မြေပုံနှင့်ဘူးသီးတောင် စစ်ရှောင်စခန်းများ စားနပ်ရိက္ခာနှင့် COVID-19 ကာကွယ်‌ရေးပစ္စည်းများ လုံလောက်မှုမရှိ

မြေပုံနှင့်ဘူးသီးတောင် စစ်ရှောင်စခန်းများ စားနပ်ရိက္ခာနှင့် COVID-19 ကာကွယ်‌ရေးပစ္စည်းများ လုံလောက်မှုမရှိ

ဂေထော
ရန်ကုန်၊ ၂၀၂၀ ဩဂုတ် ၂၈ (မော်ကွန်း)

ရခိုင်ပြည်နယ်ရှိ မြေပုံနှင့် ဘူးသီးတောင်မြို့နယ်မှ စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာနှင့် COVID-19 ကာကွယ်‌ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း၊ဆပ်ပြာနှင့် လက်သန့်စင်ဆေးရည်များ လုံလောက်မှုမရှိဟု ယင်းစခန်းတာဝန်ခံများက မော်ကွန်းသို့ပြောသည်။

“စားနပ်ရိက္ခာကတော့ ပြတ်လပ်တော့မယ့်အနေထားဖြစ်နေပြီ။ Mask ဆိုမလုံလောက်ဘူး။ လက်သန့်ဆေးတို့ဘာတို့မရှိဘူး။ဆပ်ပြာဆိုလည်း ဒီအတိုင်းပဲ သိပ်ပြီးတော့ လုံလောက်တဲ့အနေအထားမရှိဘူး ”ဟု မြေပုံမြို့နယ်ရှိ ရက်ချောင်းစစ်ရှောင်စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်က မိန့်သည်။

ရခိုင်ပြည်နယ်တွင် ဩဂုတ် ၁၆ ရက်မှစပြီး COVID-19 ရောဂါကူးစက်မှုမြင့်မားနေသည့်အတွက် မြို့နယ်အားလုံးကို Stay at Home အစီစဉ်တွင် အကျုံးဝင်ကြောင်း ဩဂုတ် ၂၆ ရက်က အစိုးရကထုတ်ပြန်ထားသည်။

စစ်ရှောင်ဦးရေ ၃၇၀ ကျော်ရှိသည့် ဘူးသီးတောင်မြို့နယ်၊မြောင်းနားစစ်ရှောင်စခန်းသည်လည်း အဝင်အထွက်အသွားလာကန့်သတ်ထားပြီး “စားနပ်ရိက္ခာကတော့တစ်ပတ်စာလောက်ရှိသေးတယ်။ အခုလောဆယ်တော့ နှာခေါင်းစည်းတို့၊လက်သန့်စင်‌ဆေးတို့ မလာသေးဘူး။ အင်တာနက်လိုင်းမကောင်းဘူးဆိုတော့ Facebook လည်းကြည့်လို့မရဘူး။အဲတော့ အစိုးရထုတ်ပြန်တဲ့သတင်းတွေကို နားထောင်(ရေဒီယို)နေရတယ်”ဟု စခန်း၏ဒုတိယတာဝန်ခံတစ်ဦးက မော်ကွန်းသို့ပြောပြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင်ပြည်နယ်အတွက် ငွေကြေးနှင့် စားနပ်ရိက္ခာ အလုံလောက်ပံ့ပိုးပေးမည်ဟု COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးနှင့် စစ်လျဥ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ယနေ့ပြုလုပ်သည့် Video Conference တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ရိက္ခာကိစ္စပြောရရင်တော့ ကျွန်မ ပြည်ထောင်စုအစိုးရကိုယ်စား ကျွန်မရဲရဲကြီးပြောရဲပါတယ်။ ရိက္ခာမပြတ်စေရပါဘူး။ရခိုင်ပြည်နယ်မှာ ရိက္ခာမပြတ်စေရဘူး။ရတဲ့နည်းနဲ့ ဖြစ်အောင် ပို့ပေးပါမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ “စစ်ဘေးရှောင်စခန်းတွေကို သူတို့ကအလုံလောက်ထုတ်ပေးမှာလား။အခုပြည်သူတွေက ကွာရန်တင်းနေရတယ်။အချို့ပြည်သူတွေက လော့ဒေါင်းချထားတယ်။ရှာဖွေစားသောက်လို့မရဘူး။အပြင်ထွက်အလုပ်လုပ်လို့မရဘူး။လက်လုပ်လက်စားအခြေခံလူတန်းစားတွေကိုလုံလုံလောက်လောက်ထုတ်ပေးမှာလားဆိုတာ သူ့စကားကျွန်တော်ကတော့ တိတိကျကျအဓိပ္ပာယ်ဖော်ဖို့ခက်ခဲပါတယ်”ဟု သူက ပြောသည်။

တပ်မတော်နှင့် AA တို့၏တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဦးရေ နှစ်သိန်းကျော်ရှိနေပြီး စစ်ရှောင်စခန်း ၁၅၈ ခုရှိကြောင်း စစ်ရှောင်များကို ကူညီ‌ဆောင်ရွက်ပေးနေသော Rakhine Ethnics Congress (REC)အဖွဲ့မှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ ဩဂုတ် ၁၆ ရက်မှ ယနေ့ မနက် ၈ နာရီအထိ ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါအတည်ပြုလူနာ ၂၁၈ ဦးအထိရှိပြီး တစ်နိုင်ငံလုံးတွင် အတည်ပြုလူနာ ၆၂၈ ဦးရှိသည်။

ပုံစာ – ရခိုင်ရှိစစ်ရှောင်စခန်းတစ်ခု
Photo – REC


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."