ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက အာဏာသိမ်းစစ်တပ်ရဲ့ စခန်းတွေကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တာတွေအပါအဝင် တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဖေဖော်ဝါရီ ၁၉ ၊ ညနေပိုင်းက ပုသိမ်-မုံရွာလမ််းဘေး ရဲတပ်ရင်း ၂၈ ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြပြီး အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ကာ ယင်းမာပင်အရှေ့ခြမ်းရှိ အုံတုံပင်၊ ကျေးစာကျ၊ ပေကုန်း၊ ထန်းတောကြီးကျေးရွာတွေက ဒေသတွေဟာ ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။
ညနေ ၅း၀၀ ဝန်းကျင်မှာတော့ ဆားလင်းကြီးမြောက်ခြမ်း မြောက်ယမား၊ ချင်းတွင်းမြစ်ကမ်းဘေး ကျောက်မျက်ရွာနဲ့ ကျောက်မျက်တောင်ပေါ်မှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ထပ်မံဝင်ရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ယင်းမာပင်)ကတော့ ကျောက်မျက်တောင်ပေါ်က အာဏာသိမ်းစစ်တပ်ကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲကြောင့် ဆားလင်းကြီးမြောက်ခြမ်းက ကံကုန်း၊ ထနောင်းကုန်း၊ ကျောက်မျက်နဲ့ ဒုန်းတောကျေးရွာက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
ည ၁၂း၀၀ အချိန်ထိ ရဲတပ်ရင်းနဲ့ အာဏာသိမ်းစစ်တပ်စခန်းတွေဆီကနေ ကျေးရွာတွေဆီကို ၆၀ မမ လက်နက်ကြီးတွေနဲ့ ရမ်းပြီး ပစ်ခတ်နေခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လတ်တလော ယင်းမာပင်နဲ့ဆားလင်းကြီးမှာ ဒီကနေ့တိုက်ပွဲတွေကြောင့် ရွာ ၁၀ ရွာဝန်းကျင်နဲ့ လူဦးရေ အနည်းဆုံး ၁၀,၀၀၀ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်တွေကိုကူညီနေသူတွေဆီကသိရပါတယ်။
ပုံစာ – ယနေ့ထွက်ပြေးနေရသည့် ယင်းမာပင်၊ ဆားလင်းကြီးမှ ပြည်သူများ
ဓာတ်ပုံ – CJ
#Dailynews

