အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၂၁ (မော်ကွန်း)
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် Facebook page ယမန်နေ့ ညပိုင်းတွင် hack ခံထားရသည်ဟု ရုံးအဖွဲ့မှူး ဦးမြင့်လွင်က ပြောသည်။
“ ရုံးအဖွဲ့ရဲ့ IT က ကလေးတွေလည်း ကြိုးစားပြီး ပြန်ဆယ်နေပါတယ်။ မရရင်တော့ ကျွန်တော်တို့ နည်းပညာ အကူအညီ ထပ်ပြီး ယူလိုက်ပါ့မယ်ခင်ဗျ၊ နည်းပညာအကူအညီနဲ့ ကျွန်တော်တို့ ရအောင်ပြန်ကြိုးစားကြည့်လိုက်ပါ့မယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် Facebook page သည် Blue Mark ရရှိထားပြီး ဆန်ဈေးနှုန်း အခြေအနေများ၊ အသင်းချုပ်၏ လှုပ်ရှားမှုများကိုသာ တင်ပြနေခြင်းဖြစ်သည်။ နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၂ : ၅၈ အချိန်တွင် ဆန်ဈေးနှုန်းအခြေအနေများကို နောက်ဆုံးပိုစ်တင်ခဲ့သည်ကိုတွေ့ရသည်။
hack သွားသူများက ယနေ့နံနက် ၄ : ၃၈ အချိန်က ကျောခိုင်း၍ အင်္ကျီချွတ်ထားသည့် လူတစ်ပိုင်းပုံတွင် တက်တူးရုပ်များကို ဖော်ပြထားသည့် ပုံတစ်ပုံကို တင်ထားသည်။
“ခြိမ်းခြောက်တာ၊ တောင်းဆိုတာတော့ အခုအချိန်အထိ မရှိသေးပါဘူး၊ သူတို့ဘက်က ဘာများလာမလဲဆိုပြီး စောင့်ကြည့်နေတာပါ၊ သူတို့တင်တာလည်း ဆိုးဆိုးဝါးဝါးတော့ မဟုတ်သေးဘူးဆိုတော့ ပေါ့ပေါ့ပါးပါးလုပ်တဲ့သဘောမျိုးလို့ပဲ ထင်ပါတယ်” ဟု ဦးမြင့်လွင်က ပြောသည်။
#Dailynews

