ယင်းမာပင် – ၂၀၂၃ ဇူလိုင် ၂၁ (မော်ကွန်း)
ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာကို မနေ့ညပိုင်းက အာဏာသိမ်းစစ်တပ်ဟာ တိတ်တဆိတ်ဝင်ရောက်လာပြီး ရွာထဲက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့နဲ့ ပြည်သူတွေကို ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ပါတယ်။
ဒေသခံတွေဆီက စုံစမ်းချက်အရ ညနက်ချိန်မှာ အာဏာသိမ်းစစ်တပ်ဟာ အရပ်ဝတ်တွေနဲ့ ပုံဖျက်ဝင်လာပြီး ရွာထဲက နေရာ သုံးနေရာလောက်ကို ည ၁း၀၀ နာရီဝန်းကျင်မှာ ဝင်စီးထားပြီးဖြစ်တယ်လို့သိရပါတယ်။
“တချို့ ရွာသားတွေကလည်း ဝင်စီးတာကို မသိကြဘူး၊ ဓါးပြတိုက်တယ်လို့လည်း ထင်နေကြတာ”လို့ ဒေသခံက မော်ကွန်းကိုပြောပြပါတယ်။
စသိတဲ့ ရွာသားတွေကတော့ တစ်အိမ်နဲ့တစ်အိမ်အသိပေးကြပြီး ရွာကနေ ထွက်ပြေးကြရာ နံနက် ၃း၀၀ နာရီလောက်မှာ ရွာထဲအကုန်နီးပါးပြေးကုန်ကြတယ်လို့ ဒေသခံကပြောပါတယ်။
နံနက် ၄း၀၀ နာရီလောက်မှာ စစ်တပ်ဟာ ဖမ်းဆီးထားသူတွေထဲက သုံးဦးကို သေနတ်တွေနဲ့ပစ်သတ်ခဲ့ကြပါတယ်။
အဲဒီအသတ်ခံရသူတွေဟာ အသက် ၁၅နှစ် တစ်ဦး၊ ၁၆ နှစ်တစ်ဦးနဲ့ အသက် ၄၀ အရွယ်အမျိုးသားတွေဖြစ်ပါတယ်။
ဒီနေ့ နံနက် ၆း၀၀ နာရီလောက်မှာ ဖမ်းဆီးထားသူတွေ အများအပြားရှိလာပြီး နေ့လယ် ၁း၀၀ နာရီလောက်မှာ စစ်တပ်ဟာ ရွာကပြန်လည်ထွက်ခွာသွားတဲ့နောက်မှာ ခန္ဓာကိုယ်တွေကို ဓါးတွေနဲ့လှီးဖြတ်ထားတဲ့ နောက်ထပ် အလောင်း ၁၁ လောင်းကို ရွာသားတွေက တွေ့ရှိရတာဖြစ်ပါတယ်။
ဒါကြောင့် စုစုပေါင်းသတ်ဖြတ်ခံရသူ ၁၄ ဦးရှိပြီး ငါးဦးဟာ ပကဖအဖွဲ့ဝင်တွေဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မော်ကွန်းကတွေ့ရှိရတဲ့ သေဆုံးသူဓါတ်ပုံတွေမှာ ဦးခေါင်းတွေကို သေနတ်နဲ့ပစ်သတ်ထားတဲ့ဓါတ်ပုံတွေလည်းပါဝင်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိတိကျကျ လာရောက်ကာဖမ်းဆီးသတ်ဖြတ်သွားတာလို့ ဒေသခံတွေက သုံးသပ်ပါတယ်။
ပြန်ထွက်သွားတဲ့ စစ်တပ်အဖွဲ့ဟာ ယင်းမာပင်မြို့နယ်၊ အောင်ဇေယျကုန်းဆီကို ရောက်ရှိသွားပြီး ဒေသခံတွေ အလောင်းလာကောက်နိုင်မယ့်အချိန်ကို ခန့်မှန်းကာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံကပြောပါတယ်။
အသတ်ခံလိုက်ရသူတွေရဲ့ နာရေးကိုတော့ ဒီကနေ့ မွန်းလွဲ ၂း၃၀ လောက်မှာပြုလုပ်ခဲ့ပါတယ်။
ရုပ်သံမှတ်တမ်း – Mawkun Magazine
YouTube – https://youtu.be/sWqrbapPwhQ
#Dailynews

