ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၁၃ (မော်ကွန်း)
မန္တလေးတိုင်းနဲ့ နေပြည်တော်မှာ ရေကြီးနစ်မြုပ်မှုတွေကြောင့် ရေထဲမျောပါကာ သေဆုံးသွားတဲ့ ဒေသခံအရေအတွက် ရာနဲ့ချီရှိလာပြီလို့ ဒေသတွင်းအကူအညီပေးရေးအဖွဲ့တွေနဲ့ မီးသတ်ဦးစီးဌာနတို့က ထုတ်ပြန်ထားပါတယ်။
မနေ့က မနက်ပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မန္တလေးတိုင်းထဲက ရမည်းသင်း၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ဝမ်းတွင်း၊ ပျော်ဘွယ်၊ မြစ်သား၊ တောင်ငူမြို့နယ်တွေမှာ ဆည်တွေနဲ့ တာတမံတွေရေပြည့်ကာ မြစ်ရေချောင်းရေတွေထိ ရေကြီးရေလျှံတာကြောင့် ဒီဒေသတွေမှာ ရေလွှမ်းမိုးနစ်မြုပ်နေကာ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေလည်း လိုအပ်နေတာပါ။
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ထဲမှာ ရေလွှမ်းမိုးနစ်မြုပ်တာကြောင့် သေဆုံးသူအရေအတွက် အများအပြားရှိခဲ့ပြီး သေဆုံးသူရာနဲ့ချီရှိတယ်လို့ ဒေသတွင်း လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူတချို့က လူမှုကွန်ရက်မှာ ဖြန့်ဝေထားပါတယ်။
ရမည်းသင်းမြို့နယ်ထဲမှာ မနေ့က ရေစီးနဲ့မျောလာတဲ့ ရုပ်အလောင်း ၁၇ လောင်းထိ တွေ့ရှိခဲ့ပြီး ဒီနေ့မှာလည်း ရုပ်အလောင်းတွေ ထပ်မံတွေ့ရှိကာ သေဆုံးသူရာနဲ့ချီရှိတယ်လို့ သွားရောက်ကူညီနေတဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေက ပြောထားပါတယ်။
ဒါ့ပြင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်နဲ့ ပုဗ္ဗသီရိ မြို့နယ်တွေမှာ ရေကြီးနစ်မြုပ်ခဲ့ကာ နေပြည်တော်တစ်ခုထဲမှာပဲ ဒီနေ့ထိ သေဆုံးသူအရေအတွက် ၁၉ ဦးထိ ရှိလာပြီလို့ မြန်မာနိုင်ငံမီးသတ်အဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
ရေကြီးနစ်မြုပ်မှုတွေကြောင့် ရန်ကုန်နဲ့ မန္တလေးကို ဆက်သွယ်ထားတဲ့ အမြန်လမ်းနဲ့ လမ်းဟောင်းနှစ်ခုလုံးကိုလည်း ပိတ်ထားလိုက်ရပြီလို့ ကိုယ်တိုင်ကြုံတွေ့လာတဲ့ ခရီးသွားတချို့က ပြောပါတယ်။
ဒီနေ့မနက်ပိုင်းကစပြီး ရန်ကုန်နဲ့ မန္တလေးကို ဆက်သွယ်ထားတဲ့ လမ်းဟောင်းမှာဆိုရင် တောင်ငူမြို့နဲ့ ရေတာရှည်မြို့နယ်တွေမှာ လမ်းကိုရေကျော်နေပြီး ကားတွေ ဖြတ်သန်းသွားလာလို့ မရတော့ဘူးလို့ ဒေသခံတချို့က ပြောပါတယ်။
ဒါ့ပြင် အမြန်လမ်းကိုလည်း မန္တလေးမြို့အထွက် တံတားဦးမြို့နယ်အနီးမှာ လမ်းပေါ်ရေကျော်နေတာကြောင့် ကားတွေ ဖြတ်သန်းသွားလာလို့မရတော့ဘဲ ရန်ကုန်နဲ့ မန္တလေးကြား ဆက်သွယ်ရေးပြတ်တောက်သွားခဲ့တာပါ။
“အမြန်လမ်းက နေ့ခင်း ၁၁ လောက်က ပေးဖြတ်သေးတယ်။ အဲဒီနောက်ပိုင်းတော့ ရန်ကုန်ဘက်ဆင်းတဲ့ကားတွေအကုန် တံတားဦးမှာပေးမဖြတ်တော့ဘူး။ လမ်းပိတ်ထားလိုက်ပြီ” လို့ ကိုယ်တိုင်ကြုံခဲ့တဲ့ ခရီးသွားတစ်ဦးက ပြောပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းရဲ့ မိုင်တိုင်အမှတ် ၃၅၄ အနီးက ကျေးရွာတွေရေမြုပ်နေကာ အမြန်လမ်းပေါ်ကိုလည်း ရေကျော်လာပြီဖြစ်ပြီး ကားလမ်းပေါ်မှာပိတ်မိနေတဲ့ ကားတွေလည်း အများအပြားရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။
အလားတူပဲ မနေ့ကလည်း မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့အနီးက ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်က သံဘောင်တံတားတစ်စင်းဟာလည်း ရေတိုက်စားကာ ပြုတ်ထွက်ခဲ့တာကြောင့် ရထားပြေးဆွဲမှုတွေကို ရပ်နားထားရတာပါ။
ဒီနေ့လယ်ပိုင်းကစပြီး စစ်တောင်းမြစ်ရေမြင့်တက်လာတာကြောင့် တောင်ငူမြို့နယ်ထဲက စစ်တောင်းမြစ်ကမ်းတစ်လျှောက် ကျေးရွာအများအပြား ရေနစ်မြုပ်နေပြီး တောင်ငူမြို့ပေါ်က လူနေအိမ်တွေထိ ရေတက်လာပြီလို့ တောင်ငူဒေသခံတစ်ဦးကလည်း ပြောပါတယ်။
“မြို့ထဲကကားလမ်းက ခါးလည်ထိရေကျော်လာပြီ။ အိမ်တွေလည်းရေစဝင်လာပြီ။ မြစ်ကမ်းဘေးက ရွာတွေကတော့ အကုန်မြုပ်နေတယ်။ အရေးပေါ်ကယ်ဆယ်ရေးလုပ်ဖို့ အကူအညီတောင်းတာတွေလည်း အများကြီးပဲ” လို့ တောင်ငူဒေသခံတစ်ဦးက ဒီနေ့လယ်ပိုင်းက ပြောပါတယ်။
ဒါ့ပြင် မန္တလေးတိုင်းက ပျော်ဘွယ်၊ မြစ်သား စတဲ့မြို့တွေမှာလည်း ရေကြီးနစ်မြုပ်နေတာကြောင့် ဒေသခံတွေ ရာနဲ့ချီပြီး ပိတ်မိနေသေးပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေဆဲဖြစ်ကာ သေဆုံးသူအရေအတွက်ကိုတော့ သေချာမသိရသေးပါဘူး။
လက်ရှိရေကြီးရေလျှံတဲ့ မြို့တွေကို ဒေသအသီးသီးက ပရဟိတလူမှုကယ်ဆယ်ရေးအသင်းတွေ ချိတ်ဆက်ကာ အကူအညီတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လိုအပ်နေဆဲဖြစ်တယ်လို့ နေပြည်တော်၊ တပ်ကုန်းမြို့နယ်ထဲမှာ ကူညီနေသူတစ်ဦးက ပြောပါတယ်။
“အခုက အရေးပေါ်ကယ်ဆယ်ရေးက အရေးကြီးဆုံးအခြေအနေဖြစ်နေတယ်။ ခုထိ ကယ်ဆယ်ရေးတွေ မရောက်သေးတဲ့နေရာတွေ၊ ပိတ်မိနေတဲ့ရွာတွေ ရှိနေသေးတယ်” လို့ ၎င်းက ပြောပါတယ်။
အခုလ ၁၀ ရက်ကနေ စတင်ပြီး ရွာခဲ့တဲ့ မိုးကြောင့် နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ ကယား၊ ကရင်၊ မွန်နဲ့ ရှမ်း စတဲ့ တိုင်းနဲ့ပြည်နယ် ခုနစ်ခုမှာ ရေကြီးရေလျှံခဲ့ပြီး မနေ့ကထိ တစ်နိုင်ငံလုံးမှာ ယာယီရေဘေးရှောင်စခန်း ၇၀ ကျော် ဖွင့်လှစ်ထားတယ်လို့ စစ်ကောင်စီရဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
နိုင်ငံအတွင်း အခုနှစ် ဇူလိုင်၊ ဩဂုတ်လပိုင်းတွေကလည်း မိုးကြီးတာကြောင့် ရေကြီးရေလျှံတာတွေ ရှိခဲ့ပေမယ့် အခုရေကြီးတဲ့ဖြစ်စဉ်ကတော့ လူသေဆုံးသူများပြားခဲ့ပြီး အဆိုးဝါးဆုံး ရေဘေးကို ကြုံတွေ့နေရတာပါ။
ဒီသဘာဝဘေးကြောင့် ရာနဲ့ချီလာတဲ့ အသက်ဆုံးရှုံးမှုတွေ၊ သောင်းနဲ့ချီတဲ့ အိုးအိမ်ပျက်စီးမှုတွေ ရှိလာပေမယ့် စစ်ကောင်စီကတော့ ဒီအခြေအနေကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေအရအရေးပေါ် အခြေအနေ ကြေညာတာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီလက်အောက်ခံ မီးသတ်တပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ လူမှုကူညီရေးအသင်းတွေက ကူညီကယ်ဆယ်ရေးလုပ်နေပေမယ့် အကန့်အသတ် ရှိနေတယ်လို့ ကူညီကယ်ဆယ်ပေးနေသူတချို့က လူမှုကွန်ယက်တွေမှာ ပြောနေပါတယ်။

ပုံစာ – ရမည်းသင်းမြို့နယ်က နေအိမ်တွေနဲ့ ရန်ကုန်-မန္တလေးအမြန်လမ်း ရေနစ်မြုပ်နေတဲ့မြင်ကွင်း
ဓာတ်ပုံ – Santi lay, Nyi Nyi
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

