ရန်ကုန် – ၂၀၂၄ မေ ၁၄ (မော်ကွန်း)
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်မှာ မနေ့ကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တွေ မြို့ပေါ်ထိ တိုက်ပွဲတွေပြင်းထန်နေလို့ ဒေသခံရာနဲ့ချီစစ်ရှောင်နေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မနေ့မနက်ပိုင်းကစပြီး မံစီမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ၊ ရဲစခန်းတွေကို KIA နဲ့ မဟာမိတ် တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
ပစ်ခတ်မှုတွေကြောင့် မံစီမြို့ပေါ်လူနေရပ်ကွက်တွေအထိ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့ပြီး တိုက်ပွဲဖြစ်တဲ့ နေရာတွေဖြစ်တဲ့ မံစီမြို့မရဲစခန်းအနီးနဲ့ မံစီအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၆၀၁ အနီးပတ်ဝန်းကျင်က ဒေသခံရာနဲ့ချီကာ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မံစီမြို့နယ်က ဒေသခံတစ်ဦးကတော့ “ဒီမနက်တော့ နည်းနည်းငြိမ်သွားပြီ၊ မနေ့ကရယ် ညကရယ် တစ်ညလုံး ပစ်နေတာပါ။ ရပ်ကွက်တွေထဲထိ အိမ်တွေပါ လက်နက်ကြီးထိတဲ့အိမ်ထိတယ်။ မီးလောင်တဲ့အိမ်တွေလည်း ရှိတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မံစီမြို့နယ် နန့်လှိုင်ကွက်သစ်ရပ်ကွက်မှာ လက်နက်ကြီးကျရောက်တာကြောင့် လူထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အိမ်စောင့်ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတစ်ယောက် လက်နက်ကြီးထိပြီး သေဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်။ တိုက်ပွဲက ခဏရပ်လိုက် ပြန်ဖြစ်လိုက်နဲ့ ဖြစ်နေတော့၊ တချို့လည်း အိမ်မှာ အိမ်စောင့်နေတာ ၊မသွားကြတာရှိတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ မနေ့က ညနေပိုင်းမှာ မံစီမြို့မရဲစခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ကချင်ဒေသတွင်း သတင်းတချို့မှာ ဖော်ပြထားပါတယ်။
ယခုလ ၇ ရက်ကစပြီး ဗန်းမော်ခရိုင်အတွင်းက မံစီနဲ့ မိုးမောက် မြို့နယ်တွေမှာ တိုက်ပွဲတွေစတင်ဖြစ်ပွားလာပြီး KIA ပူးပေါင်းတပ်တွေဟာ အဲဒီဒေသက စစ်ကောင်စီတပ်စခန်းတွေကို ရှင်းလင်းဖို့ ထိုးစစ်ဆင်လာတာပါ။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ ယခုနှစ် မတ်လပိုင်းကစပြီးတော့ ကချင်ပြည်နယ်က စစ်ကောင်စီတပ်စခန်းတွေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်လအတွင်းမှာပဲ စစ်ကောင်စီရဲ့ ဗျူဟာကုန်းတွေ၊ အထိုင်စခန်းတွေ၊ ရှေ့တန်းကင်းစခန်းတွေအပါအဝင် စခန်းပေါင်း ၁၀၀ ခန့်ကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
ဗန်းမော်မြို့ရဲ့ အဝင်အထွက်လမ်းတွေပေါ်မှာရှိတဲ့ မိုးမောက်နဲ့ မံစီမြို့နယ်တွေကို ယခုရက်ပိုင်းမှာ KIA က ထိုးစစ်ဆင်နေတာဖြစ်ပြီး ဗန်းမော်မြို့ကို ဖြတ်တောက်ဖို့ ဗျူဟာမြောက်တိုက်ခိုက်နေတာလို့ စစ်ရေးသုံးသပ်ချက်တွေက ဆိုပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေကြောင့် ဗန်းမော်၊ မံစီနဲ့ မိုးမောက်မြို့နယ်က ဒေသခံတချို့ဟာလည်း မြို့တွင်းမှာ ပိတ်မိနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဗန်းမော် ဒေသခံတစ်ဦးကတော့ “အခုက မြို့ပေါ် ဘယ်အချိန်ရောက်လာမလဲ စောင့်နေရသလိုပါပဲ။ ကားလမ်းတွေလည်း ပိတ်နေတော့ ပိုက်ဆံတတ်နိုင်တဲ့သူတွေတော့ လေယာဉ်နဲ့ ထွက်သွားကြတာ ရှောင်နေကြတာတော့ ရှိပါတယ်” လို့ ပြောပါတယ်။
တော်လှန်ရေးသက်တမ်းကြာပြီဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဟာ ဒေသတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ဦးဆောင်ပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေတာပါ။
မတ်လပိုင်းက စတင်ခဲ့တဲ့ ထိုးစစ်အတွင်း ကချင်ပြည်နယ်က အင်ဂျန်းယန်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်နဲ့ တရုတ်နယ်စပ် လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး လိုင်ဇာကိုဗဟိုပြုကာ မြစ်ကြီးနား- ဗန်းမော် လမ်းပိုင်းတစ်လျှောက်ကို KIA တပ်တွေ ထိန်းချုပ်လာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။
ပုံစာ – KIA တပ်ဖွဲ့ဝင်တွေ သိမ်းပိုက်လိုက်တဲ့ မံစီမြို့မရဲစခန်း
ဓာတ်ပုံ – Kachin News Group