ယင်းမာပင်-၂၀၂၄ မေ ၁၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တစ်ဖက်ကမ်း၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းတံတားအနီးက ရွှေတောင်ဦးကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဒီနေ့မနက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲခြောက်ဦးသေသွားတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ ရဲခြောက်ယောက်သေတယ်။ သေနတ်ငါးလက်ရတယ်။ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်တယ်လို့ ကျွန်တော်တို့ ကနဦးသတင်းရထားပါတယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေတင်ဆက်နေတဲ့ People Media မှာလည်း ရွှေတောင်ဦးက ရဲခြောက်ဦးဟာ အောင်ဇေယျမြို့သစ်ကို ကားနဲ့ ဈေးဝယ်သွားတဲ့အချိန် ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်ခဲ့တာလို့ ဆိုထားပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် အောင်ဇေယျရဲကင်းစခန်းမှူး ဒုရဲအုပ်ရဲဌေးဦးအပါအဝင်ခြောက်ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေပါသွားတယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီလက်အောက်ခံရဲတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက ရွှေတောင်ဦးကုန်းနဲ့ အနီးနားပတ်ဝန်းကျင်ကို လာရောက်စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ ယင်းမာပင်ဒေသခံတွေကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
မနှစ်က အောက်တိုဘာ ၃ ရက်တုန်းကလည်း အဲဒီရွှေတောင်ဦးကုန်းမှာ တာဝန်ကျနေတဲ့ ရဲနှစ်ယောက် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့ပါသေးတယ်။
ပုံစာ-ယင်းမာပင်မြို့အဝင်ဆိုင်းဘုတ်။
ဓာတ်ပုံ-People media

