မွန်ညီညွတ်ရေးပါတီ ဗဟိုအဆင့်ကိုယ်စားလှယ်လောင်းများကို ဇူလိုင် ၂၀ အပြီးသတ်ရွေးချယ်မည်

မွန်ညီညွတ်ရေးပါတီ ဗဟိုအဆင့်ကိုယ်စားလှယ်လောင်းများကို ဇူလိုင် ၂၀ အပြီးသတ်ရွေးချယ်မည်

ဂေထော
ရန်ကုန်၊ ၂၀၂၀ ဇူလိုင် ၆ (မော်ကွန်း)

မွန်ညီညွတ်ရေးပါတီသည် လာမည့်အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်ခေါင်းများကို ဗဟိုအဆင့်ရွေးချယ်မှု ယခုလ ၂၀ ရက် နောက်ဆုံးထားရွေးချယ်သွားမည်ဖြစ်ကြောင်း ပါတီ၏တွဲဘက်အတွင်းရေးမှူး (၁) က မော်ကွန်းသို့ပြောသည်။

ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို မြို့နယ်ရွေးချယ်ရေးအဖွဲ့က ဇူလိုင် ၁၅ ရက် နောက်ဆုံးထား၍ ပဏာမ‌ရွေးချယ်မည်ဖြစ်ပြီး ၎င်းအမည်စာရင်းများကိုအခြေခံကာ ဗဟို‌ရွေးချယ်ရေးအဖွဲ့က ဇူလိုင် ၃၁ ရက်တွင် အပြီးသတ်ရွေးချယ်သွားမည်ဟု ဇွန်လဆန်းက ကြေညာထားသော်လည်း ဗဟိုအဆင့်ရွေးချယ်မှုကို ဇူလိုင် ၂၀ ရက်သို့ ပြောင်းရွေ့ခဲ့သည်။

“ကျွန်တော်တို့ အရင်ဇူလိုင် ၃၁ နောက်ဆုံးရက်ရွေးချယ်မယ်လို့ ဆုံးဖြတ်ပြီးကာမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကြေညာတဲ့ရက်ရယ်၊ ကိုယ်စားလှယ်လောင်းအမည်ကို တင်သွင်းဖို့ ရက်တွေက သတ်မှတ်လာတဲ့အခါကျတော့ ကျွန်တော်တို့က သိပ်ပြီးကြပ်သွားတယ်။ အပြီးသတ်ရွေးချယ်မယ့်ရက် ပြန်ပြီးသတ်မှတ်ရတဲ့ အနေထားမှာဖြစ်သွားတယ်”ဟု ပါတီ၏တွဲဘက်အတွင်းရေးမှူး (၁) နိုင်လယိတမက မော်ကွန်းသို့ပြောသည်။

နိုဝင်ဘာ ၈ ရက်တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ပါတီစည်းရုံးရေး၊ နယ်မြေစည်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ပြီဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ ရက်က ထုတ်ပြန်လိုက်သည်။

ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ဇူလိုင် ၂၀ မှ စတင်ကာ သြဂုတ် ၇ ရက်အထိ တင်သွင်းနိုင်သည်။ အမည်တင်သွင်းလွှာကို ပြန်လည်ရုတ်သိမ်းပါက သြဂုတ် ၁၀ ရက်မတိုင်ခင် ပြန်ရုတ်သိမ်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

မွန်ညီညွတ်ရေးပါတီကို မွန်အမျိုးသားပါတီ(MNP)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP ) နှစ်ခု ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ဇူလိုင်အတွင်းက ခွင့်ပြုပေးခဲ့သည်။

ပါတီအနေနှင့် လာမည့်ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအပါအဝင် ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
မွန်ညီညွတ်ရေးပါတီ၏အလံ
#photo Mon Unity Party Facebook Page


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."