ဂေထော
ရန်ကုန် – ၂၀၂၀ ဇွန် ၈ (မော်ကွန်း)
၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်မည့် မွန်ပြည်နယ်အခြေစိုက် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်းများကို အဆင့်နှစ်ဆင့်ဖြင့် ရွေးချယ်မည်ဖြစ်သည်ဟု ၎င်းပါတီ၏တွဲဘက်အတွင်းရေးမှူး (၁) နိုင်လယိတမက မော်ကွန်းသို့ပြောသည်။
ပထမအဆင့်အနေဖြင့် ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို မြို့နယ်ရွေးချယ်ရေးအဖွဲ့က ဇူလိုင် ၁၅ ရက် နောက်ဆုံးထား၍ ပဏာမရွေးချယ်မည်ဖြစ်ပြီး ၎င်းအမည်စာရင်းများကိုအခြေခံကာ ဗဟိုရွေးချယ်ရေးအဖွဲ့က ဇူလိုင် ၃၁ ရက်တွင် အပြီးသတ် ရွေးချယ်သွားမည်ဖြစ်ကြောင်း သူကဆိုသည်။
“ မကြာခင်ရက်ပိုင်းလောက်မှာ ကျွန်တော်တို့က ရွေးကောက်ပွဲမဟာဗျူဟာတွေ၊ ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ကိုယ်စားလှယ်လောင်းနဲ့ဆိုင်တဲ့ကိစ္စရပ်တွေကို မြို့နယ်တွေ ကွင်းဆင်းပြီးတော့ အသေးစိတ်အကျယ်တဝင့်ရှင်းပြဖို့ အစီစဉ်ရှိတယ်”ဟု နိုင်လယိတမကပြောသည်။
ယင်းရက်များတွင်ပင် ကိုယ်စားလှယ်လောင်းများအတွက် အဆိုပြုလျှောက်လွှာများကို ပေးပို့မှာဖြစ်ပြီး အဆိုပြုလွှာကို နောက်ဆုံးထားပေးပို့ရမည့်ရက် မသတ်မှတ်ရသေးကြောင်းနှင့် ပါတီမှအဆိုပြုထားသည့် အချက် ၁၉ ချက်ဖြင့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သူကရှင်းပြသည်။
ယင်းအချက်များမှ ပါတီဝင်ဖြစ်သူ၊ သက်ဆိုင်ရာရွေးကောက်ခံသည့် မြို့နယ်တွင် နေထိုင်သူ (သို့မဟုတ်) ယင်းမြို့နယ်မှ မွေးဖွားသူ၊ မြို့နယ်ရွေးချယ်ရေးအဖွဲ့က ပဏာမရွေးချယ်အဆိုပြုထားသူ၊ ပါတီ၏မူဝါဒများကို ယုံကြည်လက်ခံသူနှင့် ဥပဒေပြုမှု၊အဆိုတင်သွင်းမှုနှင့် သက်ဆိုင်သည့်အသိပညာများကိုသိရှိသူ စသည့် အချက်တို့ပါဝင်သည်။
“ပြည်သူတွေရဲ့ ကိုယ်စားပြုတဲ့သူဟာ အဲဒီဒေသကလူဖြစ်ရင်တော့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူကြားမှာ ပိုနီးစပ်မှုရှိတယ်။ ကိုယ်စားပြုမှုလည်း အားကောင်းလာမယ်”ဟု နိုင်လယိတမက ပြောသည်။
ကိုယ်စားလှယ်လောင်းရွေးချယ်စိစစ်ရေးအဖွဲ့ကို ပါတီဥက္ကဌ ဦးဆောင်သည့်အဖွဲ့ဝင် ၁၆ ဦးဖြင့် ဇန်နဝါရီ ၁၂ ရက်နှင့် ၁၃ ရက်က ပြုလုပ်သည့် ဗဟိုအလုပ်မှုဆောင်ကော်မတီအစည်းအဝေးတွင် ဖွဲ့စည်းခဲ့သည်။
မွန်ညီညွတ်ရေးပါတီကို မွန်အမျိုးသားပါတီ(MNP)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP ) နှစ်ခု ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ဇူလိုင်အတွင်းက ခွင့်ပြုပေးခဲ့သည်။ ပါတီအနေနှင့် လာမည့်ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
#Dailynews