Photo – Kyaw Lin Htoon
“နိုင်ငံရေးပါတီတစ်ခုရဲ့ မူဝါဒနဲ့ တရားဥပဒေပြဋ္ဌာန်းချက် မတူဘူး။ တရားဥပဒေပြဋ္ဌာန်းချက် တရားဥပဒေပြဋ္ဌာန်းချက်ပဲ ။ နိုင်ငံရေးမူဝါဒက နိုင်ငံရေး မူဝါဒပဲ။”
“နိုင်ငံရေးမူဝါဒအနေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို အုပ်ချုပ်ရေးအာဏာပိုင်တွေက နိုင်ငံရေးမူဝါဒအနေနဲ့ ဆောင်ရွက်မယ်လို့ကြွေးကြော်ထားတာရှိတယ်။ နိုင်ငံရေးကြွေးကြော်သံကို ကျွန်တော်တို့ကဘာမှပြောစရာမလိုဘူး။ အများပြည်သူနဲ့ ပတ်သက်တဲ့ ငွေရေးကြေးရေးဖြစ်ပေါ်လာတဲ့ ကိစ္စအပေါ်မှာ မူတည်ပြီးတော့ ဖြစ်ရပ်တစ်ခုအပေါ်မှာဆုံးဖြတ်ရတာရှိတယ်။”
“အခြေခံဥပဒေပြဋ္ဌာန်းချက်နဲ့ ပတ်သက်ရင် ဒီအပေါ်မှာ မူတည်ပြီးတော့အရင်အစိုးရဟောင်းရဲ့ တရားစွဲခြင်း၊ အရေးယူခြင်းမရှိစေရဆိုတာပုဒ်မ၄၄၅မှာပြဋ္ဌာန်းထားတယ်။၂ဝ၁၁၊ဇန်နဝါရီ၃၁ရက်အခြေခံဥပဒေအာဏာတည်ပြီးနောက်သမ္မတကြီးဦးသိန်းစိန်အစိုးရသက်တမ်းအတွင်းမှာအစိုးရအဖွဲ့ဆောင်ရွက်ချက်အပေါ်မှာတရားစွဲခြင်း၊အရေးယူခြင်း မရှိစေရလို့ အခြေခံဥပဒေက ကင်းလွတ်ခွင့်ပေးထားတာ မဟုတ်ဘူး။”
“သမ္မတကြီးဦးသိန်းစိန်အစိုးရလက်ထက် ဦးဆန်းဆင့် သိန်းတစ်ရာကိစ္စမှာ သိန်း၇ဝ က အစိုးရပိုက်ဆံဆိုပြီးတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄ဝ၉ အရတရားစွဲပြီးတော့ ပြစ်ဒဏ်ပေးခဲ့တာပဲ။ ဒါကတော့ ဥပဒေပြဋ္ဌာန်းချက်ပေါ့။”
“ဥပဒေကျတော့ အများပိုင်ပစ္စည်း၊ အများပိုင်ဆိုင်တဲ့ ငွေတွေကိုမရိုးဖြောင့်တဲ့သဘောနဲ့ အလွဲသုံးစားလုပ်မယ်ဆိုရင်တော့ ၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ ၁၉၆၃ ခုနှစ် အများနဲ့ သက်ဆိုင်တဲ့ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေဆိုပြီးတော့ နှစ်ခုရှိတာပဲ။”
“ဖြစ်ရပ်တစ်ခုက အဲဒီဥပဒေမှာ သတ်မှတ်ထားတဲ့ အင်္ဂါရပ်တွေနဲ့ အကျုံးဝင်တယ်၊ချိုးဖောက်တယ်ဆိုရင်တော့ ဒါက နောက်ကြောင်းပြန်တာတို့၊ ရှေ့ရောက်ရှိတာတို့စကားလုံးဝေါဟာရက အဓိကမဟုတ်တော့ဘူး။ ဥပဒေအရ ငြိစွန်းတယ်ဆိုရင်အရေးယူမလား၊ မယူဘူးလားဆိုတဲ့ ပြဿနာက ဥပဒေရဲ့ ပြဋ္ဌာန်းချက်အပေါ်မှာဘယ်လိုသဘောထားရသလဲဆိုတဲ့ အချက်က အရင်းခံပဲ’ ”
၂၀၁၇-မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၆)မှ ပညာရှင် သုံးသပ်ချက် ဖြစ်ပါသည်။