မောင်တောမှာ ARSA ချုံခိုပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

မောင်တောမှာ ARSA ချုံခိုပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

မောင်တော- ၂၀၂၄ ဒီဇင်ဘာ ၅ (မော်ကွန်း)

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မောင်တောမြိုနယ်မှာ ARSA မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ရဲ့ ချုံခိုပစ်ခတ်မှုကြောင့် နွားထွက်ရှာတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သေဆုံးသူမှာ မောင်တောမြို့နယ်၊ အောင်ဇေယျကျေးရွာကဖြစ်ပြီး မနေ့က ရွာအပြင်ဘက်ကို သူ့နွားတွေ သွားရှာရာကနေ ARSA မွတ်ဆလင်လက်နက်ကိုင်တွေရဲ့ ချုံခိုပစ်ခတ်မှုကို ခံလိုက်ရတာဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

” အသတ်ခံရတဲ့နေရာက ရွာနဲ့သိပ်မဝေးဘူး။ သူက မနက်ပိုင်း နွားတွေလွှတ်ထားပြီး ညနေဘက်မှာ နွားတွေကို ပြန်လိုက်ရှာတာ။ အဲ့ဒီအချိန်မှာ ARSA အဖွဲ့က တောထဲကနေ သေနတ်နဲ့လှမ်းပစ်လိုက်တာ။ အဲ့ဒီဒေသမှာ ARSA တွေက သွားလာလှုပ်ရှားနေကျ။ ရွာသားတွေကတော့ အထိတ်တလန့်ဖြစ်ကုန်ကြတာပေါ့” လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ နယ်စပ်ဒေသဖြစ်တဲ့ မောင်တောမြို့နယ်မှာ စစ်ကောင်စီအခြေစိုက်ထားနိုင်သေးတဲ့ နခခ(၅) နယ်ခြားစောင့် တပ်စခန်းတစ်ခုကလွဲ့လို ကျန်တဲ့ဒေသကို AA က သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် တောတောင်ထူထပ်တဲ့ နေရာတွေထဲမှာ ARSA မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေနဲ့ မောင်တောတိုက်ပွဲတွေအတွင်း စစ်ရှုံးပြီး ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်သားအကြွင်းအကျန်တွေ ခိုအောင်းနေဆဲဖြစ်တယ်လို့ AA က သတိပေးထားပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲမှာတုန်းက စစ်ကောင်စီနဲ့အတူ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA၊ RSO၊ ARA အဖွဲ့တွေဟာ မဟာမိတ်ပြုပြီး AA ကို ခုခံခဲ့ကြပေမယ့် နောက်ဆုံးမှာ ရှုံးနိမ့်ထွက်ပြေး တောခိုခဲ့ကြရတာ ဖြစ်ပါတယ်။

အဲဒီနောက် ARSA အဖွဲ့ဟာ AA လုံခြုံရေးစခန်းတွေမရှိတဲ့ နေရာတွေက ဒေသခံတွေကို ပစ်မှတ်ထားကာ တိုက်ခိုက်တာတွေ လုပ်လာခဲ့ပြီး မိုင်းထောင်တာ၊ ချောင်းပစ်တာတွေကြောင့် မောင်တော၊ ဘူးသီးတောင်ဒေသမှာ အရပ်သားသေဆုံးမှုတွေ ဖြစ်ပွားနေတာ ဖြစ်တယ်လို့ ဒေသခံ တချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်ကလည်း မောင်တောမြို့နယ်၊ တောင်ပြိုမြို့ကနေ စျေးဝယ်ပြီးပြန်လာတဲ့အရပ်သားကားတစ်စီးကို ARSA က ချုံခိုပစ်ခတ်ခဲ့တဲ့အတွက် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သလို ဇူလိုင်လအတွင်းကလည်း ဘူးသီးတောင်မြို့ကနေ မောင်တောမြို့နယ်ကို စျေးဝယ်လာတဲ့ကားတစ်စီးကို ပစ်ခတ်ခဲ့တဲ့အတွက် အစိုးရဝန်ထမ်းတစ်ဦးအပါအဝင် အရပ်သား ခြောက်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့ပါသေးတယ်။

ဒါအပြင် မနေ့တုန်းကလည်း ဘူးသီးတောင်မြိုနယ်၊ ဆင်စွယ်ရ(သက္ကမ) ကျေးရွာကို ARSA အဖွဲ့က လက်နက်ငယ် တွေနဲ့ဝင်ရောက်ပစ်ခတ်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ နေအိမ်နှစ်လုံး မီးလောင်သွားခဲ့ရသေးတယ်လို့ ဒေသတွင်းမီဒီယာ AB News က ဒီနေ့ ဖော်ပြပါတယ်။

ပုံစာ- ဒီနှစ် အောက်တိုဘာတုန်းက ARSA ချုံခိုပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသွားခဲ့ရတဲ့ အရပ်သားတစ်ချို့

ဓါတ်ပုံ- AA Info Des

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."