ရန်ကုန် – ၂၀၂၄ ဩဂုတ် ၁ (မော်ကွန်း)
ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ နေပြည်တော် အစရှိတဲ့ မြို့ကြီးတွေမှာ အခုရက်ပိုင်းအတွင်း စက်သုံးဆီတွေပြတ်လပ်နေပြီး နာရီနဲ့ချီကာ တန်းစီဝယ်ယူနေရတယ်လို့ အဲဒီဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ရန်ကုန်မြို့မှာဆိုရင်လည်း ဆီဆိုင်တချို့ဟာ ဆီအကန့်အသတ်နဲ့ပဲ ရောင်းပေးနေသလို၊ တချို့ဆီဆိုင်တွေဟာလည်း ဆိုင်ပိတ်ထားတာကြောင့် ရရှိတဲ့ ဆိုင်တွေမှာ တန်းစီဝယ်ယူနေရတဲ့ ကားတန်းတွေကို မနေ့ကစပြီး မြင်တွေ့လာရပါတယ်။
ရန်ကုန်မြို့က အငှားယာဉ်မောင်းတစ်ဦးကတော့ ဒီနေ့မနက်ပိုင်းမှာ စက်သုံးဆီဖြည့်တင်းဖို့ နှစ်နာရီခန့်ကြာအောင် တန်းစီစောင့်ဆိုင်းခဲ့ရတယ်လို့ ပြောပါတယ်။
“တချို့ဆိုင်တွေက လုံးဝပိတ်ထားတယ်။ တချို့ကျတော့ သုံးသောင်းဖိုးထိပဲ အများဆုံးထည့်ပေးတာလည်းရှိတယ်။ လိုသလောက်ရတဲ့ဆိုင်တွေတော့ရှိတယ်။ လောလောဆယ် Max တို့လို ဆိုင်ကြီးတွေတော့ ရတယ်။ အဲဒီမှာတော့ ကားတန်းက အရှည်ကြီးပဲ” လို့ ၎င်း အငှားယာဉ်မောင်းက ပြောပါတယ်။
တောင်ကြီးမြို့မှာဆိုရင် လမ်းဘေးဆီဆိုင်တွေ၊ ပန့်ဆိုင်တွေ အများအပြားမှာ မနေ့ကစပြီး စက်သုံးဆီဝယ်လို့မရတော့ပဲ ပိတ်ထားလိုက်ပြီး တောင်ကြီးမြို့ပြင်က ဆီဆိုင်ကြီးတချို့မှာပဲ တန်းစီဝယ်ယူနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီလိုပဲ ဆိုင်ကယ်မြို့တော်ဖြစ်တဲ့ မန္တလေးမြို့မှာဆိုရင်လည်း စက်သုံးဆီရောင်းချတဲ့ ဆိုင်တွေမှာ ဆိုင်ကယ်တွေ ရာနဲ့ချီတန်းစီကာ ဝယ်ယူနေရတဲ့ အခြေအနေဖြစ်နေတယ်လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီကတော့ ပြည်ပကနေ စက်သုံးဆီတွေ ပုံမှန်တင်သွင်းကာ ဖြန့်ဖြူးပေးနေတာကြောင့် ပြတ်လပ်မှုမရှိနိုင်ဘူးလို့ နေ့စဉ်ထုတ်ပြန်နေပေမယ့် မြေပြင်မှာတော့ အခုလို စက်သုံးဆီ ပြတ်လပ်မှုတွေ ရှိနေပါတယ်။
ဒါ့ပြင် ပြီးခဲ့လလယ်ပိုင်းစပြီး နိုင်ငံအနှံ့အပြား မိုးအဆက်မပြတ်ရွာသွန်းကာ နေရာတချို့မှာ ရေကြီးရေလျှံနေတာကြောင့် စက်သုံးဆီ ဖြန့်ဖြူးနေတဲ့ သီလဝါဆိပ်ကမ်းက Terminal တွေမှာ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုတွေ အနည်းငယ် နှောင့်နှေးကြန့်ကြာတာ၊ ဆီတင်ယာဉ်တွေဟာ ဒေသအနှံ့အပြားကို ပို့ဆောင်ရာမှာလည်း လမ်းခရီးအခြေအနေတွေကြောင့် ဆီတင်ယာဉ်ရောက်ရှိဖို့ နှောင့်နှေးကြန့်ကြာနေတယ်လို့လည်း ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါသေးတယ်။
အရောင်းဆိုင်တချို့မှာ ဆီတင်ယာဉ်မရောက်မီ ပြတ်လပ်မှုမဖြစ်စေရေးအတွက် စနစ်တကျ စိစစ်ထိန်းသိမ်းရောင်းချစေလျက်ရှိပြီး လိုအပ်ပါကလည်း အရေးပေါ်အစီအစဉ်နဲ့ ဖြည့်တင်းပေးတာ ၊ ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်သိမ်းထားတဲ့ အရောင်းဆိုင်တွေကို ပေးပို့နေတဲ့ စက်သုံးဆီတွေကို လိုအပ်နေတဲ့ အရောင်းဆိုင်တွေဆီကို ရွှေ့ပြောင်းစေခြင်းတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားတာပါ။
စစ်ကောင်စီဘက်က အခုလို ထုတ်ပြန်ထားပေမယ့် စက်သုံးဆီပြတ်လပ်တာဟာ ပြည်တွင်းမှာ မြင့်တက်လာတဲ့ ဒေါ်လာဈေးအခြေအနေကြောင့် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။
စစ်ကောင်စီလက်ထက်မှာ စက်သုံးဆီပြတ်လပ်မှုကြောင့် တန်းစီဝယ်ယူရတာ အခုအကြိမ်နဲ့ဆို သုံးကြိမ်မြောက် ထပ်မံဖြစ်ပွားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ စက်တင်ဘာနဲ့ ၂၀၂၃ ဒီဇင်ဘာတို့မှာလည်း စက်သုံးဆီပြတ်လပ်တဲ့ ဒီလိုအလားတူအခြေအနေတွေ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တာပါ။
ပုံစာ – ရန်ကုန်နဲ့ မန္တလေးမြို့တို့က ဆီဆိုင်တွေမှာ စက်သုံးဆီတန်းစီဝယ်ယူနေတဲ့ မြင်ကွင်း
ဓာတ်ပုံ – DAR, Min Min

