စစ်ကိုင်း – ၂၀၂၁ ဒီဇင်ဘာ ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပယ်ငါးဆယ်ရွာမှာ သံဃာသုံးပါး ဖမ်းဆီးခြင်းခံရပြီးနောက် သုံးရက်အကြာ ၎င်းရွာက အုပ်ချုပ်ရေးမှူးဟောင်း သုတ်သင်ရှင်းလင်းခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းမြို့နယ်၊ ထန်းတောကျေးရွာအုပ်စု၊ ပါယ်ငါးဆယ်ရွာမှ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်သလို စစ်ကောင်စီသတင်းပေးလို့နာမည်ထွက်နေတဲ့ ဦးမြင့်ဆွေဆိုသူဟာ ဒီကနေ့နံနက် လက်ဖက်ရည်ဆိုင်ထိုင်နေတုန်းမှာပဲ သေနတ်နဲ့နှစ်ချက်ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က ပယ်ငါးဆယ်ရွာက မကျီးချောင်မှာ သံဃာသုံးပါးကို စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း စစ်ကိုင်းနယ်ခံတွေက ပြောပါတယ်။
ပစ်ခတ်ခံရသူ အုပ်ချုပ်ရေးမှူးဟောင်းကို နားထင်သို့ သေနတ်နှစ်ချက် ပစ်ခတ် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ သတင်းပေးဒလန် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ပြည်သူကိုသစ္စာဖောက်သည့်လုပ်ရပ်တွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ဆက်လက် ကျူးလွန်နေပါက သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း တိမ်ကြားမင်းခေါင်အဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
#Dailynews

