရင် လွန်ခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတွေကို ရခိုင်တွေ ဖြတ်ကျော်လာခဲ့ပြီ။

အဲဒီရွေးကောက်ပွဲနှစ်ခုစလုံးမှာ ပြောမယ်ဆိုရင် ရခိုင်ပြည်မှာ ရခိုင်ပါတီတွေက နိုင်ခဲ့တာ။ ဒါပေမဲ့ အဲဒီအမတ်တွေဟာလည်းပဲ ဘာမှထိထိရောက်ရောက်လုပ်နိုင်တဲ့ဟာ မရှိဘူး။ အဲဒါကြောင့်မို့ ရခိုင်မှာ ရွေးကောက်ပွဲရှိခြင်း၊ မရှိခြင်းဟာ ရခိုင်တွေအတွက် သိပ်ပြီးတော့ ဘာမှမထူးခြားဘူးလို့ ပြောရမှာပေါ့။ ကျွန်တော်တို့ ရခိုင်တွေအတွက်ကတော့ ရွေးကောက်ပွဲ ကျင်းပခြင်း၊ မကျင်းပခြင်းထက် အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်က ပိုပြီးတော့ အရေးကြီးတယ်ဗျ။

ဦးလှမြင့်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြောရေးဆိုခွင့်ရှိသူ

မော်ကွန်း။ ။ စစ်ပွဲအရှိန်မြင့်နေတဲ့ ရခိုင်ပြည်နယ်မှာ လာမယ့်ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဖြစ်နိုင်သလား။ ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဦးလှမြင့်။ ။ တိုက်ပွဲဖြစ်တယ်ဆိုတာ တိုက်ပွဲမှာ အမျိုးအစားပေါင်းများစွာ ရှိမယ်လေ။ အခုက တိုက်ပွဲက ရေရှည်တိုက်ပွဲ ဖြစ်လာပြီလေ။ တစ်နှစ်လုံးဖြစ်နေပြီဆိုတော့ ဟိုဘက်က (ရက္ခိုင့် တပ်တော်-AA) လည်း တချို့နေရာတွေကို သူတို့ထိရောက် အောင်မြင်စွာ လုပ်နိုင်ပြီဆိုတဲ့ အနေအထားမျိုး လက္ခဏာတွေ ပြနေပြီ။ ပလက်ဝ အပါအဝင် ကိုးမြို့နယ်လောက် သူတို့ တိုက်ပွဲဖော်ဆောင်နိုင်ပြီလေ။ အဲဒီတော့ သူတို့ရဲ့ အနေအထားတစ်ခု၊ အခြေအနေတစ်ခုကို ရောက်သွားပြီလို့ ကျွန်တော်ကမြင်တယ်။

အဲဒီလိုမျိုး ဖြစ်လာတဲ့အတွက် တိုက်ပွဲဖြစ်နေတဲ့နေရာမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် သူတို့ပြောခဲ့သလို၊ သူတို့ကိုလည်း ညှိနှိုင်းရမယ်ဆိုတဲ့အချက်က စဉ်းစားစရာ အချက်တစ်ချက်ဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။

ဘာကြောင့်လဲဆိုရင် အဲဒီလိုမျိုး ညှိနှိုင်းပြီးတော့ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ဖြစ်စဉ်က DKBA (ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်) ရဲ့ ဧရိယာနဲ့ KNU (ကရင်အမျိုးသား အစည်းအရုံး) ရဲ့ ထိန်းချုပ်ဧရိယာတွေမှာ လုပ်ခဲ့ကြတယ်လို့ ကျွန်တော်ကြားဖူးတယ်၊ မှတ်သားဖူးတယ်။ DKBA က ကျွန် တော်တို့ဒေသမှာလည်း ရွေးကောက်ပွဲလုပ်ပါ၊ မဲရုံတွေ ဖွင့်ပေးပြီး လုပ်ခဲ့ကြဖူးတယ်ဆိုတာ ကျွန်တော်တို့ကြားရတယ်။ ရှိခဲ့ဖူးတယ်။ ဒီလိုဖြစ်စဉ် တကယ်အမှန်ရှိသလားဆိုတာကိုတော့ ကိုယ်တိုင်တွေ့ခဲ့တာမဟုတ်လို့ အတည်မပြုနိုင်ပေမယ့် ကရင်ဘက်က ကျွန်တေ့ာကို ပြောဖူးတယ်။ ဒီသတင်းသာမှန်ရင် (ပဋိပက္ခဒေသ မှာ) ရွေးကောက်ပွဲလုပ်တာဟာ မြန်မာနိုင်ငံအစိုးရအတွက် ဘာမှအခက်အခဲမရှိဘူး။ ဒီလိုအခြေအနေတွေက ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အဆန်းမဟုတ်တော့ဘူး။ အဲဒါကြောင့် ညှိနှိုင်းပြီး လုပ်ကြမယ်ဆိုရင် ပိုပြီးကောင်းမယ်လို့ မြင်တယ်။

ဒါပေမဲ့ တိုက်ပွဲအရှိန်တွေမြင့်လာရင်တော့ ရွေးကောက်ပွဲကို သက်ရောက်မှုရှိနိုင်တာပဲ။ တိုက်ပွဲတွေ ရှိနေတဲ့ နှစ်ဖက်အဖွဲ့ အစည်းတွေက ရွေးကောက်ပွဲကို သဘောမတူကြဘူးဆိုရင် ဒီဟာမဖြစ်နိုင်တော့ဘူးပေါ့ဗျာ။ ဒီလို ရွေးကောက်ပွဲ မကျင်းပနိုင်ရင် ပြည်သူအတွက် ဘာအခက်အခဲဖြစ်မလဲဆိုရင် ပြည်သူ့ရဲ့ကိုယ်စားလှယ်တစ်ယောက်ကို ရွေးပိုင်ခွင့်မရှိတော့ဘူးပေါ့ဗျာ။ ကျွန်တော်တို့အမတ်တွေဆိုတာ၊ ပြည်သူ့ကိုယ်စားလှယ်တွေဆိုတာ အစိုးရအတွက်လည်း အရေးကြီးတယ်ဗျ။ ရခိုင်မြောက်ပိုင်း တိုက်ပွဲဖြစ်နေတဲ့ ကိုးမြို့နယ်မှာ လူဦးရေတစ်သန်း၊ တစ်သန်းခွဲလောက် နေထိုင်ကြတယ်။ အဲဒီလူတွေ အကုန်လုံးနဲ့ အစိုးရဟာ စကားပြောနေမယ့်အစား အဲဒီလူထုက တင်လိုက်တဲ့ လူ ၂၀ လောက်နဲ့ စကားပြောရင် မပြီးဘူးလား။ ညှိနှိုင်းရမလွယ်ဘူးလား။ ပြည်သူကလည်း သူရွေးချင်တဲ့ ကိုယ်စားလှယ်ကိုရွေး၊ သူပြောချင်တဲ့စကားတွေကို ကိုယ်စားလှယ်က တစ်ဆင့်ပြောရတာဟာ အဆင်မပြေဘူးလား။

ရွေးကောက်ပွဲကျင်းပတာက နှစ်ဖက်စလုံးအဆင်ပြေမယ် လို့မြင်တယ်။ အဲဒီအတွက် ရွေးကောက်ပွဲတွေကို ဖြစ်အောင်လုပ်သင့်တယ်။ ဖြစ်အောင်လုပ်ဖို့အတွက် နည်းလမ်းတွေရှိလိမ့်မယ်။ အဲဒီနည်းလမ်းတွေကို ကြိုးစားပြီး ဖော်ဆောင်ကြရမယ်။

နောက်တစ်ခုက လက်ရှိအစိုးရသည် ဒီမိုကရေစီအစိုးရ။ ပြည်သူက တင်မြှောက်တဲ့ အစိုးရဗျ။ စစ်အစိုးရလက်ထက်မှာ ရွေးကောက်ပွဲတွေ မဖြစ်ဘူးဆိုတာ ဒါက အာဏာရှင်တွေ လုပ်တဲ့အလုပ်။ ပြည်သူ့အစိုးရလက်ထက်မှာ ရခိုင်ပြည်သူလည်း ပြည်သူပဲ။ ပြည်သူကို မျက်နှာမူရမယ်။ ဒီလိုဖြစ်တဲ့အတွက် ကျွန်တော်ကတော့ ပြည်သူ့အစိုးရလက်ထက်မှာ ရွေးကောက်ပွဲ မဖြစ်ဆိုတာ မရှိဘူးလို့ ယုံကြည်တယ်။

မော်ကွန်း။ ။ စစ်ရေးအခြေအနေတွေကြောင့် ရခိုင်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ရင် ရခိုင်ပြည်နယ်နိုင်ငံရေး အခင်း အကျင်းကရော ဘယ်လိုဖြစ်လာနိုင်သလဲ။

ဦးလှမြင့်။ ။ ရွေးကောက်ပွဲကို မကျင်းပပေးဘူးဆိုရင် အဲဒါက အာဏာရှင်ရဲ့ လက်ကျန်အမွေဖြစ်လိမ့်မယ်။ ရွေးကောက်ပွဲသာ ရခိုင်ပြည်နယ်မှာ မကျင်းပဘူးဆိုရင် ဘယ်လို ပုံစံအုပ်ချုပ်မလဲ။ အာဏာရှင်လို အာဏာနဲ့ အုပ်ချုပ်ရတော့မှာပဲ မဟုတ်ဘူးလား။ စစ်အုပ်ချုပ်မှုနဲ့ အုပ်ချုပ်ရမှာပဲ။

ဒီမိုကရေစီအစိုးရဖြစ်ဖို့အတွက် ဖော်ဆောင်နေတဲ့ တိုင်းပြည်တစ်ပြည်မှာ လက်ကျန်အာဏာရှင်စနစ်တစ်ခု တစ်နေရာမှာ ကျန်ခဲ့ရင် ဒါကမီးပွားပဲ။ မီးပွားဆိုတာဟာ ထားလို့မရတဲ့ ဟာပဲ။ မဟုတ်ရင် ဒါကလောင်မှာပဲ။ ပြန်ပြီးတော့ အာဏာရှင်စနစ်ကို မသွားပါဘူးလို့ အာမ မခံနိုင်သေးတဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဒီနေ့အခြေအနေမှာ မီးပွားတစ်ခုထားခဲ့မယ်ဆို တာကို ကျွန်တော်တို့ နိုင်ငံရေးပါတီကလည်း မလိုလားဘူး။ အကယ်၍သာ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်မယ်ဆိုရင် နိုင်ငံရေးပါတီ ရှိနေတာရော ဘာထူးမှာလဲ။

ဦးစိုင်းရဲကျော်စွာမြင့်

အမှုဆောင်ဒါရိုက်တာ

ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ 

(People’s Alliance for Credible Elections – PACE)

မော်ကွန်း။ ။ စစ်ပွဲအရှိန်မြင့်နေတဲ့ ရခိုင်ပြည်နယ်မှာ လာမယ့်ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဖြစ်နိုင်သလား။ ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဦးစိုင်းရဲကျော်စွာမြင့်။ ။ ၂၀၁၅ တုန်းကလည်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ လုံခြုံရေးအကြောင်းပြချက်ကြောင့်မို့ မြို့နယ် ခုနစ်မြို့နယ်မှာ ရွေးကောက်ပွဲ မကျင်းပခဲ့ဘူးလေ။ ကျေးရွာအုပ်စု ပေါင်း ၄၅၀ လောက်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ဘူး။ အဓိက အကြောင်းပြချက်ကတော့ လုံခြုံရေးအခြေအနေကြောင့်မိုဆိုတဲ့ အကြောင်းပြချက်က အဓိကကျတာကိုး။

အခုလည်း လက်ရှိရခိုင်ပြည်နယ်အခြေအနေကို ကြည့်မယ်ဆိုရင် ရခိုင်မြောက်ပိုင်းက မြို့နယ်သုံးမြို့နယ်လောက်မှာ လက်နက်ကိုင် ပဋိပက္ခတွေ အမြဲဆက်ဖြစ်နေတော့ အဲဒီမြောက်ပိုင်းက မြို့နယ်တွေထဲမှာရှိတဲ့ ကျေးရွာအုပ်စု တော်တော်များများမှာ အဆိုးဆုံးအခြေအနေမှာတော့ အဲဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပတော့တာမျိုး ဖြစ်နိုင်တယ်။ နည်းနည်းသက်သာတဲ့ အခြေအနေမှာဆိုရင်တော့ အဲဒီတိုက်ပွဲဖြစ်နေတဲ့ မြို့နယ်တွေထဲက တချို့ကျေးရွာတွေ၊ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲ မကျင်းပတာမျိုးတွေ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့တော့ မြင်နေရတယ်။ တိုက်ပွဲတွေက ဒီအတိုင်းသာ ဆက်ပြီးဖြစ်နေမယ်ဆိုရင်ပေါ့လေ။

မော်ကွန်း။ ။ စစ်ရေးအခြေအနေတွေကြောင့် ရခိုင်မှာရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ရင် ရခိုင်ပြည်နယ်နိုင်ငံရေး အခင်းအကျင်းကရော ဘယ်လိုဖြစ်လာနိုင်သလဲ။

ဦးစိုင်းရဲကျော်စွာမြင့်။ ။ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုရင် ပထမဆုံး အဲဒီရခိုင်ပြည်နယ်မှာရှိတဲ့ နိုင်ငံသားတွေအားလုံး၊ သူတို့ရဲ့ အရေးကြီးတဲ့ နိုင်ငံရေးအခွင့်အရေးဖြစ်တဲ့ မဲပေးခွင့် ဆုံးရှုံးမှာ။ ဒါက ကျိန်းသေတယ်။ ဒါဆိုရင်တော့ အမြဲတမ်းပြောနေကျလည်းဖြစ်တဲ့ ပဋိပက္ခတွေကို နိုင်ငံရေးနည်းအရ ဖြေရှင်းတာမျိုးဟာ ပိုပြီးတော့မှ အားနည်းသွားနိုင်တယ်။ နောက်တစ်ခုက မြို့နယ်တစ်ခုလုံးမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တာမျိုးတွေ ဖြစ်ခဲ့ရင် သေချာတာကတော့ ရခိုင်ပြည်နယ်၊ ပြည်နယ်လွှတ်တော်မှာရှိတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ အရေအတွက်ဟာ နည်းသွားမှာပဲလေ။

Photo – Thet Oo Mon  ရခိုင်ပြည်နယ် ကျေးရွာတစ်ရွာတွင်တွေ့ရသည့် လက်နက်ကြီးကျည်ဆံ

လက်ရှိအနေအထားကို ကြည့်မယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲ ကျင်းပနိုင်သည် ဖြစ်စေ၊ မကျင်းပနိုင်သည်ဖြစ်စေ၊ သူတို့က ကိန်းဂဏန်းတွေပေါ်မှာ အခြေခံပြီးတော့မှ ဥပမာ-မြို့နယ် ၁၀ မြို့နယ်ရှိတယ်ဆိုရင် အဲဒီမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အယောက် ၂၀ ရှိမယ်။ ဒါဆိုရင် တပ်မတော်သားကိုယ်စားလှယ် ဘယ်နှယောက် ပါရမယ်ဆိုတဲ့ အချိုးချထားတာကိုး။ သူတို့က ဒီအချိုးအတိုင်း နေရာယူထားတာကိုး။ သေချာတာက ရွေးကောက်ပွဲတွေသာ မကျင်းပနိုင်ရင် ပြည်နယ်လွှတ်တော်မှာရှိတဲ့ နိုင်ငံရေး အရွေ့အပြောင်းတွေကတော့ ကျိန်းသေ သက်ရောက်မှု ကြီးကြီးမားမားရှိမယ်။ ဘာလို့လဲဆိုတော့ တပ်မတော်သား ကိုယ်စားလှယ်အရေအတွက်က လျော့မှာမဟုတ်ဘူး။ ရွေးကောက်ခံကိုယ်စားလှယ်အရေ အတွက်သာ လျော့သွားမှာ။ ဒါကတော့ အရေးကြီးတဲ့ သက်ရောက်မှု ဖြစ်မယ်လို့ ကျွန်တော်မြင်တယ်။

လက်ရှိရွေးကောက်ပွဲကော်မရှင်ကို ပေးထားတဲ့ လုပ်ပိုင်ခွင့်အရဆိုရင် ရွေးကောက်ပွဲကော်မရှင်က လုံခြုံရေးအရ ရွေးကောက်ပွဲဟာ သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ သူတို့က ကောက်ချက်ဆွဲမယ်ဆိုရင်၊ သုံးသပ်မယ်ဆိုရင် အဲဒီရွေးကောက်ပွဲကို မကျင်းပဘဲ ရွှေ့ဆိုင်းခွင့်ရှိတယ်။ ရပ်ဆိုင်းခွင့်ရှိတယ်။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ လုံခြုံရေးအရ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ဘူးဆိုတာ ဘယ်လိုအခြေအနေမျိုးဆိုတာကို တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုထားတာ မရှိပြန်ဘူး။ ဒီအချက်က နိုင်ငံရေးအရဆိုရင် အရေးကြီးတဲ့ကိစ္စပါ။

ဆိုတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေအနေနဲ့ ကော်မရှင်နဲ့ ဒီလိုဟာမျိုးတွေကို တိတိကျကျ အဓိပ္ပာယ်ဖွင့်ထားကြဖို့လိုတယ်။ ဥပမာ- မြို့နယ်ဘယ်နှမြို့နယ်မှာ၊ ရပ်ကွက်ဘယ်နှခုမှာ၊ ကျေးရွာအုပ်စု ဘယ်နှခုမှာ ဘယ်လိုအခြေအနေမျိုးတွေဖြစ်နေရင် ဥပမာ-အခြေအနေ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး၊ တစ်ဆယ်အထိ ရေးချထားမယ်။ ဒါမျိုး အခြေအနေတွေနဲ့ ကိုက်ညီစွာ ဖြစ်နေကြတယ်ဆိုရင် ရွေးကောက်ပွဲမကျင်းပဘူးဆိုတဲ့ ပိုမိုရှင်းလင်းတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ဖွင့်လှစ်ဖို့ လိုတယ်။

မဟုတ်ရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတော့ နည်းပညာပိုင်းဆိုင်ရာအရ၊ လုပ်ထုံးလုပ်နည်းတွေအရ ရွေးကောက်ပွဲ မကျင်းပနိုင်တာမျိုးမဟုတ်ဘဲ နိုင်ငံရေးအရ တမင်သက်သက် ရွေးကောက်ပွဲကို မကျင်းပပေးတာဆိုတဲ့ မလိုလားအပ်တဲ့ စွပ်စွဲချက်တွေ ထွက်လာနိုင်တယ်။ အဲဒီတော့ ရေရှည်မှာ ရွေးကောက်ပွဲအကြိုကာလ မတည်ငြိမ်မှုတွေကို ဖြစ်စေနိုင်သလို ရွေးကောက်ပွဲအလွန်ကာလမှာလည်း နိုင်ငံရေးအရ နိုင်ငံရေးပါဝင်မှု၊ နိုင်ငံရေးကိုယ်စားပြုမှုတွေမှာ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် ထိခိုက်မှု၊ သက်ရောက်မှုတွေ ရှိလာ နိုင်တယ်လို့ ကျွန်တော်အနေနဲ့ မြင်ပါတယ်။

ဦးထွန်းအောင်ကျော်

ရခိုင်အမျိုးသားပါတီ၊ နိုင်ငံရေးမူဝါဒဦးဆောင်ကော်မတီအဖွဲ့ဝင်

မော်ကွန်း။ ။ စစ်ပွဲအရှိန်မြင့်နေတဲ့ ရခိုင်ပြည်နယ်မှာ လာမယ့်ရွေး ကောက်ပွဲကျင်းပနိုင်ဖို့ ဖြစ်နိုင်သလား။ ဒီအပေါ် ဘယ်လိုမြင်ပါ သလဲ။

ဦးထွန်းအောင်ကျော်။ ။ ရွေးကောက်ပွဲတစ်ခုဆိုတာကတော့ ပြည်သူလူထုအတွက် အင်မတန်အရေးကြီးတဲ့ နိုင်ငံရေးအဆင့် တစ်ခုပေါ့။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ အခြေအနေအရ နိုင်ငံရေးအရ၊ ဒီမိုကရေစီနည်းအရ ကျွန်တော်တို့ ပြည်သူတွေကို ရပိုင်ခွင့်အနေနဲ့ ပြည်သူကနေ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ပြီးတော့မှ သူတို့ရဲ့ အထွေထွေ လိုအပ်ချက်တွေ၊ သူတို့ရဲ့ အထွေထွေခံစားချက်တွေ၊ သူတို့ရဲ့ဆန္ဒတွေကို အဲဒီ ကိုယ်စားလှယ်ကတစ်ဆင့် နိုင်ငံရေးစင်မြင့်လို့ ခေါ်တဲ့ လွှတ်တော်အသီးသီးကနေ နိုင်ငံသိ၊ ကမ္ဘာသိ တင်ပြကြတာပေါ့။

Photo – Thet Oo Mon   ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းတစ်ခု

ပြည်သူလူထုရဲ့အကျိုးကို ဖော်ဆောင်ဖို့အတွက်၊ ပြည်သူလူထု လိုအပ်ချက်တွေကို အများသိဖို့အတွက် တရားဝင်သိဖို့အတွက် ပြည်သူ့ကိုယ်စားလှယ်တွေ လိုအပ်ပါတယ်။ အဲဒီလို လိုအပ်ချက်တွေအရ သက်တမ်းကာလတစ်ခုအပြီးမှာ ဒီမိုကရေစီနည်းအရ လွတ်လပ်စွာ ရပိုင်ခွင့်အပြည့်တွေနဲ့ ရွေးကောက်ပွဲတွေကို ကျင်းပတယ်။ အခြေအနေအရပ်ရပ်မှာ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ဖို့လိုတယ်။ တရားမျှတဖို့လိုတယ်။

အခု ရခိုင်ပြည်နယ်မှာကျတော့ လုံခြုံမှုအခြေအနေတွေဟာ နေ့ စဉ်နဲ့အမျှ စစ်ပွဲတွေဖြစ်နေတယ်။ ပြည်သူလူထုတွေ စစ်ဘေးရှောင်ပြီးတော့ ဒုက္ခဆင်းရဲတွေ ရောက်နေတယ်။ အထူးသဖြင့် ရခိုင်မြောက်ပိုင်း ရှစ်မြို့နယ်မှာဆိုရင် အဖွဲ့အစည်းတွေ ကောက်ထားတဲ့စာရင်းတွေအရ စစ်ဘေးရှောင်လူဦးရေဟာ သိန်းဂဏန်းနီးပါး ဖြစ်နေပြီ။

အဲဒီတော့ ရပ်ရွာတွေ စွန့်ခွာတဲ့ လူတွေရဲ့ မဲစာရင်းတွေဟာ မိမိရပ်ရွာမှာ မရှိတော့ဘူး။ အဲဒီတော့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ တိကျတဲ့ မဲစာရင်းတွေ ဘယ်လိုကောက်မလဲ။ ဒီလို နေရာအနှံ့ ပြန့်ကျဲသွားတဲ့ လူတွေရဲ့၊ ဒေသအသီးသီးကနေ တစ်နေရာမှာ လာစုနေကြရတဲ့လူတွေ။ သူတို့တွေကိုရော စာရင်း ဇယားမှန်မှန်ကန်ကန်နဲ့ ဘယ်လိုများ မဲဆန္ဒပေးနိုင်အောင် လုပ်ကြမလဲ။

အရေးကြီးဆုံးအချက်က ရွေးကောက်ပွဲအချိန်တွေမှာ တိုက်ပွဲအခြေအနေတွေဖြစ်နေရင် ပြည်သူလူထုက ဘယ်လိုမှ လုံလုံခြုံခြုံနဲ့ မဲပေးချင်တဲ့ဆန္ဒတွေရှိမှာ မဟုတ်ဘူး။ အဲဒီတော့ ရခိုင်ပြည်နယ်မှာ အောင်မြင်တဲ့ ရွေးကောက်ပွဲတွေဖြစ်အောင် နှစ်ဖက်လက်နက်ကိုင်တွေ ပြေလည်ဖို့၊ ငြိမ်းချမ်းကြဖို့ အရေးကြီးပါတယ်။ အခု တိုက်ပွဲတွေ မပြီးတဲ့ အဓိက အခက်အခဲက ရက္ခိုင့်တပ်တော်(AA)ဘက်က သူတို့ဟာ ရခိုင်တွေဖြစ်တယ်၊ ဒီပြည်နယ်သားတွေဖြစ်တဲ့အတွက် ဒီမှာနေခွင့်ရှိတယ်လို့ ဆိုတယ်။ တပ်မတော်ဘက်ကလည်း ခင်ဗျားတို့လာမှ ပြဿနာဖြစ်တာ။ ခင်ဗျားတို့ ကိုယ့်လိုင်ဇာ (ကချင်ပြည်နယ်) ကိုယ်ပြန်လို့ နှင်ထုတ်တယ်။ ဆိုတော့ ဒီအခြေအနေနှစ်ခုဟာ ဘယ်လိုမှ အဆင်မပြေဘူး။ ဒါကို ရှေ့မှာဘယ်လိုဆွေးနွေးကြမလဲ။ အဓိက ပြဿနာက အဲဒီဟာပဲ။

ကျွန်တော်တို့ဆန္ဒကတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ။ ညီရင်း အစ်ကိုပမာမြင်ပြီး ငြိမ်းချမ်းရေးတစ်ခုကို တကယ့်စေတနာရှေ့ ထား ဖော်ဆောင်မယ်ဆိုရင်လာမယ့် ရွေးကောက်ပွဲက ဖြစ်လာနိုင်မယ်လို့ ထင်တယ်။ မဟုတ်ရင်တော့ ဘယ်လိုမှ အထူးသဖြင့် ရခိုင်ပြည်နယ်က မြို့နယ်ရှစ်ခုမှာ ရွေးကောက်ပွဲ ဖြစ်လာနိုင်စရာ ရှိတယ်လို့ ကျွန်တော်ကတော့ မမြင်ဘူး။ အဓိက နောက်တစ်ခုကတော့ အခုထိ ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းတာ ကျွန်တော်တို့ မတွေ့ရသေးဘူး။ အင်တာနက်တွေကလည်း မရသေးဘူးဗျ။ ဒီလို အခြေအနေတွေအရ အတော်လေးခက်ခဲမယ်လို့တော့ တွေးထင်ထားပါတယ်။

မော်ကွန်း။ ။ စစ်ရေးအခြေအနေတွေကြောင့် ရခိုင်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ရင် ရခိုင်ပြည်နယ်နိုင်ငံရေး အခင်း အကျင်းကရော ဘယ်လိုဖြစ်လာနိုင်သလဲ။

ဦးထွန်းအောင်ကျော်။ ။ အဓိကကတော့ ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်ပေါ့။ ကျွန်တော်တို့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုအာဏာကို ကိုင်စွဲပြီး ကျင့်သုံးတယ်။ အဲဒီတော့ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ရှစ်မြို့ နယ်လောက် ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့ဘူးဆိုရင် ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးအနာဂတ်ကို မှန်ကန်စွာနဲ့ ပြည့်ဝစွာ ပုံဖော်နိုင်ဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ဘူး။ အားလည်းရှိမှာ မဟုတ်တော့ဘူး။ အဲဒီအခါ ကိုယ်စားပြုမှု ချို့တဲ့နေတဲ့ လွှတ်တော်နဲ့ ရခိုင်ပြည်နယ်အစိုးရဟာ အင်မတန်ကို အားနည်းတဲ့ လွှတ်တော်နဲ့ အစိုးရပဲ ဖြစ်လာပါလိမ့်မယ်။ ပြည်သူလူထုကို ကိုယ်စားပြုနိုင်တဲ့ ဒီမိုကရေစီ အင်အား အရမ်းနည်းသွားမယ်။


#Interview


အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."