ယင်းမာပင်-၂၀၂၃ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ကြားက ကျောက်မျက်တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို မနေ့ညနေပိုင်းက ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“တိုက်ပွဲကြာချိန်တစ်နာရီလောက်မှာ အဲ့စခန်းကို ကျွန်တော်တို့သိမ်းဆည်းနိုင်ခဲ့တယ်။ စခန်းသိမ်းပြီးချိန်မှာ စခတွေက တောင်အောက်ကနေ ကားနှစ်စီးနဲ့ စစ်ကြောင်းနှစ်ကြောင်း၊ အောက်ကနေလည်း ၁၂၀ မမ တွေနဲ့ပါပစ်လို့ ကျွန်တော်တို့ စခန်းအကုန်မရှင်းနိုင်ခဲ့ဘဲ နောက်ပြန်ဆုတ်ခဲ့ရတာပေါ့။ စခဘက်ကဆို ၁၀ ကောင်နဲ့အထက်သေမယ်လို့ ကျွန်တော်တို့ခန့်မှန်းထားတယ်” လို့ သူကတိုက်ပွဲအခြေအနေကိုပြောပါတယ်။
အဲဒီတိုက်ပွဲမှာ M-14 နင်းမိုင်း အလုံး ၄၀၊ MG-1 ပလပ်စတစ်လက်ပစ်ဗုံး အလုံး ၃၀၊ MM-5 ရှေ့ထွက်မိုင်း အလုံး ၅၀ နဲ့ Anti Drone Gun တစ်လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲမှာ အထိအခိုက်အကျအဆုံး အခြေအနေနဲ့ပတ်သက်ပြီး “ကျဆုံးရဲဘော်တစ်ယောက်ရှိတယ်။ ထိခိုက်ရဲဘော်က အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ ပါးဟိုဘက်ဒီဘက်ပေါက်ထွက်သွားတာ” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျောက်မျက်တောင်အနီးဝန်းကျင်က ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Photo – KLG တပ်မဟာ
#Dailynews

