ရန်ကုန် – ၂၀၂၃ ဩဂုတ် ၂၁ (မော်ကွန်း)
ခွင့်ပြုချက်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကိုင်ဆောင်မှုတွေကို စစ်ကောင်စီကအရေးယူမယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်က စစ်ကောင်စီရဲ့ဗဟိုဘဏ်တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က လုပ်ငန်းရှင်တွေ နေပြည်တော်မှာတွေ့ဆုံခဲ့ပြီးနောက် အခုလို ထုတ်ပြန်လာတာပါ။
UMFCCI နဲ့ စစ်ကောင်စီတို့ရဲ့ အဆိုပါတွေ့ဆုံမှုမှာ ပြင်ပမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ မြင့်တက်နေတဲ့အပေါ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ကုန်သည်/စက်မှုအသင်းချုပ်ဆီက သိရပါတယ်။
စစ်ကောင်စီဘက်က ငွေလဲနှုန်းဖြစ်သင့်တဲ့နှုန်းထားဖြစ်လာဖို့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ သက်ဆိုင်ရာအသင်းအဖွဲ့တွေက ဗဟိုဘဏ်ရဲ့ မူဝါဒအတိုင်း ပူးပေါင်းဆောင်ရွက်ဖို့ ပြောကြားခဲ့တယ်လို့ ကုန်သည်/စက်မှုအသင်းက အသင်းဝင်တစ်ဦးက ပြောပါတယ်။
“ကုန်သည်တွေဘက်ကလည်း ဒေါ်လာလိုအပ်ချက်ဖြစ်နေတဲ့အကြောင်းကို ဆွေးနွေးကြတယ်၊ သူတို့ဘက်ကလည်း ပြင်ပပေါက်ဈေးက ဖြစ်သင့်တာထက်များနေတာကို ဝိုင်းထိန်းချုပ်ဖို့ကို ဆွေးနွေးကြတယ်လို့ ကြားရတယ်။ တကယ်တမ်းတော့ ကုန်သည်တွေကိုသတိပေးတာပေါ့၊ ဒေါ်လာဈေးကို အပြင်မှာ တရားမဝင်ဈေးကွက်ကနေ အရောင်းအဝယ်မလုပ်ကြဖို့ကို အဓိကထားတာပေါ့” လို့ သူက ပြောပါတယ်။
အဲ့ဒီတွေ့ဆုံမှုအပြီး စစ်ကောင်စီဗဟိုဘဏ်ထုတ်ပြန်ချက်မှာတော့ နိုင်ငံခြားသုံးငွေကြေးစီမံခန့်ခွဲမှုဥပဒေအရ နိုင်ငံခြားသုံးငွေကို ဗဟိုဘဏ်ရဲ့ သတ်မှတ်လိုင်စင်ရှိသူတွေပဲ ရောင်းဝယ်ဖောက်ကားပိုင်ခွင့်ရှိပြီး နိုင်ငံခြားသုံးငွေတွေကို လုပ်ငန်းလိုင်စင်မရှိဘဲ ကိုင်ဆောင်တာ၊ ရောင်းဝယ်ဖောက်ကားတာတွေကို ဥပဒေနဲ့ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ခဲ့တာပါ။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ တရားဝင်ရရှိလာတဲ့ ဒေါ်လာတစ်သောင်းကို ခြောက်လကိုင်ဆောင်ခွင့်ရှိပြီး ခြောက်လအတွင်းအသုံးမပြုပါက လိုင်စင်ရကုမ္ပဏီတွေကို ဈေးကွက်ပေါက်ဈေးနဲ့ ပြန်လည်ရောင်းချရမယ်လို့လည်း ကြေညာချက်မှာဖော်ပြထားပါတယ်။
ငွေကြေးဈေးကွက်လေ့လာသူတစ်ဦးကတော့ “ဒေါ်လာနဲ့ပတ်သက်လို့ ကန့်သတ်ချက်တွေ အမျိုးမျိုးထုတ်ပြန်လာတာ သူတို့မှာ ဒေါ်လာလိုအပ်ချက်က ကြီးမားနေတာပေါ်လွင်တယ်။ ဗဟိုဘဏ်က ပို့ကုန်လုပ်ငန်းတွေအတွက် ဒေါ်လာတွေထုတ်ရောင်းပေးတာရှိပေမယ့် အကန့်အသတ်နဲ့ပဲဖြစ်နေတယ်၊ လိုသလောက်မရသေးဘူး။ အပြင်ဈေးကွက်က ဈေးများနေတယ်ဆိုရင် သူတို့က လိုသလောက်ရောင်းပေးလေ အဲ့ဒါဆို အပြင်ဈေးကွက်လည်း မရှိတော့ဘူး” လို့ ငွေကြေးဈေးကွက်လေ့လာသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ဗဟိုဘဏ်က Online Trading အစီအစဉ်နဲ့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေကို ဒေါ်လာရောင်းချပေးနေပေမယ့် တစ်ဒေါ်လာကို ၂,၉၂၀ ကျပ်နှုန်းနဲ့ ရောင်းချပေးနေတာဖြစ်ပြီး ပြင်ပပေါက်ဈေးမှာ တစ်ဒေါ်လာကို ၃,၉၀၀ ကျပ် ဝန်းကျင်ထိ မြင့်တက်နေတာပါ။
အဲ့ဒီလို ပြင်ပပေါက်ဈေးနဲ့ ဈေးနှုန်းကွာဟနေတဲ့အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအတွက် အခက်အခဲတွေဖြစ်နေတယ်လို့ ဆိုပါတယ်။
Photo – Mawkun
#Dailynews

