ဂေထော
ရန်ကုန်၊ ၂၀၂၀ ဇူလိုင် ၁ (မော်ကွန်း)
မွန်ညီညွတ်ရေးပါတီသည် လာမည့်နိုဝင်ဘာတွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ မြို့နယ်ခုနစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မယ်ဖြစ်ကြောင်း ပါတီ၏တွဲဘက်အထွေအထွေအတွင်းရေးမှူး (၁) နိုင်လယိတမက မော်ကွန်းသို့ပြောသည်။
ပေါင်၊ကျိုက်မရော၊ချောင်းဆုံ၊မုဒုံ၊ သံဖြူဇရပ်၊ရေးမြို့နယ်နှင့် မော်လမြိင်မြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ဘီးလင်းမြို့နယ်ကိုမူ ပါတီရုံးနှင့် ကော်မတီမရှိသည့်အတွက် ဝင်ပြိုင်နိုင်ခြေ နည်းသည်ဟု နိုင်လယိတမကပြောသည်။
“ကျန်တဲ့ ကျိုက်ထိုနဲ့သထုံကတော့ အနည်းဆုံးတစ်နေရာလောက် ဝင်ပြိုင်နိုင်ဖို့ကတော့ ဗဟိုနဲ့မြို့နယ်က ဆက်ပြီး ညှိနှိုင်းဆွေးနွေးနေဆဲအနေထားဖြစ်နေတယ်”ဟု သူကဆိုသည်။
ပါတီအနေနှင့် ကရင်ပြည်နယ်၌ ဘားအံ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တနင်္သာရီတိုင်း၌ ရေဖြူမြို့နယ်နှင့် ကျန်သည့် ခြောက်မြို့နယ်တို့တွင် ဝင်ပြိုင်ရန်ကြိုးစားနေပြီး မည်သည့်လွှတ်တော်နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ကို မသိသေးကြောင်း နိုင်လယိတမကရှင်းပြသည်။
ကိုယ်စားလှယ်လောင်းအဆိုပြုလွှာကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပိတ်သိမ်းခဲ့ကာ လက်ရှိတွင် ကိုယ်စားလောင်းအဆိုပြုလွှာလျှောက်ထားသူများကို မစိစစ်ရသေးသည့်အတွက် အရေအတွက်အတိအကျကို မသိရှိရသေးကြောင်း နိုင်လယိတမကရှင်းပြသည်။
မွန်ညီညွတ်ရေးပါတီကို မွန်အမျိုးသားပါတီ(MNP)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP) နှစ်ခု ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ဇူလိုင်အတွင်းက ခွင့်ပြုပေးခဲ့သည်။
မွန်ပြည်နယ်တွင် လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်သတ်မှတ်ချက်များနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် (၁၀) နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် (၁၂) နေရာ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အတွက် (၂၀) နေရာနှင့် တိုင်းရင်းသားလူမျိုးများမဲဆန္ဒနယ်အတွက် (၃) နေရာသတ်မှတ်ထားကြောင်း ဇွန် ၂၉ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင်ထုတ်ပြန်ထားသည်။
photo ။ မွန်ညီညွတ်ရေးပါတီဗဟို Facebook Page
#Dailynews