ကော့ကရိတ် – ၂၀၂၃ ဒီဇင်ဘာ ၁ (မော်ကွန်း)
ကော်သူးလေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့မှာ ဒီကနေ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး မြို့တောင်ပိုင်းက ကျေးရွာတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မနေ့ည ၁၂း၀၀ ကျော်လောက်ကစလို့ ဂျက်ဖိုက်တာတွေနဲ့ ရွာတွေကို အကြိမ်ကြိမ်လာရောက်ပစ်ခတ်ခဲ့တာပါ။
“အံဖကြီးမှာ ရွာကိုပစ်တာ၊ လင်မယားနှစ်ယောက်ထိတာ တစ်ယောက်သေပြီ၊ တခြားနေရာတွေလည်းရှိသေးတယ်၊ လူတွေကတော့ အကုန်ပြေးကြပြီ”လို့ ကော့ကရိတ်တောင်ပိုင်းဒေသခံတစ်ဦးက ပြောပါတယ်။
မြို့ကိုတိုက်ခိုက်ရင် ရွာတွေကို လာပစ်တာဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပုံမှန်လုပ်နေကျပါ။
အာဏာသိမ်းစစ်တပ်ဟာ ကော့ကရိတ်တောင်ပိုင်းကို လက်နက်ကြီးတွေနဲ့နေ့စဥ်ပစ်ခတ်ပေမယ့် မနေ့ကတော့ ဆက်တိုက် အတွဲလိုက်ပစ်ခတ်မှုတွေပါလုပ်ခဲ့ပါတယ်။
ဒီကနေ့မှာတော့ နံနက်ကနေ ခုအချိန်ထိ လေကြောင်းကပစ်ခတ်တိုက်ခိုက်နေပြီး လေယာဉ်တွေ ကောင်းကင်မှာ ဝဲပျံနေဆဲဖြစ်ပါတယ်။
ဝေဟင်ကနေအောက်ကို ရော့ကတ်တွေ အတွဲလိုက်ပစ်တဲ့အသံတွေလည်း ကြားရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ ကော့ကရိတ်ကို ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာ ရက်အနည်းငယ်ကြာပါပြီ။
မြို့ပေါ်မှာတော့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာတွေဟာ ရုံးမဖွင့်တော့ဘဲ နေအိမ်တွေငှားပြီး ရုံးခိုးဖွင့်ကာ အလုပ်လုပ်နေကြတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
ကေအဲန်ယူ(ကော့ကရိတ်မြို့နယ်)ကတော့ ဒီနယ်မြေထဲမှာရှိတဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးဝန်ထမ်းတွေကို ထွက်သွားကြဖို့နဲ့ မလိုက်နာရင် ဖြစ်လာမယ့်ကိစ္စတွေကို တာဝန်ယူမှာမဟုတ်ကြောင်း ပြီးခဲ့တဲ့လက နောက်ဆုံးသတိပေးထားပါတယ်။
ပုံစာ – ကော့ကရိတ်တောင်ပိုင်းမှ စစ်ရှောင်လာသည့်ကားတစ်စီး
ဓာတ်ပုံ – Mawkun Magazine