ရန်ကုန် – ၂၀၂၅ ဩဂုတ် ၁၈ (မော်ကွန်း)
ဒီနေ့မနက်ပိုင်းက မြဝတီနဲ့ မဲဆောက်မြို့ ဆက်သွယ်ထားတဲ့ ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားကို မြန်မာဘက်ကပိတ်လိုက်တာကြောင့် နယ်စပ်ကုန်သွယ်ရေးရပ်တန့်ပြီး သယ်ယူပို့ဆောင်ရေးစရိတ်တွေမြင့်တက်သွားတယ်လို့ ကုန်သည်တချို့က ပြောပါတယ်။
ထိုင်းနိုင်ငံနဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ ထိုင်းဘက်က ဝင်လာတဲ့ ကုန်စည်တွေကို ပြီးခဲ့တဲ့လပိုင်းထဲက စစ်ကောင်စီ အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေတာပါ။
နှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ် (၂) မြဝတီအဝင် မဲဆောက်ဘက်မှာ ကုန်တင်ယာဉ် အစီး ၅၀၀ ကျော် ပိတ်မိနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသတွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။
တချို့ ကုန်တင်ယာဉ်တွေဟာ မဲဆောက်ဘက်ကမ်းမှာ တစ်လကျော်နီးပါး ကြာမြင့်နေပြီဖြစ်ပြီး ဂိုဒေါင်စရိတ်၊ ယာဉ်ရပ်နားစရိတ်တွေ ဆက်တိုက်မြင့်တက်လာတဲ့အပြင် ကုန်ပစ္စည်းတွေ ပျက်စီးသွားမှာကိုလည်း တင်သွင်းလာတဲ့ ကုန်သည်တချို့က စိုးရိမ်နေတာပါ။
“တချို့ဟာတွေက ရက်ကျော်သွားရင် ဘာမှလုပ်မရတော့တာတွေရှိတယ်။ တချို့ပစ္စည်းတွေကတော့ ပါကင်တွေကို ဖွင့်စစ်လိုက်ရင် အသစ်ဈေးမရတော့ဘူး ပျက်စီးသွားတာတွေရှိတယ်။ ဘယ်လောက်ထိ ပိတ်ထားမှာလဲမသိသေးတော့ အဓိကတော့ ဒီမှာလည်း ပစ္စည်းတွေပြတ်နေတယ်။ Logistic စရိတ်တွေကလည်း တဖြည်းဖြည်းတက်နေတာပေါ့” လို့ ထိုင်းနိုင်ငံက အိုင်တီပစ္စည်းတွေ တင်သွင်းရောင်းချသူတစ်ဦးက ပြောပါတယ်။
မြဝတီနဲ့ မဲဆောက်ဆက်သွယ်ထားတဲ့ နယ်စပ်ဖြတ်ကျော် တံတားနှစ်စင်းရှိတဲ့အနက် အမှတ် (၁) ချစ်ကြည်ရေးတံတားကိုတော့ ပုံမှန်ဖွင့်လှစ်ထားပြီး ကုန်တင်ယာဉ်တွေ ဖြတ်သန်းရတဲ့ အမှတ် (၂) ချစ်ကြည်ရေးတံတားတစ်စင်းကိုပဲ ပိတ်ထားတာလို့ ၎င်းကုန်သည်တချို့က ပြောပါတယ်။
ဒါ့အပြင် အမှတ် (၁) ချစ်ကြည်ရေးတံတားရဲ့ မြန်မာနိုင်ငံဘက် အဝင်မှာလည်း ကုန်ပစ္စည်းတွေ သယ်ယူတာတွေကို စစ်ဆေးနေတယ်လို့ မြဝတီမြို့က ဒေသခံကုန်သည်တစ်ဦးက ပြောပါတယ်။
“တံတား (၂) ကို ဒီမနက်ပိတ်ထားလိုက်တယ်။ တံတား (၁) ကလည်း အဝင်ကို ဘာပစ္စည်းမှ ပေးမသယ်ဘူး။ အိမ်သုံးပစ္စည်းလေးတွေ ဝယ်လာတာတောင် ပေးမသယ်ဘူး” လို့ ၎င်းကုန်သည်က ပြောပါတယ်။
လက်ရှိမှာ မဲဆောက်မြို့ရဲ့ ကုန်တင်ကုန်ချဝန်း၊ ယာဉ်ရပ်နားဝန်းတွေမှာ ပိတ်မိနေတဲ့ ကုန်ကားဟာ အများစု ယခင်က ပုံမှန်တင်သွင်းနေကြ ကုန်စည်တွေပဲဖြစ်တယ်လို့ ထိုင်းကုန်ပစ္စည်းတင်သွင်းသူတချို့က ပြောပါတယ်။
အခုလို ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်နေတာကြောင့် ရန်ကုန်မြို့က ဈေးကွက်ထဲမှာလည်း ထိုင်းနိုင်ငံက တင်သွင်းတဲ့ အိုင်တီပစ္စည်းတွေ ပြတ်လပ်တာတွေရှိလာပါတယ်။
အိုင်တီနဲ့ ဆက်စပ်ပစ္စည်းရောင်းဝယ်သူတစ်ဦးကတော့ “အရင်ကလည်း ဒီလိုပဲတင်နေကြပဲ။ အခွန်ကလည်း ဒီလိုပဲ ဂိတ်တွေပေးပြီးတင်ကြတာပေါ့နော်။ အခုပိတ်နေတဲ့အထဲမှာ တရားဝင် ဆိုင်တွေ၊ Show Room တွေ ဖွင့်ထားတဲ့ နာမည်ကြီးတံဆိပ်တွေကအစပါတယ်။ ဘယ်လောက်ကြာမယ်၊ ဘယ်လိုဆက်ဖြစ်မလဲတော့ မသိကြသေးဘူး။ စောင့်နေကြတုန်းပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ နယ်စပ်ကနေ တရားမဝင်ကုန်ပစ္စည်းတွေကို ငွေကြေးတောင်းခံပြီး တင်သွင်းခွင့်ပေးတဲ့ စစ်တပ်က ထိပ်ပိုင်းအရာရှိတချို့ကို စစ်ဆေးနေပြီး ရက်ပေါင်း ၁၀၀ ခန့် လမ်းကြောင်းပိတ်ထားမယ်လို့ သတင်းတွေထွက်ပေါ်နေတယ်လို့ ကုန်သည်တချို့က ပြောပါတယ်။
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တိုက်ပွဲတွေကြောင့် အဓိကလမ်းမကြီးဖြစ်တဲ့ အာရှလမ်းမကြီးကို ပိတ်ထားရတာ နှစ်နှစ်နီးပါးရှိနေပြီး လမ်းဟောင်းတွေကနေ သွားလာနေရတာပါ။
ဒါ့အပြင် စစ်ကောင်စီဟာ ပြီးခဲ့တဲ့လပိုင်းကစပြီး ထိုင်းနဲ့ တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ပြန်လည်တင်းကျပ်နေတာကြောင့် အသေးစား ကုန်ပစ္စည်းတွေ တင်သွင်းရောင်းချသူတွေ ဒီရက်ပိုင်း အခက်အခဲတွေဖြစ်နေပြီး ကုန်စည်ပြတ်လပ်မှုတွေလည်း ဖြစ်နေတာပါ။
ပုံစာ – အမှတ် (၂) ချစ်ကြည်ရေးတံတားရဲ့ မြန်မာဘက်ခြမ်းမြင်ကွင်း
ဓါတ်ပုံ – MoI

