ဂေထော၊ ရန်ကုန်
၂၀၂၀ – ဖေဖော်ဝါရီ ၁၉ (မော်ကွန်း)
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပိုးရှိ၊ မရှိ ကိုယ်တိုင်သီးခြားဓါတ်ခွဲစစ်ဆေးခြင်း (independent testing) ကို မြန်မာနိုင်ငံ၊ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ ဖေဖော်ဝါရီ ၂၀ ရက်တွင် စတင်စစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) တွင် ပညာရှင်များနှင့် စက်ပစ္စည်းများ အဆင့်သင့်ရှိနေပြီဖြစ်သဖြင့် ဓာတ်ခွဲပစ္စည်း (Primers, Probes and Reagents) များရရှိစေရန် ချိတ်ဆက်ဆောင်ရွက်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း၊ ယမန်နေ့အထိ ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာမရှိသေးကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဓာတ်ခွဲပစ္စည်းများ လက်ခံရရှိခဲ့ပြီးနောက် လက်ရှိ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လုပ်ငန်း သတ်မှတ်ချက်၊ ညွှန်ကြားချက်အတိုင်း လူနာများထံမှဓာတ်ခွဲနမူနာများတွင် COVID-19 ဗိုင်းရပ်(စ်)ရောဂါပိုး ရှိ၊ မရှိ အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းနှင့် တစ်ပြိုင်နက်ဓာတ်ခွဲစစ်ဆေး (parallel testing) လျက်ရှိရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) ၏ ဓါတ်ခွဲအဖြေများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းမှ အဖြေများသည် ကိုက်ညီမှုရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ခွဲပစ္စည်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ချိတ်ဆက်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ၊ Armed Forces Research Institute of Medical Science (AFRIMS) မှ လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးနှင့် JICA အဖွဲ့တို့၏ ပံ့ပိုးချိတ်ဆက် ဆောင်ရွက်မှုတို့ဖြင့် ဂျပန်နိုင်ငံ၊ National Institute of Infectious Diseases (NIID)၊ National Center for Global Health and Medicine(NCGM) နှင့် Juntendo University မှ လည်းကောင်း လက်ခံရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၁၇ ရက်အထိ ထုတ်ပြန်ထားသည့် စာရင်းများအရ နိုင်ငံ ၂၆ နိုင်ငံတွင် ရောဂါဖြစ်ပွားပြီး ရောဂါအတည်ပြုလူနာ ၇၁,၄၂၉ ဦး၊ သေဆုံးသူ ၁,၇၇၅ ဦးရှိသည်။
မြန်မာနိုင်ငံတွင် ယမန်နေ့အထိ စာရင်းများအရ ကိုရိုနာဗိုင်းရပ်စ် (COVID-19) စောင့်ကြည့်လူနာ ၃၅ ဦး၊ သံသယလူနာ ၂ ဦး စုစုပေါင်း ၃၇ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ ။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
#Dailynews