မောင်တော-၂၀၂၄ သြဂုတ် ၁၉ ( မော်ကွန်း)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းက စစ်ရှောင်တွေမှာ ရေမသန့်ရှင်းတာတွေကြောင့် ဝမ်းရောဂါဖြစ်နှုန်း မြင့်တက်လာပြီး ဆေးဝါးမလုံလောက်တဲ့အတွက် သေဆုံးတာတွေပါရှိလာနေတယ်လို့ ဒီအကြောင်းကိုသိတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဒီနေ့ပြောပါတယ်။
” ထမင်းကျန်ဟင်းကျန်တွေကို နှမြောလို့စားကြတာလည်းပါတယ်။ အိမ်မှာနေတုန်းကလိုမျိုး ရိက္ခာမဖူလုံတော့ အကုန်စားကြတာပဲ။ နေရာကလည်း လုံခြုံရေးကိုပဲ အဓိကထားပြီး ချထားတာဆိုတော့ နည်းနည်းတော့ ခေါင်တာပေါ့။ ခြင်ကလည်းကိုက် ၊ ရေကလည်း ကန်အပျက်အစီးတွေက ရေနောက်(မသန့်ရှင်းတဲ့ရေ)တွေကို သောက်ကြရတာဆိုတော့ ဝမ်းရောဂါဖြစ်ကုန်ကြတာ။ အများစုကတော့ ဆယ်ကျော်သက်အရွယ်တွေပါ” လို့ အထက်ပါ သတင်းရင်းမြစ်ကပြောပါတယ်။
မောင်တောစစ်ရှောင်တွေကြား ဝမ်းရောဂါ စတင်ကူးစက်ဖြစ်ပွားနေတာက ယခင်သီတင်းပတ်ကတည်းက ဖြစ်ပြီး လက်ရှိမှာ ဆေးဝါးမလုံလောက်တဲ့အတွက် ရောဂါဖြစ်သူတိုးလာနေတယ်လို့ သူကဆက်ပြောပါတယ်။
“နည်းနည်းပါးပါး ဖြစ်တာလောက်ကို ဓာတ်ဆားထုတ်လေးသောက်ပေးရင် အဆင်ပြေတယ်။ ဒါပေမဲ့ ဓာတ်ဆားထုတ်တွေပါမရှိတော့ အခြေနေမဆိုးသင့်ဘဲ ပိုဆိုးလာရတယ်။ စစ်ဘေးရှောင်တွေထဲမှာ အများစုကကျန်းမာရေးချို့တဲ့ သူတွေပါ။ ဆိုတော့ အကုန်လုံးကိုလိုက်ပြီး ဆေးဝါးကုသပေးနေရတဲ့ အပိုင်းတွေ ရှိတယ်။ လူဦးရေကလည်း အရမ်းများတော့ ရှိတဲ့ဆေးဝါးတွေနဲ့ မလောက်ငှတော့ဘူး။ ဝမ်းရောဂါဖြစ်သူကလည်း ပိုများလာတယ်” လို့ အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ရှောင်တွေကို အာရက္ခတပ်တော်(AA)က ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ကျေးရွာတွေမှာ နေရာချပေးပြီး စားနပ်ရိက္ခာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို လူမျိုး၊ ဘာသာမရွေး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ရခိုင်ဒေသဟာ စစ်ဘေး၊ ရေဘေးတွေကို တစ်ပြိုင်နက်တည်း ကြုံတွေ့နေရတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ လိုအပ်ချက်ရှိနေပြီး ဆေးဝါးမလုံလောက်တဲ့အတွက် စစ်ရှောင်တွေဟာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်လာသလို ငါးဦးသေဆုံးခဲ့ပြီလို့ ဩဂုတ် ၁၆ ရက်မှာ AA က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ ဆေးဝါးဆိုင်ရာ အကူအညီတွေ အရေးတကြီးလိုအပ်နေတာကြောင့် ကူညီပေးကြဖို့ AA က မေတ္တာရပ်ခံထားပါတယ်။
လက်ရှိမှာ စစ်တွေမြို့ကလွဲရင် ရခိုင်မြောက်ပိုင်းမှာ တစ်ခုတည်းသော စစ်ကောင်စီရှိနေသေးတဲ့ နယ်စပ်မြို့ မောင်တောကို AA က ဆက်လက်ထိုးစစ်ဆင်နေသလို စစ်ကောင်စီနဲ့ မူဆလင်လက်နက်ကိုင်အဖွဲ့တွေဟာ မြို့ခံတွေကို လူသားဒိုင်းအဖြစ် အကာကွယ်ယူ ခုခံနေကြတယ်လို့ AA က ထုတ်ပြန်ပါတယ်။
မောင်တောတိုက်ပွဲအတွင်း မြို့တွင်းမှာပိတ်မိနေတဲ့ မြို့ခံ နှစ်သောင်းကျော်ကို သူတို့ကယ်ထုတ်ပေးထားတယ်လို့ ရုပ်သံတွေနဲ့ တကွ AA ဘက်ကထုတ်ပြန်ထားပြီး အဲဒီဒေသမှာ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ကာ ရခိုင်၊ ဟိန္ဒူနဲ့ တခြားတိုင်းရင်း သားမျိုးနွယ်စုငယ်လေးတွေလည်း နေထိုင်ကြတာ ဖြစ်ပါတယ်။
AA ဟာ ရခိုင်မြောက်ပိုင်းက မောင်တောမြို့ကို သိမ်းဖို့ကြိုးပမ်းနေသလို တောင်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားဆဲ ဂွမြို့နယ်ထဲမှာလည်း တိုက်ပွဲဖော်ဆောင်လာတာကြောင့် စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဂွ၊ ဆပ်သွားနဲ့ ကျိန္တလီမြို့တွေက ဆေးရုံတွေပိတ်ထားရတာ ကြာပြီဖြစ်ပါတယ်။
ပုံစာ- မောင်တောမြို့နယ်အတွင်းက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေတဲ့ အာရက္ခတပ်တော်(AA) တပ်ဖွဲ့တချို့။
ဓါတ်ပုံ_ AA Info Desk
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

