ယင်းမာပင် – ၂၀၂၄ မတ် ၂၆ (မော်ကွန်း)
မနေ့ည ၁၀း၀၀ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးက ရွာတချို့ကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံတွေ ညတွင်းချင်းပဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ မြေပြင်မှာရှိတဲ့ မော်ကွန်းရဲ့သတင်းထောက်က သတင်းပေးပို့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးစာကျရွာနဲ့ ဆားလင်းကြီးက ဂုဏ်တောရွာတွေကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းခွဲထိုးကာ အဲဒီစစ်ကြောင်းဟာ အခုလ ၂၂ ရက်ကတည်းက စတင််ပြီးစစ်ကြောင်းထိုးတဲ့အဖွဲ့ဖြစ်တယ်လို့ ယင်းမာပင်မြို့နယ်၊ ရပ်ကျေး ပ.အ.ဖ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
မနေ့က ကံကုန်း၊ ဂုဏ်တော၊ ဒုန်းတောနဲ့ ကျေးစာကျရွာတွေကို စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။
“ဒုန်းတောကျေးရွာနဲ့ ဂုဏ်တောကျေးရွာတွေကို ညနေပိုင်းမှာဝင်တယ်။ ည ၁၀းဝ၀ ဝန်းကျင်ရောက်တော့ ပုသိမ်-မုံရွာလမ်းပေါ်မှာရှိတဲ့ ခွေးတွေက ကျေးစာကျရွာနဲ့ ပေကုန်းရွာအစပ်ကို ပြန်လည်စစ်ကြောင်းထိုးတာပေါ့ဗျာ။ ဒါကြောင့် ပြည်သူတွေက ကြောက်လန့်တကြားပြေးရတာပေါ့” လို့ ရပ်ကျေး ပ.အ.ဖ အဖွဲ့ဝင်ကပြောပါတယ်။
အခုထိုးတဲ့စစ်ကြောင်းဟာ သေနတ်လည်း မဖောက်သလို မီးလည်းမရှို့တာကြောင့် ထူးဆန်းနေတယ်လို့ သူကပြောပါတယ်။
စစ်ကြောင်းထိုးလို့ လတ်တလောမှာ ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာ ၊ဒုန်းတောကျေးရွာ၊ဂုဏ်တော၊ရွာသာရွာနဲ့ ယင်းမာပင်မြို့နယ် ဘိန်းနွယ်ချောင်ရွာ၊ ကျေးစာကျရွာ၊ ပေကုန်း၊ထန်းတောကြီး စတဲ့ ကျေးရွာ ရှစ်ရွာ ရှောင်တိမ်းနေရပါတယ်။
လတ်တလော စစ်ဘေးရှောင် ၁၀,၀၀၀ ကနေ ၁၃,၀၀၀အကြားရှိနိုင်ပြီး စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာတွေ လိုအပ်နေသလို ရာသီအကူးပြောင်းကြောင့် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်တွေအတွက် ဆေးဝါးတွေလည်း အကူအညီလိုအပ်နေတယ်လို့ ယင်းမာပင်နယ်၊ စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် ကိုကာတွန်းကပြောပါတယ်။
ပုံစာ – မနေ့ညက ထွက်ပြေးနေရတဲ့ ယင်းမာပင်၊ ဆားလင်းကြီးဒေသခံများ
ဓါတ်ပုံ – Mawkun Magazine