ထက်မြတ်အောင်၊ ဇန်နဝါရီ-၂
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို ဒီနှစ်အတွင်းမှာ ပြဌာန်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မိုးမိုးသွယ်က ပြောပါတယ်။
ရန်ကုန်မြို့၊ ကုန်သည်များနှင့်စက်မှု၊လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှာ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ နဲ့မူပိုင်ခွင့်ဌာနတို့ ဒီနေ့ပူးပေါင်းကျင်းပတဲ့ ကုန်ထုတ်လုပ်ငန်းအမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအကောင်အထည်ဖော်ရေးဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲမှာ သူက ပြောခဲ့တာပါ။
” ကျွန်မတို့ဆောင်ရွက်နေတဲ့လုပ်ငန်းအဆင့်ဆင့်က ကျွန်မတို့ဌာနတစ်ခုတည်းနဲ့မပြီးဘဲ အခြားဌာနတွေရဲ့ ဆောင်ရွက်မူ ကိုပါ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ၂၀၂၀ မှာတော့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို အမြန်ဆုံးအကောင်အထည် ဖော်နိုင်ဖို့ ကြိုးပမ်းလျှက်ရှိပါတယ်” လို့ သူက ပြောပါတယ်။
ဒီဥပဒေပြဌာန်းနိုင်ရင် ပြည်တွင်းလုပ်ငန်းတွေဟာ ကိုယ့်ကုန်ပစ္စည်းမူပိုင်ခွင့်ကို အခိုင်အမာရရှိမှာဖြစ်သလို စားသုံးသူ အကာအကွယ်ပေးရေးအတွက်လည်း အထောက်အကူပြုနိုင်မှာ ဖြစ်တယ်လို့ သူက ပြောတယ်။
မြန်မာနိုင်ငံမှာ ယှဉ်ပြိုင်မှုဥပဒေကိုပြဌာန်းကာ ကော်မရှင်ဖွဲ့ ထိန်းသိမ်းကြီးကြပ်နေပြီဖြစ်ပေမယ့် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေတွေ ကို ပြဌာန်းနိုင်ခြင်းမရှိသေးပါဘူး။
#dailynews