အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ ဇူလိုင် ၂၇ (မော်ကွန်း)
၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ဇူလိုင် ၂၅ ရက်တွင် စတင်ကြေညာထားပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ မဲဆန္ဒရှင်စာရင်း မှားယွင်းမှုများရှိနေပြီး ထိုစာရင်းအမှားများကို ဓာတ်ပုံရိုက်ယူရာတွင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက တားမြစ်ခြင်းများရှိနေသည်။
မဲဆန္ဒရှင်စာရင်းများကို ဓာတ်ပုံရိုက်ခွင့် ကန့်သတ်ခြင်းအား တရားဝင် ညွှန်ကြားထားခြင်းမရှိသေးဘဲ ခွင့်ပြုမည်၊ ခွင့်မပြုမည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားသည်ဟု ရန်ကုန်တိုင်းရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးမင်းသူက ဇူလိုင် ၂၅ ရက်တွင် ပြောသည်။
“ဓာတ်ပုံရိုက်တယ်ဆိုတာက ကိုယ့်မဲစာရင်းတော့ ရပါတယ်၊ မိမိရဲ့ မိသာစုစာရင်းတော့ ရပါတယ်။ အဲဒီလိုမျိုး မဟုတ်ဘဲနဲ့ ပရော်ဖက်ရှင်နယ် ဓာတ်ပုံရိုက်တာမျိုးကိုတော့ ကျွန်တော်တို့ နည်းနည်းကန့်သတ်ထားပါတယ်၊ ပြည်ထောင်စုကိုလည်း လမ်းညွှန်မှုခံယူထားပါတယ်၊ ပြည်ထောင်စုရဲ့ ခွင့်ပြုချက်ကိုလည်း တောင်းထားပါတယ်၊ ဒါပေမယ့် ကိုယ့်ရဲ့မိသားစုမဲစာရင်းကိုတော့ နားလည်မှုနဲ့ ကျွန်တော်တို့က ခွင့်ပြုထားပါတယ်”ဟု ဦးမင်းသူက ရှင်းပြသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ထံ ဖုန်းဖြင့်ဆက်သွယ်ရာ အမျိုးသမီးတစ်ဦးက ဖုန်းလက်ခံဖြေဆိုပြီး ဦးမြင့်နိုင်ထံ တင်ပြပေးမည်ဖြစ်ကာ ပြန်လည်ဆက်သွယ်ပေးပါမည်ဟု ဖြေဆိုသည်။
ထိုသို့ မဲဆန္ဒရှင်စာရှင်း မှားယွင်းမှုများကို ဓာတ်ပုံရိုက်ခြင်း ခွင့်ပြုသင့်၊ ခွင့်မပြုသင့်နှင့်ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က မဲရုံမှူးလက်စွဲတွင် ဓာတ်ပုံမရိုက်ရဆိုသည့် အချက်မပါဝင်ကြောင်း ပြောသည်။
“ဒါက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေရဲ့ တစ်ဖွဲ့ခြင်းစီရဲ့ ဆောင်ရွက်ပုံပဲ ထင်ပါတယ်၊ မဲရုံမှူးလက်စွဲတွေမှာ ဒါမျိုးမရှိပါဘူး၊ မဲရုံမှူးတစ်ယောက်ခြင်းစီရဲ့ စိတ်စေတနာအပေါ်မှာ ဖြစ်တာပေါ့” ဟု စိုင်းရဲကျော်စွာမြင့်က မှတ်ချက်ပြုသည်။
မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်အထိ ကြေညာထားမည်ဖြစ်ပြီး အမည်မပါလျှင် ပုံစံ(၃) ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် ပါဝင်သူအား ကန့်ကွက်လိုလျှင် ပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းအချက်အလက် မှားယွင်းနေပါက ပုံစံ(၄-ဂ) ဖြင့်လည်းကောင်း ပြင်ဆင်ရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ ရပ်ကျေးမဲရုံတစ်ခုအား ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် ဓာတ်ပုံ – အောင်ထူးနိုင်
#Dailynews