မြဝတီ – ၂၀၂၄ ဩဂုတ် ၂၁ (မော်ကွန်း)
ကေအဲန်ယူ- တပ်မဟာ ၆၊ မြဝတီမြို့မှာ ဆန်တစ်အိတ် ကျပ်နှစ်သိန်းခွဲကျော်ထိရှိလာပြီလို့ ဒေသခံတွေဆီက သိရှိရပါတယ်။
လက်ရှိ ဆန်ရောင်းဝယ်တဲ့ဆိုင်တွေမှာ ဆန်တစ်အိတ်ကို အမြင့်ဆုံး ၂၆၀,၀၀၀ ကျပ်ရှိပြီး အနိမ့်ဆုံးဈေးကတော့ ၁၃၀,၀၀၀ ကျပ်ရှိနေပါတယ်။
မနှစ်က မြဝတီမြို့မှာ အမြင့်ဆုံး ဆန်ဈေး ၅၀,၀၀၀ ကျပ်အောက်ပဲ ရှိတယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။
မြဝတီ – ကော့ကရိတ် အာရှလမ်းမအသုံးပြုလို့မရတော့တဲ့နောက်ပိုင်းနဲ့ မြန်မာကျပ်ငွေဖောင်းပွမှုတွေ ပိုများလာတဲ့နောက် ဆန်ဈေးတွေဟာ သယ်ယူပို့ဆောင်ရေးစရိတ်တွေနဲ့အတူ ကြီးမြင့်လာတာပါ။
လက်ရှိမှာတော့ အာရှလမ်းမမှာ သင်္ကန်းညီနောင်ကနေ ကော့ကရိတ်မြို့စပ်လောက်ထိ ကော်ဘရာစစ်ကြောင်းက ထိန်းချုပ်ထားပြီး လမ်းပိတ်ထားတာကြောင့် ခရီးသွားလာသူတွေနဲ့ ကုန်ကားတွေဟာ KNU-KNLA (PC) အဖွဲ့နယ်မြေထဲက ထို့ကော်ကိုးလမ်းကို အဓိကထားသွားလာနေကြရတာပါ။
ဒီလမ်းဟာလည်းပျက်စီးနေပြီး အချိန်ကြာမြင့်စွာသွားရသလို မြေပြို၊ လမ်းပျက်၊ ယာဉ်မတော်တဆမှုတွေနဲ့ လမ်းတွေလည်း တောင်ပေါ်မှာပိတ်ပါတယ်။
မြဝတီမြို့ကဆန်တွေဟာ မြန်မာနိုင်ငံအောက်ပိုင်းကလာတာဖြစ်ပြီး တစ်အိတ်မှာဆန်တစ်တင်းခွဲရှိတယ်လို့ မြဝတီမြို့ခံ ဆန်ရောင်းဝယ်သူတစ်ဦးက ပြောပါတယ်။
“ကျွန်မရောင်းတဲ့ဆန်က ပေါင်မြို့နယ်က လာတာ၊ ရန်ကုန်ဆန်တွေက ဈေးအရမ်းကြီးတော့ ဖောက်သည်မယူဘူး”လို့ သူက ပြောပါတယ်။
မြဝတီမြို့ခံ ဆန်ဝယ်စားသူတစ်ဦးက အခုအချိန်မှာ ဆန်ကြမ်းတစ်အိတ်ကို ၁၄၅,၀၀၀ကျပ်ပေးရတယ်လို့ ပြောပါတယ်။
ပေါင်မြို့နယ်ကလာတဲ့ဆန်ဟာ မြဝတီမြို့ကို ရောက်ဖို့က လမ်းအခက်ခဲကြောင့် ၁၀ ရက်လောက် ကြာတတ်တယ်လို့ မြဝတီမြို့ခံ ဆန်ရောင်းဝယ်သူတစ်ဦးက ပြောပါတယ်။
“အရင်က အာရှလမ်းနဲ့ လာတာက ငါးနာရီပဲ ကြာတယ်၊ အခုက အာရှလမ်းကိုလာမရတော့ ဖြတ်လမ်းနဲ့ လာရတာ ငါးရက်၊ ၁၀ ရက်လောက်ကြာတယ်”လို့ သူက ပြောပါတယ်။
ဆန်သယ်လာတဲ့ကားတွေကို စစ်ကောင်စီဂိတ်တွေက စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်လုပ်ပြီး ကားထဲမှာ ဆန်သီးသန့် ပေါ်တင်သယ်လာလို့မရဘဲ တခြားကုန်ပစ္စည်းတွေနဲ့ ရောသယ်ရတယ်လို့ ဆန်ရောင်းဝယ်တဲ့ သူတွေက ပြောပါတယ်။
“ပေါင်မြို့နယ်ကနေ မြဝတီရောက်ဖို့က စစ်ကောင်စီ ဂိတ် ၂၀ လောက်ဖြတ်ရပြီး ဂိတ်ကြေးငွေ ၅၀၀,၀၀၀ ကျပ်လောက် ပေးရတယ်”လို့ မြဝတီမြို့ခံ ဆန်ရောင်းဝယ်သူက ပြောပါတယ်။
လက်ရှိမြဝတီမြို့မှာ ရောင်းအရဆုံးဆန်အမျိုးအစားက ဈေးအနိမ့်ဆုံးဖြစ်တဲ့ ဆန်ကြမ်းဖြစ်တယ်လို့ မြဝတီမြို့ခံ ဆန်ရောင်းဝယ်သူက ပြောပါတယ်။
ပုံစာ- မြဝတီမြို့က ဆန်ဆိုင်တစ်ဆိုင်
ဓာတ်ပုံ – Mawkun Magazine
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #Dailynews

