“မြောက်ပိုင်းမှာသိမ်းဆည်းရမိတဲ့ တပ်ရင်းလေးငါးရင်းစာလက်နက်တွေသာ စစ်ကိုင်းတိုင်းထဲဝင်ရောက်လာပြီဆိုရင် နွေဦးတော်လှန်ရေးဟာ အောင်မြင်မှုအတွက် ၇၀ ရာခိုင်နှုန်းလောက် သေချာသွားပြီဆိုတဲ့အနေအထားပါ”

ရှမ်းမြောက်ပိုင်းတိုက်ပွဲတွေနဲ့အတူ စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့သိမ်းတိုက်ပွဲတွေရဲ့သက်ရောက်မှုနဲ့ နွေဦးတော်လှန်ရေးအလားအလာတွေကို စစ်ရေးနဲ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကို မော်ကွန်းကဆက်သွယ်မေးမြန်းခဲ့တာတွေထဲက ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

မော်ကွန်း။ ။ အခုရှမ်းမြောက်ပိုင်းမှာဆိုရင် တိုက်ပွဲတွေဖြစ်နေတာ ဆရာလည်းသိပါတယ်။ စစ်ကိုင်းတိုင်းထဲမှာဆိုရင် ကောလင်းကို သိမ်းလိုက်သလို ခမ်းပတ်ကိုလည်း သိမ်းလိုက်ကြနိုင်တာ တွေ့ရတယ်။ ဒီလိုဖြစ်လာတဲ့ အခင်းအကျင်းတွေက တော်လှန်ရေးအောင်မြင်မှုအထိ အရှိန်တက်သွားနိုင်တဲ့အခင်းအကျင်းတွေလား။ ဒီတော်လှန်ရေးအောင်မြင်လာဖို့ အတိုက်အခံတွေဘက်က ဘာတွေဆက်လက်ပြင်ဆင် လုပ်ကိုင်သွားကြသင့်သလဲ။ ဆရာအမြင်လေးသိပါရစေ။

ဦးသန်းစိုးနိုင်။ ။ အခုကတော့ ‘၁၀၂၇-စစ်ရေး’ စီမံကိန်းက ရှမ်းပြည်မြောက်ပိုင်းကိုသိမ်းဆည်းပြီးပြီ။ ဝမ်းသာစရာ ကောင်းပါတယ်။ အဲဒီကအင်အားစုတွေ စစ်ကိုင်းတိုင်းထဲဝင်ရောက်လာနိုင်တာဟာ တော်တော်ကြီးမားတဲ့အောင်မြင်မှုပါ။ အဓိပ္ပါယ်ကတော့ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ကို သိမ်းပိုက်နိုင်လိုက်တဲ့အနေအထားဟာ စစ်ရေးအရပြောမယ်ဆိုရင် ‘၁၀၂၇-စီမံကိန်း’ ဘောင်ထက် ကျော်ပြီးတော့ မြန်မာပြည်အလယ်ပိုင်းကို ရောက်လာပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

နိုင်ငံရေးအရပြောရရင် ညီနောင်သုံးဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပေါင်းစည်းမိပြီးတော့ စစ်ကိုင်းတိုင်းမြောက်ပိုင်းက ကောလင်းခရိုင်ကို တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့အဆင့်ထိ ရောက်ရှိသွားတာဟာ ကြီးမားတဲ့ခြေလှမ်းပါ။ စစ်ကိုင်းတိုင်းမှာက လူအင်အားက လက်နက်ထက်ပိုများတယ်။ ဒီရှမ်းမြောက်ပိုင်းစစ်ဆင်ရေးတွေနဲ့ အလယ်ပိုင်းကလူတွေ လက်ချင်း ယှက်မိပြီဆိုရင် မြောက်ပိုင်းမှာသိမ်းဆည်းရမိတဲ့ တပ်ရင်းလေးငါးရင်းစာ လက်နက်တွေသာ စစ်ကိုင်းတိုင်းထဲဝင်ရောက်လာ ပြီဆိုရင် နွေဦးတော်လှန်ရေးဟာ အောင်မြင်မှုအတွက် ၇၀ ရာခိုင်နှုန်းလောက် သေချာသွားပြီဆိုတဲ့အနေအထားပါ။

ဘာကြောင့်လဲဆိုတော့ တစ်ဖက်မှာ အဲဒီလို ဆက်စပ်မိလာတယ်ဆိုရင် CNF ရဲ့ ချင်းတောင်တန်း၊ ကရင်နီဒေသက KNDF။ KNDF(ကရင်နီတပ်)က အခုဆိုရင် တပ်တချို့တောင် ရှမ်းမြောက်ပိုင်းစစ်ဆင်ရေးထဲမှာ ထည့်သွင်းပြီး ပါဝင်တိုက်ခိုက်နေတာ ရှိပါတယ်။ အဲဒီတော့ မြောက်ပိုင်းစစ်ဆင်ရေးကလည်း ဒီစစ်ဆင်ရေးရဲ့နောက်ဆုံးခံတပ်ဖြစ်မယ့် ပြင်ဦးလွင်မြို့အနီးကို ရောက်လာနေပြီ။ ပြင်ဦးလွင်သာကျပြီဆိုရင် အထက်ဗမာပြည်တစ်ပြည်လုံး စိုးမိုးနိုင်မယ့် အနေအထားဖြစ်ပါတယ်။

တောင်ပိုင်းမှာရှိနေတဲ့ KNPP(ကရင်နီအမျိုးသားတိုးတက်ရေးပါတီ) နဲ့ KNU(ကရင်အမျိုးသားအစည်းအရုံး) က တောင်ပိုင်း ကနေ မြောက်ဘက်ကို ချီတက်လာနိုင်ပြီဆိုရင် နေပြည်တော်မှာ စခန်းသိမ်းတိုက်ပွဲကို စုပေါင်းဆင်နွှဲကြမယ့် အခြေအနေ ဖြစ်တဲ့အတွက် မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အကောင်းဆုံးဇာတ်ကွက်ကို မကြာခင်ရောက်ရှိတော့မယ်လို့ ယူဆရပါတယ်။

မော်ကွန်း။ ။ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ထုတ်ပြန်ချက်မှာလည်း ပြောပါတယ်။ ကောလင်းကို သိမ်းနိုင်တာ သည် KIA(ကချင်တပ်)ကွပ်ကဲမှုနဲ့အတူ သူတို့တပ်ရင်းတွေက တိုက်ခိုက်သိမ်းလိုက်တာပေါ့။ မေးချင်တာက စစ်ကိုင်းတိုင်းထဲမှာ မြို့တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကောလင်းကိုသိမ်းတယ်၊ ဒါက ဘာအဓိပ္ပါယ်ပါလဲ။ ကောလင်းဟာ စစ်ရေးအရ အရေးပါတဲ့ မြို့လား၊ ဆရာဘယ်လိုမြင်ပါသလဲ။

ဦးသန်းစိုးနိုင်။ ။ ကောလင်းဟာ စစ်ရေးအရ အရေးပါတဲ့မြို့ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း စစ်ကိုင်းတိုင်းမှာရှိတဲ့ ခရိုင်ငါးခုမှာ သူဟာလည်း အတော်လေးကြီးမားတဲ့ မြစ်ကြီးနား- မန္တလေးလမ်းပေါ်က မြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။ ခရိုင်ခွဲ တစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီကောလင်းခရိုင်ကနေ အောက်ဘက်ကို ဆင်းလိုက်ရင် ရွှေဘိုခရိုင်ကို ရောက်သွားမှာပါ။ ရွှေဘိုခရိုင်ဆိုတာဟာလည်း စစ်ကိုင်းတိုင်းထဲမှာ စစ်ရေးလှုပ်ရှားမှုအများဆုံး၊ PDF (နွေဦးတော်လှန်ရေးတပ်) အင်းအား အကောင်းဆုံး နယ်ပယ်တွေရှိတဲ့ ခရိုင်တစ်ခုပါ။ တကယ်လို့ မြောက်ပိုင်းတိုက်ပွဲတွေမှာ သိမ်းဆည်းရမိတဲ့ လက်နက်တွေသာ အဲဒီဘက်ကို တင်သွင်းလိုက်နိုင်မယ်ဆိုရင် ရွှေဘိုလွင်ပြင်ကို သိမ်းပိုက်နိုင်မယ့် အခြေအနေပါ။

ရွှေဘိုလွင်ပြင်ကို သိမ်းနိုင်ပြီဆိုရင် မန္တလေး၊ ပြင်ဦးလွင်အခြေမှာ တိုက်ခိုက်နေကြတဲ့တော်လှန်ရေးတပ်တွေ အချင်းချင်း လက်ဆွဲနှုတ်ဆက်ကြဖို့ပဲ ရှိပါတော့တယ်။ မကြာခင်မှာ ရွှေဘိုခရိုင်ကိုသိမ်းနိုင်ပြီဆိုရင် ဒုတိယအဆင့် မန္တလေးကို ချီတက်ဝိုင်းပတ်ပြီး လှုပ်ရှားကြရမှာဖြစ်ပါတယ်။ အဲဒါပြီးရင်တော့ မြောက်ပိုင်းကနေ နေပြည်တော်ကို ချီတက်နိုင်ပါပြီ။ မြောက်ပိုင်းအင်အားတွေ မန္တလေးကိုဖြတ်ပြီး နေပြည်တော်ကို ချီတက်လာနိုင်ကြပြီဆိုရင် နေပြည်တော်ကို ဝန်းပတ်ထားတဲ့ KNU နဲ့ KNPP တို့ကလည်း နေပြည်တော်ကို ဝန်းရံလိုက်မယ်ဆိုရင် NUG ရဲ့ ‘ စစ်ကြောင်းအားလုံး နေပြည်တော်ကို ချီတက်ကြ’ဆိုတဲ့ ကြွေးကျော်သံကို အကောင်အထည်ဖော်ပေးမယ့် အနေအထား ရောက်ရှိသွားပါပြီ။ အဲဒီအခြေအနေတွေဟာ အခုလပိုင်းအတွင်းမှာ ရောက်ရှိလာနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ အဲဒီလိုသာရောက်ရှိလာမယ်ဆိုရင်တော့ နေပြည်တော်မှာ ၂၀၂၄ ခုနှစ် သင်္ကြန်ကျဖို့အတွက် ပြည်သူ့တော်လှန်ရေး အင်အားစုတွေက အောင်ပွဲခံနိုင်တဲ့ အနေအထားတစ်ရပ် ရောက်ရှိတော့မယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်။

မော်ကွန်း။ ။ လက်ရှိတိုက်ပွဲဖော်ဆောင်နေတာကို မြေပုံမှာကြည့်လိုက်တဲ့အခါ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းမှာ ရထားလမ်း၊ ကားလမ်းဆုံမြို့ ကောလင်းကို တော်လှန်ရေးအင်အားစုတွေက ထိန်းလိုက်ပြီ။ အဲဒီလိုပဲ ဧရာဝတီမြစ် အရှေ့ဘက် ခြမ်းက ဗန်းမော်-မန္တလေးလမ်းပိုင်းတစ်လျှောက်မှာလည်း KIA က ထိန်းချုပ်ထားတဲ့ အနေအထားကို တွေ့ရပါတယ်။ ဒီလိုဆို တော့ ဟိုဘက်မြောက်ဘက်ခြမ်းက ဥပမာ- မြစ်ကြီးနားလို၊ မိုးညှင်း၊ မိုးကောင်းလို မြို့တွေမှာရော မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်ချေရှိပါသလား။

ဦးသန်းစိုးနိုင်။ ။ အခုက မြစ်ကြီးနားဘက်က KIA အဖွဲ့တွေဟာ တောင်ပိုင်းဘက်ကို ဆင်းလာနေတာပေါ့လေ။ ဆင်းလာပြီး ဒေသခံ PDF အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ကောလင်းမြို့ကို သိမ်းလိုက်နိုင်တာပေါ့။ ကောလင်းမြို့ကို သိမ်းလိုက်နိုင်ပြီဆိုလို့ ရှိရင် မြစ်ကြီးနားနဲ့ ကောလင်းမြို့ ကြားထဲမှာ ရှိတဲ့ မိုးညှင်း၊ မိုးကောင်းပေါ့။ မိုးညှင်း၊မိုးကောင်းမှာ ရှိနေတာက အဓိက အားဖြင့် စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်ဖွဲ့တွေပေါ့။ ဒီအင်အားစုတွေက ဒေသတစ်ခုလုံးကို လွှမ်းခြုံတဲ့ တိုက်ခိုက်နိုင်စွမ်း မရှိပါဘူး။ ဒီလို မတိုက်ခိုက်နိုင်လို့လည်း မြစ်ကြီးနားက KIA က ဖြတ်လမ်းကနေ ခုန်ကျော်ပြီးတော့ ကောလင်းမြို့ကို သိမ်းလိုက်နိုင်တာ ဖြစ်ပါတယ်။

အခု မြောက်ပိုင်းညီနောင်တွေရဲ့ စစ်ဆင်ရေးမှာလည်း နောင်ချိုအထိ ခုန်ပျံကျော်လွှားရောက်ရှိသွားတဲ့ ‘၁၀၂၇-စီမံကိန်း’ရဲ့ မျှားဦးဟာ ပြင်ဦးလွင်ကို တည်နေသလိုပဲ အခုကတော့ ကောလင်းမြို့ကို အပိုင်သိမ်းပြီးတော့ စစ်ကိုင်းတိုင်းကို ဒေသတစ်ခုလုံး ဝန်းပတ်နိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက် အဲဒီကောလင်းရဲ့မြောက်ဘက်က မိုးညှင်း၊ မိုးကောင်းဆိုတဲ့ နေရာတွေဟာ အလို အလျောက် ပြည်သူ့တော်လှန်ရေးစစ်ခွင်ထဲမှာ ပိတ်မိကျရောက်သွားပါပြီ။ သူတို့လည်း မြောက်ပိုင်းရှမ်းပြည်က တိုက်ပွဲတွေလို ပဲ တစ်မြို့ချင်းစီ ချေမှုန်းခံရမယ့်အနေအထားကို ရောက်ရှိသွားပါပြီ။ အဲဒီလို အခြေအနေရောက်သွားတာတွေကတော့ မြစ်ကြီး နားရယ်၊ မြစ်ကြီးနားအောက်ဘက်က မိုးညှင်း၊ မိုးကောင်းဒေတွေဖြစ်ပါတယ်။

ဒါကြောင့်မို့ အခုက စစ်ရေးအရပြောလို့ရှိရင် မြစ်ရဲ့အရှေ့ဘက်မှာရှိနေတဲ့နေရာတွေက မြောက်ပိုင်းညီနောင်တွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေသလို အနောက်ဘက်မှာရှိနေတဲ့ မိုးညှင်း၊ မိုးကောင်းပေါ့၊ ပြည်သူ့တော်လှန်ရေးအင်အားစုတွေရဲ့ အတွင်းကိုရောက်သွားတဲ့နေရာတွေကို ဆက်ပြီးတော့ဝန်းရံချေမှုန်းပစ်ဖို့လိုပါတယ်။

မြောက်ပိုင်းညီနောင်အဖွဲ့တွေရဲ့ စီမံကိန်းက နောင်ချိုမှာ အခြေတည်ပြီးတော့ နောင်ချိုရဲ့ အတွင်းပိုင်းမှာရှိနေတဲ့ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင် စတဲ့ အတွင်းပိုင်းမှာရှိနေတဲ့ မြို့တွေကို သိမ်းပိုက်ဖို့ လိုသလို အခု ကောလင်းကို ခုန်ပျံရောက်ရှိသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာလည်း PDF တွေနဲ့ ပူးပေါင်းပြီးတော့ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားလမ်းကြောင်းမှာရှိနေတဲ့ မြို့တွေကိုဝိုင်းဝန်းပြီးတော့ သိမ်းပိုက်ရမယ့်အနေအထားတစ်ခု ရောက်ရှိနေပါပြီ။ အဲဒီတော့ ရှေ့လာမယ့် လတွေအတွင်းမှာ ပိုမိုများပြားတဲ့ မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ ဗမာပြည်မြောက်ပိုင်းရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်ထဲကို မကြာခင်ရောက်ရှိတော့မယ်လို့ မျှော်လင့်ရပါတယ်။

မော်ကွန်း။ ။ မြောက်ပိုင်းညီနောင်တွေရဲ့ ‘၁၀၂၇-စစ်ဆင်ရေး’ မှာဆိုရင် တွေ့မြင်ရတာတွေအရ ‘ဝ’လို၊ မိုင်းလားလို၊ ရှမ်းအဖွဲ့တွေလို အင်အားစုတွေ မပါလာသေးတာ တွေ့ရတယ်။ နောက်တစ်ခုက မြောက်ပိုင်းစစ်မြေပြင်မှာ AA ဟာ ဝင်တိုက် နေပေမယ့် သူတို့ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်မှာတော့ AA ဟာ ငြိမ်သက်နေပါတယ်။ ဆိုတော့ ဒီလိုအခြေအနေတွေကို အများ ပြည်သူအနေနဲ့ ဘယ်လို သဘောပေါက် နားလည်သင့်ပါသလဲ။

ဦးသန်းစိုးနိုင်။ ။ အဓိကကတော့ ‘ဝ’၊ မိုင်းလားဆိုတဲ့ အင်အားစုတွေက တကယ်တော့ သူတို့က စစ်ကောင်စီအစိုးရ အဆက်ဆက်နဲ့ ဘယ်တုန်းကမှ အဆင်ပြေတဲ့အဖွဲ့တွေ မဟုတ်ပါဘူး။ သူတို့တတွေကြီးထွားပြီးတော့ အခုလို ဖွံ့ဖြိုးတိုးတက် တဲ့ အနေအထားကိုရရှိတာဟာ တရုတ်ပြည်နဲ့ဆက်စပ်နေလို့ ဖြစ်ပါတယ်။ အဲဒီတော့ တရုတ်ပြည်က မူဝါဒအတိုင်း ဒီစစ်ပွဲမှာ ဘယ်ဘက်ကမှ သူတို့ကိုမထိပါးလို့ရှိရင် သူတို့မတိုက်ခိုက်ဘူးဆိုတဲ့ ရပ်တည်မှုနဲ့ရပ်တည်ပါတယ်။
ဒါက တရုတ်ပြည်ရဲ့ စီးပွားရေး၊ စစ်ရေး၊ စစ်လက်နက်ပစ္စည်း၊ အဲဒီအကူအညီတွေနဲ့ သူတို့က ရပ်တည်ခဲ့ရတဲ့အတွက် တရုတ် ပြည်ရဲ့မူဝါဒကို သူတို့ကလိုက်နာကျင့်သုံးနေကြတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ သို့သော် တစ်ချိန်တည်းမှာလည်း သူတို့ဒေသထဲကို ထိပါးလာရင်တော့ စစ်ကောင်စီကိုလည်း ပြန်ပြီတော့ တုန့်ပြန်တိုက်ခိုက်မယ်လို့ ရာဇသံထုတ်ထားတာ ရှိပါတယ်။ အဲဒီဒေသ တွေက အခုကတော့ ကြားနေဒေသတွေလို့ နားလည်နိုင်ပါတယ်။

သို့သော် ကြားနေဒေသတွေဆိုသော်ငြားလည်း သူတို့ဟာလည်း FPNCC(ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ) လို့ခေါ်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်များပဲ ဖြစ်ပါတယ်။ အဲဒီခေါင်းဆောင်တွေကတစ်ဆင့် ရထားတဲ့နားလည်မှုနဲ့ လက်နက်တွေ၊ ကျည်ဆန်တွေ အကူရနေတာရှိပါတယ်။ အဲဒါတွေနဲ့ လိုင်ဇာမှာရှိတဲ့ KIA က ဒီမြောက်ပိုင်း ညီနောင်သုံးဖွဲ့ကို ထူထောင်တည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့်မို့ တစ်ဖက်က တရုတ်ပြည်ရဲ့မူဝါဒတွေကို ကျင့်သုံးတဲ့အနေအထား သူတို့ကရယူထားရပါတယ်။ နားလည်မှု ယူထားရပါတယ်။ တခြားတစ်ဖက်ကလည်း ညီနောင်သုံးဖွဲ့ရဲ့ တပ်အင်အားတည်ဆောက်မှု၊ တိုးချဲ့မှုတွေနဲ့ ပတ်သက်လို့လည်း သူတို့ရဲ့ အားပေးကူညီမှုတွေကြောင့်မို့လို့ ဒီအနေအထားအထိ အချိန်တိုအတွင်း တိုးပွားကြီးထွားလာတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ယာယီအားဖြင့် သူတို့ကို ကျွန်တော်တို့ ကြားနေအင်အားစုအဖြစ် သဘောထားဆက်ဆံနေရတာ ဖြစ်ပါတယ်။

နောက်တစ်ခုက ထူးခြားတဲ့ပထဝီနိုင်ငံရေး အနေအထားအရ ရခိုင်ဆိုလိုရှိရင် ၂၀၁၉ ခုနှစ်က အပြင်းအထန်တိုက်ပွဲတွေ ဖြစ်ခဲ့တာ ရှိပါတယ်။ နောက်တစ်ခုက သဘာဝဘေးဒဏ်ကိုလည်း အပြင်းအထန်ခံထားရတဲ့ဒေသ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သဘာဝဘေးဒဏ်ခံခဲ့ရတဲ့အချိန်ကတည်းက AA ခေါင်းဆောင် ကိုထွန်းမြတ်နိုင်ကနေပြီးတော့ သဘာဝဘေးဒဏ်ခံခဲ့ရတာ တွေကို ကိုယ်ထူကိုယ်ထ သူတို့ဘာသာသူတို့လုပ်နေရတဲ့အတွက် သူ့ဒေသရဲ့ထူးခြားချက်ကြောင့် သူကနားလည်မှု ရယူထား တာ ဖြစ်ပါတယ်။

တကယ်လို့ စစ်တပ်ကသာ ရခိုင်ကို တစ်စုံတစ်ရာ စစ်ရေးလှုပ်ရှားမှုပြန်ပြီးလုပ်လာမယ်ဆိုရင် AA ဘက်က ပြန်ပြီးတော့ အခိုင်အမာနှိမ်နင်းနိုင်တဲ့အခြေအနေ ရှိပါတယ်။ အခုကတော့ ညီနောင်သုံးဖွဲ့အနေနဲ့ ညီညွတ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုကို ဖော်ပြတဲ့အနေနဲ့ ရှမ်းမြောက်မှာ AA တပ်ဖွဲ့တွေ တစ်စုံတစ်ရာ ပါဝင်တိုက်ခိုက်နေတာပါ။ သူတို့အဓိက အင်အားကတော့ ရခိုင်ပြည်နယ်မှာပဲ ဆက်ရှိနေပါတယ်။ ဒီလိုဒဏ်အမျိုးမျိုးခံနေရတဲ့ ပြည်နယ်တစ်ခုအနေနဲ့ အခုအချိန်မှာ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဖြစ်မလာအောင် ထိန်းချုပ်နေရတဲ့အနေအထားကို ကျွန်တော်တို့ နားလည်ပေးလို့ ရပါတယ်။

စစ်ကောင်စီအနေနဲ့လည်း ရခိုင်ကို ဒီထက်တစ်ဆင့်တိုးပြီးတော့ စစ်ရေးအခြေအနေမြှင့်တင်နိုင်စရာ အချက်အလက်မရှိပါဘူး။ မရှိလို့ တိုက်ပွဲတွေ မဖြစ်ပွားဘူးဆိုရင်လည်း ရခိုင်ပြည်သူတွေအတွက် တစ်စုံတစ်ရာသက်သာရာ ရစေပါတယ်။ အဲဒါကြောင့် နားလည်မှု ထားပေးရတဲ့ ပြည်နယ်တွေ၊ တိုင်းဒေသတွေ ရှိလာတာ ဖြစ်ပါတယ်။ အခုက မြောက်ပိုင်းမှာလည်း UWSA(‘ဝ’တပ်) နဲ့ SSPP (ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း) တို့၊ မိုင်းလားတို့ ဒီအဖွဲ့တွေကို နားလည်မှုပေးထားရသလို ရခိုင်ကိုလည်းဘဲ ကျွန်တော်တို့ နားလည်မှုပေးထားဖို့ လိုအပ်ပါတယ်။ ကိုယ်က စစ်ရေးအရ အသာစီးရနေတဲ့ အနေအထားဖြစ်တဲ့အတွက် ထပ်ပြီးတော့ စစ်ခွင်တိုးလာတဲ့ အနေအထားမရောက်တာဟာ ကောင်းမွန်တဲ့ စစ်ရေးနည်းပရိယာယ်လို့ ယူဆလို့ရပါတယ်။

မော်ကွန်း။ ။ အာဏာသိမ်းစစ်ကောင်စီတပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းမြောက်တိုက်ပွဲတွေအပေါ် လက်တုန့်ပြန်မယ်လို့ သူ့အဖွဲ့နဲ့အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ အခုဆိုရင် တိုက်ပွဲတွေက နေရာစုံမှာ ဖြစ်လာနေပါတယ်။ ဒီတော့ စစ်ကောင်စီဘက်ကရော အခုအခြေအနေတွေကို ဘယ်လိုတွေ တုန့်ပြန်လာနိုင်ပါသလဲ။

ဦးသန်းစိုးနိုင်။ ။ မင်းအောင်လှိုင်ဘက်က တုန့်ပြန်နိုင်ချေရှိတာကတော့ ပါးစပ်ပဲ ရှိပါတယ်။ လက်တွေ့ကတော့ ဘာမှ မလုပ်နိုင်ပါဘူး။ ပြင်ဦးလွင်ကနေ နောင်ချိုအထိတောင် ဆက်တိုးနိုင်တဲ့ အနေအထား မရှိပါဘူး။ အဲဒီတော့ ဘာမှမကူအညီ မရတဲ့၊ ကူရာမဲ့ကယ်ရာမဲ့ဖြစ်နေတဲ့ ကျောက်မဲတို့၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင် စတဲ့ မြို့တွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ဝိုင်းပတ်ပိတ်ဆို့ပြီး တစ်မြို့ချင်းထိန်းချုပ်သွားပြီး တဖြေးဖြေး တော်လှန်ရေးအင်အားစုတွေလက်အောက်ကို ရောက်ရှိသွားမယ့် အခြေအနေပါ။

ပြီးတော့ အခုက မြောက်ပိုင်းမဟာမိတ်အင်အားစုတွေ တိုက်ပွဲမှာ သိမ်းဆည်းရမိတဲ့ လက်နက်တွေ စစ်ကိုင်းတိုင်းထဲ ဝင်လာနေ ပြီဆိုတဲ့လက္ခဏာကို ပြနေပါပြီ။ အခု ခမ်းပတ်စခန်းဆိုရင် စစ်ကိုင်းတိုင်းမြောက်ဖျားမှာ အခြေခံစခန်းဖြစ်ပါတယ်။ အဲဒီ စခန်းကြီးကို သိမ်းပိုက်လိုက်နိုင်တဲ့အတွက် ကလေး၊ ကလေးဝ၊ တမူး စတဲ့ လမ်းကြောင်းမှာရှိတဲ့ မြို့တွေပါ PDF အင်အားနဲ့ သိမ်းဆည်းနိုင်တဲ့ အနေအထားတစ်ခု မကြာခင်ရောက်ရှိတော့မယ်လို့ မျှော်လင့်ပါတယ်။

အဲဒီလိုတွေသာ ဖြစ်လာခဲ့လို့ရှိရင် အနောက်ဘက်ကပ်လျှက်က CNF (ချင်းတပ်) စီးမိုးထားတဲ့ ချင်းပြည်နယ်ပါ ပေါင်းလိုက်လို့ ရှိရင် ဗမာပြည်မြောက်ပိုင်းရဲ့ ဒေသ ၇၀ ရာခိုင်နှုန်းလောက်ဟာ မကြာခင် စစ်ကောင်စီရဲ့ စိုးမိုးမှုအောက်ကနေ လွတ်မြောက် ပြီးတော့ တိုင်းရင်းသားတပ်ဖွဲ့ပေါင်းစုံရဲ့ စိုးမိုးထိန်းချုပ်မှုအောက်ကို မကြာခင်ရောက်ရှိတော့မယ်လို့ ယူဆရပါတယ်။

မော်ကွန်း။ ။ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီကို အကောင်းဆုံးဖိအား ပေးနေတဲ့ကာလလို့ အခုအခြေအနေကို ဆိုရမှာပေါ့။ ဒီအခြေအနေတွေကို ဆက်ထိန်းထားနိုင်ဖို့ ပြည်သူ့တော်လှန်ရေး အင်အား စုတွေအနေနဲ့ ရှေ့ဆက် ဘယ်လိုဆောင်ရွက်သွားကြသင့်ပါသလဲ။

ဦးသန်းစိုးနိုင်။ ။ အခုကတော့ဗျာ၊ NUG က စစ်ကြောင်းအားလုံး နေပြည်တော်ကိုချီတက်ကြဆိုပြီး လမ်းညွှန်ထားသလိုပဲ တိုင်းရင်းသားအသီးသီးကလည်း သူတို့ရဲ့လက်နက်ကိုင်လှုပ်ရှားမှုတွေကို ဆက်လက်ထိုးဖောက် လှုပ်ရှားနေကြတာပေါ့။ အခု KNPP ရဲ့ ကယားပြည်နယ်က တပ်ဖွဲ့တချို့ ရှမ်းမြောက်ပိုင်းကိုချီတက်ပြီးတော့ တိုက်ခိုက်နေပါတယ်။ ပြီးတော့ မိုးဗြဲ၊ ဖယ်ခုံ နယ်က စစ်အင်အားတချို့ကို ထုတ်နှုတ်ပြီးတော့ မြောက်ပိုင်းကို ပို့ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ တပ်တွေကိုလည်း လမ်းဖြတ် တိုက်ခိုက်မှုအမျိုးမျိုးနဲ့ တားဆီးကာကွယ်ပေးနေတာပါ။

တစ်ချိန်ထဲမှာ KNU အနေနဲ့ တောင်ပိုင်းမှာ စစ်ဆင်ရေးတွေ အပြင်းအထန်လုပ်ပြီး ဖောက်ထွက်ဖို့ ကြိုးစားနေပါတယ်။ ဖောက်ထွက်ဖို့ကြိုးစားနေတဲ့အနေအထားကို စစ်တောင်းမြစ်ဝှမ်းအရှေ့ဘက်ခြမ်းကနေ အနောက်ဘက်ခြမ်းအထိ ကူးလာနေတာကို တွေ့ရပါမယ်။ ပဲခူးရိုးမပေါ်တောင် တက်နေကြပြီလို့ ပြောကြပါတယ်။ အဲဒီတော့ အဲဒီကြားမှာရှိနေတဲ့ တောင်ငူ၊ ရေတာရှည် စတဲ့မြို့ကြီးတွေမှာရှိနေတဲ့ စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်တဲ့ချီတက်မှုတွေ လာမယ့်ရက်ပိုင်း အတွင်းမှာ ကောကရိတ်ကို အခြေပြုလုပ်ရှားနေတဲ့ KNLA (ကရင်တပ်) အင်အားစုတွေ ထွက်ပြီးတော့ လှုပ်ရှားလာပါလိမ့်မယ်။ တကယ်လို့ အဲဒီလမ်းကျောကိုပါ ကျွန်တော်တို့ ဖြတ်တောက်နိုင်ပြီဆိုလို့ရှိရင် နေပြည်တော်ကို အကုန်လုံး ဦးတည်ချီတက် ကြမယ့် အနေအထားတစ်ရပ်ကို လပိုင်းအတွင်း ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင်ပါတယ်။

မော်ကွန်း။ ။ ဖြည့်စွက်ပြောပြချင်တာရှိရင် ပြောပေးပါဦးဆရာ။

ဦးသန်းစိုးနိုင်။ ။ အခုကာလကတော့ ကွက်လပ်တွေကို ဖြည့်တင်းပြီးတော့ အချင်းချင်း လက်ချင်းချိတ်ထားကြရမယ့် ကာလပေါ့။ အဲဒီအခြေအနေကို မှန်မှန်ကန်ကန်ကြီးချီတက်နိုင်မယ်ဆိုလို့ရှိရင် မကြာခင်လပိုင်းအတွင်းမှာ နေပြည်တော်ကို ဦးတည်တဲ့လမ်းကြောင်းတွေဟာ နေပြည်တော်ကို ဝန်းရံထားတဲ့ အနေအထားအထိ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ အဲဒီအချိန် မှာ မြို့ပြပျောက်ကျားတွေကလည်း ဖြိုင်ဖြိုင်ကြီး နေပြည်တော်ကို ဝိုင်းဝန်းပြီး ဖောက်ခွဲ၊ ဖျက်ဆီး ဝန်းရံကြဖို့ လိုအပ်လာပါ တယ်။ အဲဒီလို အခြေအနေနှစ်ရပ် ပေါင်းစည်းမိပြီဆိုရင်တော့ နွေဦးတော်လှန်ရေးရဲ့ ပြည်သူ့အောင်ပွဲဟာ လပိုင်းအတွင်းမှာ အောင်မြင်ပါလိမ့်မယ်။ ၂၀၂၄ ခုနှစ် သင်္ကြန်ကို နေပြည်တော်မှာ ကျင်းပနိုင်အောင် ဝိုင်းဝန်းကြိုးစားကြဖို့ လိုနေပြီလို့ ကျွန်တော် ကတော့ ပြောချင်ပါတယ်။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."