ယင်းမာပင် – ၂၀၂၂ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာကို အာဏာသိမ်းစစ်တပ်က ရဟတ်ယာဥ်တွေနဲ့ လာရောက်ပစ်ခတ်မီးရှိူ့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နေ့လယ် ၁၂:၀၀ နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်က သပြေအေးကျေးရွာကို ရဟတ်ယာဥ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွာသူရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး အာဏာသိမ်းစစ်တပ်က ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးမှုတွေပါ ပြုလုပ်နေတယ်လို့ ဒေသခံက ပြောပါတယ်။
“ရဟတ်ယာဥ်တွေ နေ့လယ် ၁၂ နာရီဝန်းကျင်မှာရောက်လာတယ်။ ရွာနားမှာလည်း စစ်သားတွေချသွားတယ်။ ပစ်ခတ်သံတွေလည်းကြားရတယ်။ မီးရှို့ဖျက်ဆီးတာတွေလည်း လုပ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရှိနိုင်တယ်ဆိုတဲ့အမြင်နဲ့ လာရောက်ဖျက်ဆီးတာတွေပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ဒီကနေ့ မနက်ပိုင်းကလည်း ယင်းမာပင်မြို့နယ်၊ဘန့်ဘွေးကျေးရွာနဲ့ ကျောက်ပြုတ်ကျေးရွာတွေမှာ ရဟတ်ယာဥ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်သွားသေးတယ်လို့ ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာက မူကြိုဆရာမ ရှစ်ဦး နဲ့ ကလေးငယ် ၁၀၀ခန့်ကို အာဏာသိမ်းစစ်တပ်က ဓါးစာခံအဖြစ် ဖမ်းဆီးထားပြီး ဒီကနေ့အထိ ပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

