ရန်ကုန်-၂၀၂၃ ဩဂုတ် ၂၅ (မော်ကွန်း)
မြန်မာနိုင်ငံတစ်ဝန်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ စဉ်ဆက်မပြတ်ရှိနေတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ ဆက်လက်မြင့်တက်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA က မနေ့ကထုတ်ပြန်ပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေဟာ အထူးသဖြင့် ကချင်ပြည်နယ်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ဆက်လက်မြင့်တက်နေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာလည်း စစ်ကောင်စီတပ်တွေက မကြာခဏစစ်ကြောင်းထိုးတာကြောင့် ထွက်ပြေးရတဲ့ဒေသခံတွေ နေ့စဉ်တိုးလာနေပြီး အကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
“ကျွန်တော်တို့ဆီမှာက မိုးကုန်ခါနီးတော့ တိုက်ပွဲတွေက ပိုစိတ်လာတယ်။ စစ်ကြောင်းထိုးရင်လည်း ဒေသခံတွေကို ဖမ်းတာသတ်တာတို့၊ ရွာကိုမီးရှို့တာတို့လုပ်တော့ ရွာတွေထဲမနေရဲကြတော့ဘူး။ နီးစပ်ရာနေရာတွေမှာထွက်ပြေးနေရတော့ စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီတွေ အမြဲတမ်းလိုအပ်နေတယ်” လို့ ယင်းမာပင်မြို့နယ်မှာ စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
UNOCHA ရဲ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်လေးခုမှာ နေရပ်စွန့ခွာထွက်ပြေးရသူ ခုနစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အမိုးအကာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပဲခူးတိုင်းအရှေ့ပိုင်း၊ ချင်း၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ တိုက်ပွဲတွေဆက်လက်မြင့်တက်နေတာကြောင့် အနည်းဆုံး နေအိမ် ၁၀ လုံးနဲ့ ဘုရားကျောင်းတွေပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
UNOCHA ရဲ့ ဩဂုတ် ၁၄ ရက်အထိ နောက်ဆုံးကိန်းဂဏန်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပေးရသူဦးရေဟာ ၁ ဒဿမ ၆ သန်းကျော်အထိရှိလာပြီလို့ သိရပါတယ်။
ပုံစာ – စစ်ကောင်စီတပ်စစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ စစ်ကိုင်းတိုင်းထဲကဒေသခံများ
ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

