ရန်ကုန်-၂၀၂၃ ဩဂုတ် ၂၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက အခုလအစောပိုင်းကတည်းက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ၂၂ ရက်အတွင်း ဒေသခံ သုံးဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်လို့ ယင်းမာပင်ဒေသခံတွေက ပြောပါတယ်။
“သူတို့ရမ်းပစ်တာကြောင့် ပြည်သူသုံးယောက်သေတယ်။ လေးယောက်ထပ်မနည်း ဒဏ်ရာရခဲ့တယ်။ စစ်ကြောင်းထိုးခံရလို့ ထွက်ပြေးရင်း ရွာထဲကျန်ခဲ့တဲ့ တိရိစ္ဆာန်တွေကို အစာဝင်ကျွေးတဲ့သူတွေကို ပစ်တာ။ သေဆုံးသူတွေက အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦး” လို့ ယင်းမာပင်ဒေသခံတစ်ဦးကပြောပါတယ်။
သေဆုံးတဲ့သူတွေဟာ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းကရွာတွေဖြစ်တဲ့ အင်းဘက်၊ စုန်းချောင်း၊ သံပို စတဲ့ရွာတွေက ဒေသခံတွေဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခံရတာကြောင့် သေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်မြို့နယ်ထဲက ရွာတွေကို အခုလ ၆ ရက်ကနေ ဒီနေ့အထိ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒေသခံအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတချို့လည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ခုခံတော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို အင်အားအများအပြားနဲ့ မကြာခဏစစ်ကြောင်းထိုးတာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလည်း လုပ်ဆောင်နေတယ်လို့ စစ်ကိုင်းတိုင်းထဲက ဒေသခံတွေက ပြောကြပါတယ်။
ဒီနေ့မှာလည်း စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက ကျေးရွာတွေကို လက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၁၅ ရွာဝန်းကျင်က ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သားသေဆုံးမှု နှစ်ထောင်ကျော်ရှိခဲ့ပြီး စစ်ကိုင်းတိုင်းက သေဆုံးမှုအများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ ယင်းမာပင်ဒေသခံများ
Photo – Supplied
#Dailynews

