မောင်တော- ၂၀၂၄ အောက်တိုဘာ ၇ ( မော်ကွန်း)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဈေးဝယ်ရာကနေပြန်လာတဲ့ အရပ်သားကားတစ်စီးကို ARSA မွတ်ဆလင် လက်နက်ကိုင်အဖွဲ့က ချုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မနေ့ညနေလေးနာရီခွဲဝန်းကျင်မှာ မောင်တောမြို့နယ်မြောက်ပိုင်းက တောင်ပြိုမြို့ကနေ ဈေးဝယ်ပြန်လာတဲ့ အရပ်သားကားကို ARSA အဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
” နယ်ဘက်တွေကလူတွေစုပြီးတော့ ကားနဲ့ တောင်ပြိုကိုဈေးဝယ်သွားကြတာ။ သွားတာက စုစုပေါင်း ခုနစ်ယောက်လို့ သိရတယ်။ သွားတုန်းက ဘာမှမဖြစ်ဘူး။ ဈေးဝယ်ပြီးအပြန်မှာပဲ တောင်ပြိုနဲ့ မီးတိုက်ရွာအကြားမှာ ချုံခိုတိုက်ခိုက်ခံလိုက်ရတာ။ မိန်းကလေးတစ်ယောက်ကတော့ ခေါင်းကိုကျည်ဖောက်ပြီး ပွဲချင်းပြီးပါ။ ကျန်တဲ့သူတွေလည်း ဒဏ်ရာအတော်ပြင်းကြပါတယ်” လို့ ဒီအကြောင်းကိုသိတဲ့ အထက်ပါ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီနဲ့ပေါင်းပြီး အာရက္ခတပ်တော်(AA)ကို ခုခံနေတဲ့ ဒီအဖွဲ့ရဲ့ ချုံခိုပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လကုန်တုန်းကလည်း ဘူးသီးတောင်မြို့နယ်ထဲကနေ မောင်တောမြို့နယ်ထဲကို ဈေးလာဝယ်တဲ့ အရပ်သားကားတစ်စီးထိခိုက်ခဲ့ပြီး အလယ်တန်းပြဆရာမတစ်ဦးသေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရခဲ့ပါသေးတယ်။
တောင်ပြိုမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသော်လည်း တောတောင်ထူထပ်တဲ့ နယ်စပ်ဒေသဖြစ်တာကြောင့် ARSA အဖွဲ့ဝင်တွေ အဲဒီဒေသမှာ သွားလာလှုပ်ရှားနေကြတာရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
” တောထူထပ်တဲ့နေရာတွေမှာ ARSA တွေက ပိုပြီး နေတယ်။ အဲဒီနေရာက AA က ထိန်းချုပ်ထားတဲ့နေရာဆိုတော့ AA ဘက်က လည်း မနေ့ညကတည်းက တောထဲမှာ လိုက်ရှာရှင်းလင်းနေတာတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုကြီးဖြစ်သွားတော့ ပြည်သူတွေက သွားဖို့လာဖို့ကို ကြောက်စိတ်ဝင်တာပေါ့” လို့ မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရေပိုက်နက်နယ်စပ်ဒေသဖြစ်တဲ့ မောင်တောမြို့နယ်တစ်ခုလုံးကို AA က ထိန်းချုပ်ထားပြီး လက်ရှိမှာ စစ်ကောင်စီကတော့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ(၅) တပ်စခန်းထဲကနေ AA ကို ဆက်လက်ခုခံနေရတဲ့ အခြေအနေဖြစ်ပါတယ်။
ပုံစာ- မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က တောင်ပြိုမြို့ကို တွေ့ရစဉ်။
ဓါတ်ပုံ- Google
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #Dailynews


