ကျော်ဇေယျ
ရန်ကုန်-၂၀၂၀ ဒီဇင်ဘာ ၂၁ (မော်ကွန်း)
မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းတွေကြောင့် တစ်ရက်ကို အရပ်သား တစ်ဦးနှုန်း သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားနေတယ်လို့ မြေမြုပ်မိုင်းနှင့် ထပ်ဆင့် ပေါက်ကွဲစေသောလက်နက်ပစ္စည်းများစောင့်ကြည့်လေ့လာရေးအဖွဲ့(ICBL) က ဒီနေ့ ကျင်းပတဲ့ မြန်မာနိုင်ငံဆိုင်ရာမြေမြုပ်မိုင်းအစီရင်ခံစာ(၂၀၂၀) သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
၂၀၁၉ မှာ မြေမြုပ်မိုင်းကြောင့် သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရသူ ၃၅၈ ဦး ရှိခဲ့ပြီး အဲဒီအထဲက ၈၉ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ မြေမြုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသောလက်နက်ပစ္စည်းများစောင့်ကြည့်ရေး သုတေသီ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ်က ပြေပါတယ်။
၂၀၁၉ ဇန်နဝါရီကနေ ဒီဇင်ဘာအထိ နိုင်ငံအတွင်း မြေမြုပ်မိုင်းကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုတွေကို မှတ်တမ်းပြုစုကာ ၂၀၂၀ ခုနှစ်အစီရင်ခံစာ အဖြစ် ထုတ်ပြန်တာပါ။
” သေဆုံး ဒဏ်ရာရရှိသူ စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကျော်က အမျိုးသားတွေ ဖြစ်ပါ တယ် ” လို့ သူက ဆိုပါတယ်။
မြေမြုပ်မိုင်းအန္တရာယ်အဖြစ်အများဆုံးဒေသတွေက ကချင်၊ ရှမ်း နဲ့ ရခိုင်ဒေသတွေလို့ ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြတယ်။ သေဆုံး ထိခိုက်ဒဏ်ရာရရှိသူ တွေရဲ့ အနည်းဆုံး ငါးရာခိုင်နှုန်းဟာ မြေမြုပ်မိုင်းရှိတဲ့ ဒေသတွေထဲ ခေါ်ဆောင်ကာ အဓမ္မလုပ်အားစေခိုင်းမှုတွေကြောင့် လို့ သုတေသီက ပြောပါတယ်။
ဒါအပြင် မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ မြေမြုပ်မိုင်းအသုံးမပြုရေးသဘော တူညီချက်ကို လက်မှတ်မထိုးသေးဘဲ အစိုးရစစ်တပ်က မြေမြုပ်မိုင်းသုံးနေသေးတဲ့ တစ်ခုတည်းသော ကမ္ဘာ့နိုင်ငံလို့ အစီရင်ခံစာမှာ ဖော်ပြတယ်။
အာရှဒေသမှာဆိုရင် အာဖဂန်နစ္စတန်နိုင်ငံပြီးရင် မြန်မာဟာ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးရှိနေတဲ့ တိုင်းပြည်လို့ သုတေသီက ဆိုပါတယ်။
အစီရင်ခံစာမှာ ဖော်ပြချက်အရ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရတို့ကြား ငြိမ်းချမ်းရေးစဆွေးနွေးတဲ့ ၂၀၁၁ နောက်ပိုင်းက စပြီး ၂၀၁၉ အထိ မြေမြုပ်မိုင်း ကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရရှိသူ ၁,၉၀၀ ခန့် ရှိနေပါပြီ။ သူတို့အဖွဲ့ မြန်မာနိုင်ငံကို စတင်စောင့်ကြည့်တဲ့ ၁၉၉၉ ခုနှစ်က စတင်ရေတွက်ရင် သေဆုံး ထိခိုက်ဒဏ်ရာရရှိသူ ၅,၀၀၀ ခန့် ရှိနေပြီလို့ သုတေသီ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ်က ပြေပါတယ်။
ဒီစာရင်းက သူတို့ လက်လှမ်းမှီသမျှ အရပ်သားသေဆုံး ထိခိုက်ဒဏ်ရာရရှိတဲ့စာရင်းသာဖြစ်ပြီး မြေပြင်မှာဆိုရင် ဒီထက်ပိုများနိုင်တယ်လို့ သူက ပြောပါတယ်။ ဒါအပြင် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တပ်သားတွေ မိုင်းကြောင့် သေဆုံးထိခိုက်မှုတွေရှိပေမယ့် သူတို့ စာရင်းမရဘူးလို့ သူက ပြောပါတယ်။
ဒါအပြင် စစ်ဘေးရှောင်ပြည်သူတွေကို အစိုးရအနေနဲ့ နေရပ်ပြန်နိုင်ရေး စီစဉ်ပေးနေမှုတွေ လုပ်ဆောင်နေပေမယ့် စံချိန်မီမိုင်းရှင်းလင်းရေးအစီအစဉ်တွေမရှိဘဲနဲ့ မဆောင်ရွက်သင့်ဘူးလို့လည်း သူက သတိပေးပါတယ်။
မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၉၃ မြို့နယ်မှာ မြေမြုပ်မိုင်းအန္တရာယ်ရှိနေပြီး လွန်ခဲ့တဲ့ ၁၃ နှစ်အတွင်း မြေမြုပ်မိုင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာအကူအညီပေးအပ်ငွေ အမေရိကန်ဒေါ်လာ ၅၈.၇ သန်း ရှိခဲ့ပြီလို့ ဒီအစီရင်ခံစာမှာ ဖော်ပြတယ်။
၂၀၁၉ ဇန်နဝါရီလဆန်းပိုင်း တိုက်ပွဲများဖြစ်ပွားနေစဉ်ကာလအတွင်း တွေ့ရှိရသော ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတစ်နေရာ။
ဓါတ်ပုံ – ကောင်းထက်စံ
သတင်းဆောင်းပါးများ
မြေမြုပ်မိုင်း ဘယ်တော့ ရှင်းနိုင်မလဲ
မြေမြှုပ်မိုင်းတွေကြားက ကျိုးပျက်သွားသော ဘဝများ
#Dailynews

