နတ်တလင်း – ၂၀၂၃ ဧပြီ ၁၇ (မော်ကွန်း)
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမအစပ် လယ်မအင်းအုပ်စု၊ တောင်ညိုလေးရွာက အာဏာသိမ်းစစ်တပ်ခန့် ရာအိမ်မှူး ဌေးလွင်ဆိုသူကို ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်က နတ်တလင်းမြို့နယ် PDF ၊ MRF – Nattalin က ရှင်းလင်းလိုက်တယ်လို့ အဆိုပါ တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ရာအိမ်မှူးဌေးလွင်ဟာ သတင်းမီဒီယာအမည်ခံ လိုင်းကြေးကောက်၊ ရဲသတင်းပေးအဖွဲ့ဖြစ်တဲ့ “မှုခင်းရှုထောင့်”က အဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ MRF-Nattalin က ထုတ်ပြန်ပါတယ်။
“ကျွန်တော်တို့ တပ်စိတ်တစ်စိတ်လွှတ်ပြီး ရှင်းခိုင်းလိုက်တာ၊ ၁၅ ရက်နေ့ ညနေပိုင်းမှာပဲ လေးချက်ပစ်ခဲ့တယ်၊ ခေါင်းကိုနှစ်ချက်၊ ခါးနဲ့ဗိုက်ကို တစ်ချက်စီပေါ့”လို့ MRF-Nattalin တာဝန်ရှိသူက မော်ကွန်းကို ပြောပါတယ်။
ဌေးလွင်ဟာ အကြမ်းဖက်စစ်တပ်နဲ့အတူနေထိုင်သွားလာတာတွေ၊ သတင်းပေးတာ၊ လမ်းပြတာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဖြစ်တဲ့ မိုဆို၊ အနန့်ပါ၊ လက်ယက်ကုန်း၊ နန့်နိမ်၊ ပဇီကြီးအပါအဝင် နိုင်ငံတဝန်းက မတရားမှုတွေအတွက်ပါ သွေးကြေးဆပ်ခိုင်းတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။
နတ်တလင်းမြို့နယ်က ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်၊ ထောက်တိုင်တွေနဲ့ ပတ်သက်ခြင်းမပြုဘဲ ဝေးဝေးနေကြဖို့ MRF-Nattalin က သတိပေးထားပါတယ်။
MRF-Nattalin ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၄ ဖြစ်ပါတယ်။
ဓါတ်ပုံ – MRF-Nattalin
#Dailynews

