“မြန်မာ့သမိုင်းမှာမကြုံဖူးတဲ့ နည်းပညာအခြေပြု အာဏာရှင်စနစ်တစ်ခု ဖြစ်လာပါပြီ။ ဒါကို Digital Dictatorship လို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ တဦးချင်းစီ အခွင့်အရေးတွေသည် ပိုမို ဆုတ်ယုတ်လာဖို့ ရှိပါတယ်”

“မြန်မာ့သမိုင်းမှာမကြုံဖူးတဲ့ နည်းပညာအခြေပြု အာဏာရှင်စနစ်တစ်ခု ဖြစ်လာပါပြီ။ ဒါကို Digital Dictatorship လို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ တဦးချင်းစီ အခွင့်အရေးတွေသည် ပိုမို ဆုတ်ယုတ်လာဖို့ ရှိပါတယ်”

နွေဦးလုံခြုံရေးဒစ်ဂျစ်တယ်ဆေးခန်းကတာဝန်ရှိသူတစ်ဦး
ရန်ကုန်-၂၀၂၃၊ ဩဂုတ်-၁၆ (မော်ကွန်း)

အာဏာသိမ်းပြီးကတည်း စစ်တပ်ဟာ မြေပြင်မှာ လူထုကို ဖိနှိပ်သတ်ဖြတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေသလို နည်းပညာတွေ အသုံးပြုစောင့်ကြည့်ပြီး လူမှုကွန်ယက်တွေပေါ်မှာလည်း ဖိနှိပ်ဖမ်းဆီးတာလုပ်နေဆဲဖြစ်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကျူးလွန်နေပါတယ်။

လူမှုကွန်ယက်စာမျက်နှာတွေမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့၊ ဆန့်ကျင်နေတဲ့သူတွေကို ထောက်ခံတဲ့ စာသား၊ ဗီဒီယို တစ်ခုခုကို ရေးမိ၊ မှတ်ချက်ပြုမိတာနဲ့ ထိုသူတွေဟာ ထောင်နန်းစံနေရတာပါ။

ဒီလိုဖြစ်ရပ်တွေကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေကတော့ စစ်ကောင်စီဟာ လူထုကို လက်နက်နဲ့တင်မက နည်းပညာအသုံးပြုပြီးပါ ဖိနှိပ်ညှင်းပန်းနေတာလို့ ပြောကြပါတယ်။

ဒီတော့ အာဏာသိမ်းပြီးနောက်ပိုင်း မြေပြင်မှာသာမက အင်တာနက်မှာပါ လူထုဟာ ဘာတွေကြုံနေရပြီး၊ ဘယ်လိုခြိမ်းခြောက်ခံနေရပါသလဲဆိုတာ အများပြည်သူသိစေဖို့ ဒစ်ဂျစ်တယ်အသိပညာ၊ ဗဟုသုတတွေမျှဝေနေတဲ့ နွေဦးလုံခြုံရေးဒစ်ဂျစ်တယ်ဆေးခန်းက တာဝန်ရှိသူတစ်ဦးကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားတာတွေထဲက ပြန်လည်ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။

မော်ကွန်း။ ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒစ်ဂျစ်တယ်လုံခြုံရေး၊ လွတ်လပ်ခွင့် ဘယ်လောက်ဆုံးရှုံးလာရသလဲ။

ဒစ်ဂျစ်တယ်ဆေးခန်း။ ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစ်ဦးချင်းစီအနေနဲ့ အခွင့်အရေးအပြင်၊ ဒစ်ဂျစ်တယ် ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်တွေ ဆုံးရှုံးလာအောင်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုနဲ့အတူ ဆောင်ရွက်ခဲ့ပါတယ်။

အာဏာသိမ်းသိမ်းချင်းမှာ ဖုန်းလိုင်းတွေဖြတ်တောက်ခံရတာက ကနဦးလို့ ပြောရပါလိမ့်မယ်။
ဒါပြီးနောက်မှာတော့ အစကထဲက ပြည့်စုံမှုမရှိခဲ့တဲ့ ခြေဥ(၂၀၀၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေ) ပါ၊ နိုင်လွတ်လုံ(နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့်လုံခြုံမှု အကာအကွယ်ပေးရေး ဥပဒေ) ကို ပြင်ဆင်ခဲ့ပါတယ်။

နိုင်လွတ်လုံကို ပြင်ဆင်ခြင်းက အထူးသဖြင့် စစ်ကောင်စီ ဘက်တော်သားတွေအနေနဲ့ နိုင်ငံသားတို့ပိုင်ဆိုင်တဲ့ ပိုင်နက်၊ ပုဂ္ဂိုလ်ရေးရာ လွတ်လပ်ခွင့်များအပြင် အီလက်ထရောနစ် စက်ပစ္စည်းများကိုလည်း တောင်းဆိုလာရင် ငြင်းပိုင်ခွင့်မရှိတဲ့ အနေအထား ဖြစ်လာစေပါတယ်။

ဒါကတော့ ကနဦးဆောင်ရွက်မှုလို့ ပြောရမှာပါ။

နှစ်နှစ်ခွဲကျော်သုံးနှစ် ဖြတ်သန်းပြီးတဲ့ လက်ရှိ ကျီးလန့်စာစားနေရတဲ့ မြန်မာနိုင်ငံအင်တာနက် အခင်းအကျင်းကို ကြည့်လိုက်မယ်ဆိုရင် ဆိုရှယ်မီဒီယာကို လက်နက်သဖွယ် အသုံးချခံနေရတာတွေ၊ အကြောက်တရားရိုက်သွင်းနေတာတွေ၊ စာနယ်ဇင်းလွတ်လပ်ခွင့်တွေ ဆုံးရှုံးတာ (ဥပမာ – အသံလွှင့်ဥပဒေမှာ facebook ပေါ်မှာ ထုတ်လွှင့်တာတွေအထိ ဥပဒေသက်ရောက်မှု ရှိလာတာ)၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်တွေ ဆုံးရှုံးတာ (ဥပမာ – profile အမဲပြောင်းတာ)၊ အင်တာနက်နဲ့ဖုန်းလိုင်းဖြတ်တောက်မှုအမျိုးမျိုး၊ အခွန်ဥပဒေနဲ့ အခြားနည်းဥပဒေတွေကို ပြင်ဆင်ပြီး အင်တာနက်ဈေးနှုန်းတွေမြှင့်တင်တာ၊ ISP(အင်တာနက်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်း) တွေကို လက်ဝါးကြီးအုပ်ချုပ်ကိုင်ပြီး ကြားဖြတ် စောင့်ကြည့်ရေး နည်းပညာတွေအသုံးပြုပြီး သုံးစွဲသူတွေကို စောင့်ကြည့်တာ၊ နည်းပညာမြင့် tools (ကိရိယာတွေ)တွေကို အသုံးပြုပြီး စက်ပစ္စည်းနဲ့ အီလက်ထရောနစ် ကွန်နက်ရှင်တွေကို စစ်ဆေးတာ၊ မြေပြင်မှာ လုံခြုံရေးအကြောင်းပြပြီး ကြုံသလို အတားအဆီးမဲ့၊ ဝရမ်းမဲ့စစ်ဆေးတာ၊ ပုဂ္ဂလိကကုမ္ပဏီတွေကို အသုံးပြုပြီး smart city နည်းပညာ ( မြို့တွင်းမှာ လုံခြုံရေးကင်မရာတွေတပ်ပြီး ပြည်သူတစ်ဦးချင်းစီကို စောင့်ကြည့်တာကိုဆိုလို) ကို ဗန်းပြပြီး ပြည်သူကို ထိန်းချုပ်ဖို့ ကြိုးစားလာတာ၊ e-government (အစိုးရဝန်ဆောင်မှုတွေကို ဒစ်ဂျစ်တယ်စနစ်နဲ့ဖော်ဆောင်တဲ့စနစ်)နှင့်အတူ E-ID (ဒစ်ဂျစ်တယ်ကိုယ်ရေးရာဇဝင်) ကို ပြန်လည်ပြီး အကောင်ထည်ဖေါ်ဖို့ ကြိုးစားလာတာ၊ ဘဏ်စနစ်ကို ထိန်းချုပ်ထားတာ၊ Malware (ဖိုင်တွဲတစ်ခုမှတစ်ဆင့်အသုံးပြုသူရဲ့ကွန်ပျူတာနဲ့မိုဘိုင်းဖုန်းတွေထဲသတင်းအချက်အလက်တွေကို စောင့်ကြည့်၊ခိုးယူ၊ဖျက်ဆီးတိုက်ခိုက်မှု) အထူးသဖြင့် Spyware (Malwareအမျိုးအစားကဲ့သို့ အသုံးပြုသူရဲ့ကွန်ပျူတာ၊မိုဘိုင်းဖုန်းတွေအတွင်းသို့ဖောက်ထွင်းဝင်ရောက်မှု)တွေနဲ့ လူ့အခွင့်အရေးလုပ်ရှားသူတွေနဲ့ ဒီမိုကရေစီအစုအဖွဲ့တွေကို တိုက်ခိုက်တာတွေ၊ စောင့်ကြည့်တာတွေ၊ ဒါတွေက နေ့စဥ်ကြုံတွေ့နေရတဲ့ ကိစ္စတွေ ဖြစ်လာပါပြီ။

တစ်ဦးချင်းစီ နေ့စဥ် တစ်ခုမဟုတ်တစ်ခု၊ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကြုံတွေ့နေရတဲ့ ကိစ္စတွေပါ။
အနှောင်အဖွဲ့ကကင်းလွတ်တဲ့ အင်တာနက်ရပ်ဝန်း တစ်ခုဖြစ်လာအောင်လို့ အရပ်သားအစိုးရခေတ်မှာ ဝိုင်းဝန်းကြိုးပန်းမှုတွေအကုန်လုံးက အခုအချိန်မှာ ကျွန်တော်တို့ မြန်မာ့သမိုင်းမှာ မကြုံဖူးတဲ့ နည်းပညာအခြေပြု အာဏာရှင်စနစ်တစ်ခု ဖြစ်လာပါပြီ။

ဒါကို Digital Dictatorship လို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ တစ်ဦးချင်းစီအခွင့်အရေးတွေသည် ပိုမို ဆုတ်ယုတ်လာဖို့ ရှိပါတယ်။ နေ့စဉ်နဲ့အမျှ ထိပါးနေပါတယ်၊ ဆုတ်ယုတ်နေပါတယ်။

သတိထားဖို့က ဒါတောင်မှ မူကြမ်းအနေအထားနဲ့ ပြုလုပ်ထားတဲ့ Cyber ဥပဒေက အတည်မပြုရသေးပေမယ့် မြေပြင်မှာ ဥပဒေကြမ်းပါ ကန့်သတ်ချက်တွေကို အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

ဒါ့အပြင်လည်း e-government အောက်ကသွားတဲ့ စစ်ကောင်စီရဲ့ လက်ရှိအကောင်အထည်ဖော်နေတဲ့ကိစ္စတွေ ရှိပါသေးတယ်။

အထူးသဖြင့် စစ်ကောင်စီက National ID Database (အမျိုးသားမှတ်ပုံတင်စာရင်း) ပြုလုပ်နေတာ၊ Biometric Data (လက်ဗွေယာ၊မျက်ကြည်လွှာ၊ မျက်နှာအနေအထားစတဲ့ဇီဝအချက်အလက်) အတင်းကောက်ခံနေတာတွေ၊ CCTV စနစ်တွေ၊ YBS/SOS (ယာဉ်ပေါ်အရေးပေါ်အခြေအနေဖြစ်ပွားပါကယာဉ်မောင်းဖြစ်သူကယာဉ်လိုင်းထိန်းချုပ်စင်တာကိုတိုက်ရိုက်ဆက်သွယ်နိုင်တဲ့အဝေးထိန်းစနစ်အသုံးပြုအချက်ပေးခလုတ်) စနစ်တွေက ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်ဆုံးရှုံးလာအောင် ဝန်းရံပေးမယ့်အချက်တွေ ဖြစ်ပါလိမ့်မယ်။

ဒါတွေနဲ့ပတ်သတ်ပြီး လွတ်လပ်တဲ့မီဒီယာတွေရဲ့ စောင့်ကြည့်မှုကလည်း အားနည်းနေတာ တွေ့ရပါတယ်။ ဒါကို ဂရုစိုက် စောင့်ကြည့်ဖို့ လိုပါတယ်။

ဒစ်ဂျစ်တယ်လုံခြုံရေးရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ဖိနှိပ်မှုနဲ့အတူ အင်တာနက်အသုံးပြုသူ ပြည်သူတွေရဲ့တွန်းကန်အား၊ ကြံ့ကြံ့ခံနိုင်အား၊ ဒစ်ဂျစ်တယ်ကိုယ်ခံအားကို တွေ့ရမှာပါ။

VPN က အားလုံးအတိုင်းအတာနဲ့ အသုံးပြုနေကြပါတယ်။ ဒါအရမ်းအားရဖို့ကောင်းပါတယ်။

လက်ရှိ အနေအထားမှာ ဒစ်ဂျစ်တယ်လုံခြုံရေးက လူအသက်အန္တရာယ်လုံခြုံရေးအထိ ထိပါးလာနိုင်တဲ့အနေအထား ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ လုံခြုံရေးအသိက ပြည်သူမှာ ကပ်လာတာကို တွေ့ရပါတယ်။ signal (လုံခြုံရေးမြှင့်ထားတဲ့ လူမှုကွန်ယက်) အသုံးပြုလာနေကြပါပြီ။

ဆက်သွယ်ရေးအတွက် Platform မျိုးစုံ သုံးလာကြပါတယ်။ Profile lock ပြုလုပ်လာကြပါတယ်။ အကောင့်လုံခြုံရေးကို ဂရုစိုက်လာပါတယ်။

Facebook ကို မြန်မာ့အင်တာနက်လို့ ခေတ်အဆက်ဆက် ဖော်ညွှန်းခဲ့ကြဖူးပါတယ်။ ကျွန်တော်တို့ယူဆတာတော့ အဲ့ဒီယူဆချက်က မမှန်တော့ပါဘူး။

မြန်မာ့အင်တာနက်ရပ်ဝန်းက ဖိနှိပ်မှုတွေကြားထဲမှာ ကြံ့ကြံ့ခံနေပါတယ်။ ဆင့်ကဲပြောင်းလဲလာပါတယ်။ ဒါသည်နောင်ခေတ်အတွက် ဦးတည်တဲ့ ကောင်းသောပြောင်းလဲခြင်း ဖြစ်မယ်။

အထူးသဖြင့် အနာဂါတ်မှာ ကောင်းသောအင်တာနက် လူနေမှုရပ်ဝန်းဖန်တီးဖို့အတွက် အခြေခံအုတ်မြစ်တွေဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ်။

မော်ကွန်း။ ။ စစ်ကောင်စီက ဆိုရှယ်မီဒီယာတွေကို နိုင်ငံရေးအတွက် ဘယ်လိုအသုံးချနေသလဲ။

ဒစ်ဂျစ်တယ်ဆေးခန်း။ ။ ဆိုရှယ်မီဒီယာတွေကို အစိုးရတွေ၊ ကုမ္ပဏီတွေက မမျှတသောအင်အားနဲ့ ချုပ်ကိုင်လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။

တရားဝင်မှုမရေရာတဲ့ စစ်ကောင်စီကတော့ ဆိုရှယ်မီဒီယာကို ခြိမ်းခြောက်မှု၊ စောင့်ကြည့်မှု၊ နှုတ်ဆိတ်စေမှု၊ ယုံကြည်မှုဝိရောဓိဖြစ်စေမှုတို့အတွက် အင်တိုက်အားတိုက်နဲ့ Unconventional (ပုံမှန်မဟုတ်တဲ့) နည်းလမ်းတွေကိုအသုံးပြုပြီး အာဏာတည်မြဲရေးအတွက် အသုံးပြုနေပါတယ်။

Unconventional နည်းလမ်းတွေက လေ့လာရသလောက်ကတော့ (၁) Monitoring ပြုလုပ်စောင့်ကြည့်စေတာ(၂) တော်လှန်ရေးအင်အားစုတွေရဲ့ reach ကျဖို့အတွက် Platform Algorithm (ဆိုရှယ်မီဒီယာတွေပေါ်မှာကိုယ်မြင်စေချင်တဲ့အကြောင်းအရာတွေကိုပဲအစီအစဉ်တကျရေးဆွဲထားတဲ့စနစ်) တွေကို လက်တစ်လုံးခြားလုပ်ယူတာ (၃) နည်းအမျိုးမျိုးဖြင့် သတင်းတုသတင်းမှားနဲ့ ဝါဒဖြန့်ချီမှုတွေဆောင်ရွက်တာ (၄) Telegram Channel တွေက တစ်ဆင့် စစ်တပ် လော်ဘီတွေက အများပြည်သူတွေကိုစောင့်ကြည့်တာ၊ ဖမ်းဆီးဖို့တိုက်တွန်းတာ၊ ခြိမ်းခြောက်တာတွေအပြင် ငွေညှစ် အကြပ်ကိုင်တာ၊ အာဃာတအလိုက် အသက်အန္တရာယ်ကို ချိန်းခြောက်တာတွေအထိ လုပ်ဆောင်တာတွေရှိပါတယ်။

မော်ကွန်း။ ။ ဆိုရှယ်မီဒီယာတွေမှာ ရေးသားမှုတွေကြောင့် အဖမ်းအဆီးခံရသူတွေ အရေအတွက် ဘယ်လောက်ရှိပြီလဲ။ လက်လှမ်းမှီသလောက် ပြုစုထားတဲ့စာရင်းတွေရှိလား။

ဒစ်ဂျစ်တယ်ဆေးခန်း။ ။ ကျွန်တော်တို့အနေနဲ့ စာရင်းပြုစုထားတာ မရှိပါဘူး။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြီး RFA က သီးသန့်ပြုစုထားတဲ့ စာရင်းအရ ၂၀၂၂ ဖေဖော်ဝါရီကနေ ၂၀၂၃ ဧပြီလကုန်ထိ တစ်နှစ်ကျော်အတွင်း လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Facebook၊ TikTok နဲ့ Telegram စာမျက်နှာတွေမှာ စစ်တပ်နဲ့ စစ်ကောင်စီကို ဆန့်ကျင်ရေးသားသူ ဒါမှမဟုတ် တခြားသူတွေ တင်ထားတာကို ပြန်ဝေမျှသူ အနည်းဆုံး လူ ၁,၀၅၀ ဖမ်းဆီး အရေးယူခံထားရပါတယ်။

မော်ကွန်း။ ။ပြည်သူတွေကို ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်ပြီး ဘာများအကြုံပြုချင်ပါသလဲ။

ဒစ်ဂျစ်တယ်ဆေးခန်း။ ။ ကျွန်တော်တို့အနေနဲ့ အကြံပေးချင်တာကတော့ Social Media ပေါ်မှာ စိတ်လိုက်မာန်ပါ မပြုလုပ်မိဖို့ပါ။

Platform တွေက ကောင်း၏၊ ဆိုး၏ဆိုတာမျိုးနဲ့ တွက်ချက်တာ မဟုတ်ပါဘူး။ ဘာ Reaction (Love ဖြစ်ဖြစ်၊ ဟဟပဲဖြစ်ဖြစ်၊ Angry ပဲဖြစ်ဖြစ်)၊ ဘာ Engagement (မျှဝေတာ၊ မှတ်ချက်ပေးတာပေးတာ) ပဲဖြစ်ဖြစ်၊ ဒါသည် Engagement ဖြစ်စေပါတယ်။ မလိုအပ်သော Content များကို Engagement မပေးဖို့၊ ဝင်မကြည့်ဖို့၊ Comment မပေးဖို့၊ Hide ဖို့ဆိုတာမျိုးက စစ်ကောင်စီဆီက သင်ခန်းစာ ယူသင့်ပါတယ်။


#Dailynews

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."