ဂေထော
ရန်ကုန်၊ ၂၀၂၀ ဇူလိုင် ၇ (မော်ကွန်း)
ရခိုင်ပြည်နယ်၊မြေပုံမြို့နယ် ရက်ချောင်းစစ်ဘေးရှောင်စခန်း ရေကြီးနစ်မြုပ်သည့်ဒဏ်ကြောင့် စားနပ်ရိက္ခာနှင့် အဆောက်အအုံများ လိုအပ်လျက်ရှိကြောင်း ယင်းစခန်းမှတာဝန်ခံ မြတန်ဆောင်းဆရာတော်က မော်ကွန်းသို့ မိန့်သည်။
ဇူလိုင် ၃ ရက်မှ ၅ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် တောင်ကျရေများကြောင့် စခန်းရှိ အဆောက်အအုံများ နစ်မြုပ်ခဲ့ရပြီး စားသောက်ကုန်ပစ္စည်းများအပါအဝင် အခြားသောပစ္စည်းများလည်း ရေနှင့်အတူမျောပါသွားသည့်အတွက် စခန်းရှိပြည်သူများ အကူအအညီလိုအပ်သည်ဟု ဆရာတော်ကဆိုသည်။
“ပေးထားတဲ့ စားနပ်ရိက္ခာတွေက ရေနဲ့ပါသွားတယ်။ အပိုအလျှံလည်းသိပ်မှမရှိတာ။ ဆန်က ၁၀ ရက်စာလောက်ပဲရှိတယ်။ ကျန်တဲ့ဟာက မရှိဘူး။ အဆောက်အအုံတွေ ဘာတွေနည်းနည်းပါးပါး ပျက်စီးသွားတာရှိတယ်”ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။
လက်ရှိတွင် ရေများပြန်ကျသွားသည့်အတွက် စခန်းမူလနေရာတွင် ပြန်လည်နေထိုင်ကြကာ ပျက်ဆီးသွားသည့် အဆောက်အအုံများကို ဒေသခံပရဟိတအဖွဲ့တစ်ချို့က ဝိုင်းဝန်းပြင်ဆင်ပေးခဲ့သည်။
၎င်းစခန်းတွင် အိမ်ထောင်စု ၁၀၀ ကျော်၊ လူဦးရေ ၄၅၀ ကျော်ရှိပြီး ဇွန်လဆန်းကလည်း မိုးသည်းထန်မှုကြောင့်ရေနစ်မြုပ်မှုဖြစ်ခဲ့သေးသည်။ ယင်းစခန်းတွင် အသက်ကြီးရွယ်အိုများ၊အမျိုးသမီးများ၊ မွေးကင်းစကလေးများ၊ မီးဖွားစ မိခင်များ၊ နားမကျန်းဖြစ်သူများလည်းရှိနေသည့်အတွက် ကျန်းမာရေးစောင့်ရှောင်မှုနှင့် အိမ်သာလည်း လိုအပ်လျက်ရှိကြောင်း ဆရာတော်က မိန့်ဆိုသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့၏ တိုက်ပွဲများကြောင့် အမ်း-မြေပုံ ကားလမ်းမဘေးတစ်လျှောက်မှကျေးရွာများမှ ထွက်ပြေးလာသူများ ၂၀၀၉ နို၀င်ဘာမှစတင်ကာ စခန်း၌ ခိုလှုံနေကြခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အစိုးရအနေနှင့် အသိမှတ်ပြုထားသည့် စစ်ဘေးရှောင်စခန်းများကို ရိက္ခာများဝေငှထောက်ပံ့မှုရှိသော်လည်း ကိုယ်ထူကိုယ်ထဖြင့်ဆောက်ထားသည့် စခန်းများကိုမူ အစိုးရက သိပ်ပြီး ဦးစားမပေးကြောင်း သူကပြောသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့က လွှတ်တော်ကာလလည်းမဟုတ်တော့ အစိုးရကိုတင်ပြထားတာမရှိပါဘူး။ ဒါပေမယ့် မီဒီယာသတင်းတွေအရ သူတို့သိပါတယ်။ ပြီးတော့ သူတို့ဒေသ အုပ်ချုပ်ရေးအဖွဲ့စည်းကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို ကျွန်တော်က အကြောင်းကြားဖို့ ပြောထားပါတယ်”ဟု ဦးဖေသန်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ထိ စစ်ရှောင်ဦးရေ နှစ်သိန်းဝန်းကျင်ရှိနေပြီး စား၀တ်နေရေးနှင့် ကျန်းမာရေးအခက်အခဲများဖြစ်နေကြကြောင်း သူကရှင်းပြသည်။
မိုးရွာသွန်းမှုကြောင့် တောင်ကျရေများ စခန်းတွင်းဝင်ရောက်၍ အဆောက်အအုံများ ရေနစ်မြုပ်နေပုံ #photo မြတန်ဆောင်းဆရာတော်
#Dailynews