အောင်ထူးနိုင်
ရန်ကုန် ၂၀၂၀ ဇူလိုင် ၁၄ (မော်ကွန်း)
မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း(MCRA) သည် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာပဒေအရ လိုက်နာရမည့်စည်းကမ်းချက်များကို ဖောက်ဖျက်သည့်အတွက် ဇွန် ၁၆ ရက်တွင် ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုမှတ်ပုံတင်အဖွဲ့ကထုတ်ပြန်သည်။
၎င်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွဲဖက်အတွင်းရေးမှူး(၁) ဦးမြင့်ကျော်က “မီဒီယာအမည်ခံပြီးလုပ်တဲ့ဟာတွေကို အခုလိုမျိုး အရေးယူဆောင်ရွက်တာကတော့ မီဒီယာအပေါ်မှာ အထင်အမြင်လွဲမှားမှုတွေ၊ ယုံကြည်မှုလျော့ကျမှုတွေ နည်းပါးသွားလိမ့်မယ်၊ ဒီလိုမှမဟုတ်ရင် သူတို့က သတင်းထောက်အမည်ခံထားတာဆိုတော့ မီဒီယာက ဒီလို ပိုက်ဆံတောင်းသလား၊ ငွေညှစ်သလား၊ ခြိမ်းခြောက်သလားဆိုတာတွေက ပြောစရာတွေ ဖြစ်နေလိမ့်မယ်”ဟု ဆိုသည်။
မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း(MCRA) ဝင်များသည် ရဲတပ်ဖွဲ့၀င်များနှင့် ဆင်တူယိုးမှားဖြစ်စေသည့် ဝတ်စုံများအားဝတ်ဆင်ကာ ခြိမ်းခြောက်ငွေညှစ်ခြင်းများပြုလုပ်သည်ကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက စိစစ်တွေ့ရှိရသဖြင့် အဆိုပါအသင်းအား စိစစ်ပေးနိုင်ရန် ၂၀၁၈ မေလတွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ စာပေးပို့ခဲ့သည့်အပြင် သတင်းမီဒီယာကျင့်၀တ်နှင့်စည်းကမ်းများ လိုက်နာခြင်းမရှိသည့်အဖွဲ့အဖြစ်ကြေညာခဲ့သည်။
အသင်းပယ်ဖျက်ခံရခြင်းနှင့်ပတ်သက်၍ MCRA ဥက္ကဋ္ဌ ဦးသက်နိုင်ဦးကို မော်ကွန်းက မေးမြန်းရာ
“၂၀၁၈ ကတည်းက ဆိုင်းဘုတ်တွေက ဖြုတ်လိုက်တာကြာပြီလေ၊ အဲဒီကတည်းက ထွေအုပ်ကို တင်ခဲ့တာ၊ ထွေအုပ်နဲ့ ပြည်ထဲရေးနဲ့ အပြောင်းအလဲတွေဖြစ်နေလို့၊ အခုမှ သူတို့က ပယ်ဖျက်ကြောင်းဆိုတာ စာပြန်ချပေးတာလေ၊ ကြာပြီမရှိတော့ဘူး၊ အခုရှိတာက သတင်းဂျာနယ်ဖြန့်ချိရေးဆိုင်းဘုတ်တွေပဲ၊ MCRA ဆိုင်းဘုတ်က မရှိတော့ဘူး ကြာပြီ” ဟု ပြန်လည်ဖြေကြားသည်။
#Dailynews