ရန်ကုန်-၂၀၂၀ မတ် ၂၅(မော်ကွန်း)
ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ COVID-19 ရောဂါကာကွယ်ရေးနဲ့ပတ်သက်ပြီး အထောက်အပံ့ပေးတာတွေ မရှိသေးတဲ့အတွက် လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) က အတွင်း ရေးမှူး၊ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
ပြည်နယ်အတွင်းက မြို့နယ်အသီးသီးမှာနေတဲ့ ပြည်သူတွေကို အဖျားတိုင်းတာ၊ နှာခေါင်းစီးဝေတာ၊ လက်ကို သန့်ရှင်းအောင်ဆေးတာ စတဲ့ အသိပညာပေးမှုတွေ ရှိပေမယ့် စစ်ဘေးရှောင်စခန်းတွေမှာ ဒီလိုပြုလုပ်ပေးတာတွေ မရှိသေးဘူးလို့ သူက ပြောတယ်။
“ စစ်ဘေးရှောင်စခန်းက အဝင်အထွက် နေနေရတဲ့ လူတွေနဲ့ ပတ်သက်ပြီးတော့ သီးသီးသန့်သန့် အသေးစိတ် စီမံရမယ့် ကိစ္စတွေ သူတို့(အစိုးရ)မှာ လိုနေတာပေါ့၊ နောက် အသိပညာပေးဖို့နဲ့ ဒီလူတွေအတွက်ကို လိုအပ်တဲ့ ပစ္စည်းတွေကို ပြည့်ပြည့်၀၀ အချိန်မီပေးဖို့ လိုပါတယ်” လို့ ဦးဇော်ဇော်ထွန်းက ပြောတယ်။
လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ စစ်ရှောင်စခန်းတွေမှာလည်း ကျန်းမာရေးဆိုင်ရာအသိပညာပေးမှုနဲ့ ဆောင်ရန်၊ရှောင်ရန်အကြောင်းတွေကို ရှင်းလင်းပြောကြားပေးဖို့ လိုအပ်နေတယ်လို့ ဦးဇော်ဇော်ထွန်းက ပြောတယ်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြည်သူ့ဆေးရုံက ဆေးရုံအုပ် ဒေါက်တာ အောင်ကျော်မိုးကတော့ စစ်ဘေးရှောင်စခန်း တွေကိုလည်း ကျန်းမာရေးဝန်ထမ်းတွေ လွှတ်ပြီး COVID-19 ကာကွယ်ရေး အသိပညာပေးတာတွေ လုပ်ပေးနေ တယ်လို့ ဆိုပါတယ်။
“ ကျွန်တော်တို့ ဒီဘက်အပိုင်းကိုပဲ နည်းနည်းအားစိုက်နေတာများတော့ စစ်ဘေးရှောင်စခန်းတွေတော့ နည်းနည်း လူအင်အားအရပေါ့၊ နည်းနေတာတော့ မှန်ပါတယ်” လို့ သူက ပြောတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် တို့ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာ စစ်ဘေးရှောင်စခန်းပေါင်း ၁၁၇ ခု အထိ ရှိနေပြီး လူပေါင်း ၁၅၇,၀၀၀ ကျော် ခိုလှုံနေတယ်လို့ REC က ဖော်ပြပါတယ်။
မတ် ၂၅ ရက် အထိ COVID-19 ရောဂါပိုး စောင့်ကြည့်/သံသယလူနာ ၂၃၇ ဦးအထိ မြန်မာနိုင်ငံမှာ ရှိနေပြီ သုံးဦးကို ပိုးကူးစက်ခံထားရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပုံစာ- စစ်တွေတွင် COVID-19 နဲ့ ပတ်သက်ပြီး REC မှ အသိပညာပေး ရှင်းပြနေစဉ်။