ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၁၁ (မော်ကွန်း)
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးကာ နေအိမ်တွေကို ဖျက်ဆီးမီးရှို့နေလို့ ဒေသခံတွေထွက်ပြေးနေရပါတယ်။
ဒီကနေ့ နံနက်ပိုင်းမှာ မုံရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်ကားနှစ်စီးနဲ့ ချင်းတွင်းတံတားကိုဖြတ်ပြီး ကွေ့ချောင်းရွာရဲ့ စာသင်ကျောင်းကို ဝင်ရောက်တပ်စွဲခဲ့ပါတယ်။
အဲဒီရွာမှာပဲ ဆော့ကစားနေတဲ့ ၁၀ နှစ်အရွယ်ကလေးငယ်အပါအဝင် ဒေသခံ ၁၄ ယောက်ကိုဖမ်းဆီးခဲ့ကာ နဘူးတောရွာကို အကြမ်းဖက်စစ်တပ်ဟာ ဆက်လက်စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
နဘူးတောရွာမှာ ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နောက်ထပ်စစ်ကြောင်း၊ ပျူစောထီးတွေနဲ့ ပူးပေါင်းကာ ရွာထဲက ပြည်သူတွေပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်းဥစ္စာတွေကို ခိုးယူကာ ဘုံးဘီးဆိုင်ကယ်တွေနဲ့ပါ သယ်ယူသွားကြတယ်လို့ ဒေသခံကပြောပါတယ်။
“ကျွန်တော့်အထင်တော့ သူတို့ချင်း စစ်ကြောင်းအချိန်းအချက်လုပ်ရင်း ရိက္ခာပါလိုချင်လို့ လုပ်တာလို့ထင်တယ်”လို့ ဒေသခံက မော်ကွန်းကိုပြောပါတယ်။
လတ်တလောမှာ ကွေ့ချောင်းကနေဖမ်းလာတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားခြောက်ဦးကိုတော့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားတုန်းပါ။
နဘူးတောကို မုံရွာကနေ နေ့လယ်ပိုင်းမှာ ထပ်တက်လာတဲ့ စစ်ကားနှစ်စီးနဲ့အတူ အကြမ်းဖက်စစ်သားတွေဟာ
ဘန့်ဘွေးရွာဆီကို ထွက်ခွာသွားကြပြီလို့ ဒေသခံကပြောပါတယ်။
ယင်းမာပင်နဲ့ဆားလင်းကြီးနယ်အစပ်က ကျောက်မျက်ရွာမှာလည်း အကြမ်းဖက်စစ်တပ်ဟာ မနေ့ညကတည်းက စစ်ကြောင်းထိုးတပ်စွဲထားပြီး ချင်းတွင်းမြစ်ကမ်းတစ်လျှောက်က ကိုင်းတောတွေကို မီးလိုက်ရှို့နေတယ်လို့ ဒေသခံကပြောပါတယ်။
ယင်းမာပင်နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးကာ မီးရှို့၊ ဖမ်းဆီးသတ်ဖြတ်တာတွေပြုလုပ်နေလို့ ကျေးရွာ ၁၃ ရွာဝန်းကျင်နဲ့ ဒေသခံ အနည်းဆုံး ၁၂,၀၀၀ လောက်ဟာ စစ်ရှောင်နေရတယ်လို့ ဒေသတွင်း စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။
ပုံစာ – ဒီကနေ့ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူများ။
ဓါတ်ပုံ – မော်ကွန်း
#Dailynews

