မူးယစ်ဥပဒေသစ် အလုပ်မဖြစ်သေး

၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ  Cover Story ဖြစ်ပါသည်။

မူးယစ်ဥပဒေသစ် အလုပ်မဖြစ်သေး

ကျော်ဇေယျ ရေးသည်။

ရန်ကုန် (မေ၊ ၂ဝ၁၉)

အပြာရင့်ရောင် အချုပ်ကားတစ်စီး ဗဟန်း မြို့နယ် တရားရုံးထဲ ထိုးဆိုက်လာတယ်။ အဲဒီ ကားပေါ်ကနေ အင်းစိန်ထောင်အချုပ်က ရုံးထုတ် လာတဲ့ လူတချို့ လက်ထိပ်တန်းလန်းနဲ့ အတွဲလိုက် ဆင်းလာကြတယ်။

သူတို့ကိုသံတိုင်တွေ၊ သစ်သားတိုင်တွေ၊ သံဆူးကြိုးတွေနဲ့ အထပ်ထပ် ကာရံထားပြီး လေးဖက်ထောက်ဝင်ရတဲ့ အပေါက်ပု လေးတွေသာ ရှိတဲ့ အချုပ်ခန်းတွေထဲ အမျိုးသား၊ အမျိုးသမီး သပ်သပ်စီ ခွဲထည့်ကာ ချုပ်ထားလိုက်ကြတယ်။

ဒီမြင်ကွင်းဟာ ဧပြီ ၁ဝ ရက်က မြင်ခဲ့ရတာဖြစ်ပြီး အဲဒီနေ့ အတွက် ရုံးထုတ်လာတာ စုစုပေါင်း ၃၃ ယောက်ဖြစ်ပါတယ်။ အမျိုးသား ၂၇ ယောက်၊ အမျိုးသမီး ခြောက်ယောက်လို့ အချုပ် ခန်းနံရံက ဘုတ်ပြားမှာ ရေးထားတယ်။ ဒီလူတွေထဲက ၂၂ ယောက် (သုံးပုံနှစ်ပုံ)ဟာ မူးယစ်ဆေးဝါးအနည်းငယ် လက်ဝယ် တွေ့ရှိလို့ အဖမ်းခံကြရတဲ့သူတွေ ဖြစ်ပါတယ်။

Photo-Thet Oo Mon ဘိန်းဖြူသုံးစွဲဖို့ပြင်ဆင်
Photo-Thet Oo Mon ဘိန်းဖြူသုံးစွဲဖို့ပြင်ဆင်

ဆယ်စုနှစ်တွေနဲ့ချီကာ မူးယစ်ဆေးဝါးသုံးသူတွေကို ထောင်ဒဏ်အပြစ်ပေးနေရာကနေ ဆေးဝါးကုသပေးတာ၊ ပြန် လည် ထူထောင်ရေးလုပ်ပေးတာနဲ့ လူမှုရေးပြစ်ဒဏ်တွေသာ အပြစ်ပေးဖို့ ၂ဝ၁၈ ဖေဖော်ဝါရီမှာ ပြင်ဆင်အတည်ပြုလိုက်တဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ(မူး/စိတ်ဥပဒေ) မှာ ပြဋ္ဌာန်းခဲ့ပါတယ်။

ဒါပေမဲ့ မူးယစ်ဆေးဝါးအနည်းငယ် လက်ဝယ်တွေ့ရုံနဲ့ ဖမ်းဆီးထောင်ချနိုင်တဲ့ပုဒ်မ ၁၆()ကို မပြင်ဆင်ဘဲ ဆက်လက် ပြဋ္ဌာန်းခဲ့တာကြောင့် လမ်းကြောင်းမှန်ပေါ် ရောက်လုဆဲဆဲ မူး ယစ်ဆေးဝါး တိုက်ဖျက်ရေး ကြိုးပမ်းချက်ဟာ သဲထဲရေသွန် ဖြစ် ခဲ့ရတယ်လို့ မူးယစ်ဆေးဝါးဆိုင်ရာ လေ့လာသူတွေက ပြောကြ တယ်။ အကျိုးဆက်က အရင်ဥပဒေဟောင်းလိုပဲ သုံးစွဲမိသူတွေ ဟာ ဆက်လက် ထောင်ချခံနေရဆဲပဲလို့ လေ့လာသူတွေက ဆို ပါတယ်။

““ဘာမှမထူးဘူး။ အရင်အတိုင်းပဲ ပြန်ဖြစ်သွားတယ်””လို့ အာရှဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သော အန္တရာယ် လျော့ပါးရေးအဖွဲ့မြန်မာ (Asian Harm Reduction Network-Myanmar – AHRN) ရုံးက အစီအစဉ် ညှိနှိုင်း ရေးမှူး တစ်ဦးဖြစ်သူ ဒေါက်တာလင်းအောင်သူက ပြောပါတယ်။ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂ဝဝ၃ ကတည်းက မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ သူတို့မိသားစုဝင်တွေ၊ ပတ်ဝန်းကျင်တွေကြား အိပ်ချ်အိုင်ဗွီ၊ အသည်းရောင်အသားဝါနဲ့ တီဘီရောဂါတွေ ကူးစက်ပြန့်ပွားမှု လျော့ ကျရေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ပုဒ်မ ၁၆() နဲ့ စွဲချက်တင်ခံရသူကို ထောင်ဒဏ် ငါးနှစ်ကနေ ၁ဝနှစ်ကြား ချမှတ်ရမယ်လို့ ၂ဝ၁၈၊ မူး/စိတ်ဥပဒေမှာ လမ်းဩန်ထားတယ်။

လူတစ်ယောက်ဆီမှာ ဆေး ခြောက်၊ ဆေးခြောက်အဆီ၊ ကိုကားရွက် ဆိုရင် ၁ဝဝ ဂရမ် (ကော်ဖီမစ်ငါးထုပ်စာ ခန့်) အထိနဲ့ အခြား ဘိန်းဖြူ၊ မော်ဖင်း၊ ဘိန်းစိမ်း၊ ကိုကင်း၊ စိတ်ကြွရူးသွပ်ဆေး၊ မက်အက်ဖီတမင်း ဟိုက်ဒရိုကလိုရိုက် (အိုက်စ်)၊ အက်ဖီဒရင်းနဲ့ ဆူဒိုအက်ဖီ ဒရင်းဆိုရင် သုံးဂရမ်အထိ သက်သေတွေ့ ခဲ့ရင် လက်ဝယ်တွေ့ရှိမှုပုဒ်မ ၁၆ () နဲ့ ဖမ်းရမယ်လို့ မူး/စိတ်ဥပဒေက ဆိုတယ်။

Photo- Kaung Htet San ကချင်ပြည်နယ် မိုးကောင်းမြို့အနီး စာသင်ကျောင်းတစ်ခုတွင်စိုက်ထူထားသည့် မူးယစ်ပညာပေးဆိုင်းဘုတ်
Photo- Kaung Htet San ကချင်ပြည်နယ် မိုးကောင်းမြို့အနီး စာသင်ကျောင်းတစ်ခုတွင်စိုက်ထူထားသည့် မူးယစ်ပညာပေးဆိုင်းဘုတ်

ဒီထက်ပမာဏကျော်သွားရင် တော့ အဲဒီလူဟာရောင်းဝယ်၊ ဖောက် ကားရန် လက်ဝယ်ထားတယ်လို့ သတ် မှတ်ပြီး အနည်းဆုံး ထောင်ဒဏ် ၁ဝ နှစ် ကနေ တစ်သက်တစ်ကျွန်းအထိ ချမှတ် နိုင်တဲ့ အခြားပုဒ်မတွေနဲ့ စွဲချက်တင်ဖို့ ဥပဒေက လမ်းဩန် ထားတယ်။

မိမိတစ်ကိုယ်ရေသုံးစွဲဖို့ မူးယစ် ဆေးအနည်းငယ် လက်ဝယ်ဆောင်ထား ရုံနဲ့ ထောင်ထဲမှာ အနည်းဆုံး ငါးနှစ်နေရ ဖို့ သတ်မှတ်ထားတဲ့ ပုဒ်မ ၁၆ () ပြဋ္ဌာန်း ချက်ဟာ လွဲချော်နေတဲ့ စီမံခန့်ခွဲမှုလို့ မူးယစ်ဆေးဝါးဆိုင်ရာ လေ့ လာသူတွေက သုံးသပ်ပါတယ်။ ကိုယ်တိုင် သုံးစွဲဖို့ ပမာဏအနည်းငယ် ဆောင်ထားမိသူတွေ ကို ထောင်သွင်းအကျဉ်းချတာထက် စီမံခန့်ခွဲမှုနည်းလမ်းအရသာ အရေးယူ အပြစ်ပေးတာမျိုး ဖြစ်သင့်တယ်လို့ လေ့ လာသူတွေက ပြောကြတယ်။

““မူးယစ်ဆေးဝါးသုံးစွဲသူတွေကို တကယ်ကူညီချင်တယ် ဆိုရင်တော့ ဒီ ပုဒ်မ ၁၆()ကိုတော့ ပြန်လည် စဉ်းစား သုံးသပ်သင့်တယ်””လို့ မူးယစ်ဆေးဝါး မူဝါဒပြုပြင်ပြောင်းလဲရေးထောက်ခံ ဆွေးနွေးရေးအဖွဲ့မြန်မာ (DPAG)က ညှိ နှိုင်းရေးတာဝန်ခံ နန်းပန်းအိခမ်းက ပြော ပါတယ်။ ဒီအဖွဲ့က မြန်မာနိုင်ငံမူးယစ်ဆေး ဝါးတိုက်ဖျက်ရေးကဏ္ဍမှာ အလုပ်မဖြစ်ခဲ့ တဲ့ ၁၉၉၃ မူး/စိတ် ဥပဒေကို ပြုပြင် ပြောင်းလဲဖို့ အစဉ်တစိုက်တိုက်တွန်းနေ တဲ့ အဖွဲ့ဖြစ်ပါတယ်။

““လက်ဝယ်မှာတွေ့ရှိသူကို (တစ် ကိုယ်ရေသုံးဖို့ ဆောင်ထားမိသူကို) ဖမ်းနေသေးတယ်ဆိုရင်တော့ ကုသမှုစခန်း တွေ ဘယ်လောက်ပဲ ဖွင့်ထား၊ ဖွင့်ထား။ ထောင်တွေထဲကိုပဲ ဒီလူတွေ ဟာ ရောက် နေကြဦးမှာပဲ””လို့ နန်းပန်းအိခမ်းက ဆိုတယ်။

အကျဉ်းဦးစီးဌာနပြောခွင့်ရသူဖြစ်တဲ့ ဦးမင်းထွန်းစိုးကတော့ လက်ရှိနိုင်ငံ အဝန်းက အကျဉ်းထောင်တွေမှာရှိတဲ့ လူဦးရေရဲ့ ထက်ဝက်ကျော်လောက်က မူး ယစ်ဆေးဝါးအမှုနဲ့ ရောက်ရှိနေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆေးသုံးစွဲသူတစ်ဦးဟာ မိမိတစ် ကိုယ်ရေသုံးစွဲဖို့ လက်ဝယ်မှာ ဆေးပမာဏတစ်ခုကို ဆောင်ထားမိကြမှာဖြစ်ပြီး ဒီလူတွေကို လက်ဝယ်တွေ့ရှိမှုပုဒ်မနဲ့ ဖမ်းဆီးထောင်ချ အပြစ်ပေးတာထက် ဥပဒေ ပုဒ်မ ၁၅ မှာ လမ်းဩန်ထားတဲ့ ဆေးသုံးစွဲသူကိုတွေ့ရင် စီမံခန့်ခွဲမှုပြစ်ဒဏ်ပေးဖို့ သတ်မှတ်ချက်အတိုင်းသာ အရေးယူတာမျိုး ဖြစ်သင့်တယ်လို့ နန်းပန်းအိခမ်းက ပြောပါတယ်။

ဖြုတ်ချခံရတဲ့ ခြွင်းချက်

၂ဝ၁၈ ဖေဖော်ဝါရီမှာ ပြင်ဆင် အတည်ပြုလိုက်တဲ့ မူး/ စိတ်ဥပဒေမှာ တော့ ယခင် ၁၉၉၃ ဥပဒေရဲ့ ပုဒ်မ ၁၅ မှာ ပြဋ္ဌာန်းထားတဲ့ တားမြစ်မူးယစ်ဆေးဝါး တစ်ခုခုကို သုံးစွဲထားတယ်လို့ ဆေးစစ် တွေ့ရှိရုံနဲ့ ထောင်ဒဏ်သုံးနှစ်ကနေ ငါးနှစ် ချမှတ်ရမယ်ဆိုတဲ့အချက်ကို ပယ်ဖျက်လိုက်ပါတယ်။

ဒီအစား တားမြစ်မူးယစ်ဆေးဝါး သုံးတယ်လို့ စစ်ဆေးတွေ့ ရှိရင် ဒီလူကို ဆေးဝါးကုသမှုခံယူစေကာ ပြန်လည်ထူ ထောင်ရေး ဌာနတွေရဲ့ ပြုစုပျိုးထောင် မှုကိုခံယူဖို့ သတ်မှတ်လိုက်တယ်။ ဒီစည်းကမ်းကို မလိုက်နာသူဆိုရင်တော့ စီမံခန့်ခွဲမှု နည်းလမ်းနဲ့ အရေးယူမှုအဖြစ် အများပြည်သူဆိုင်ရာ နေရာတွေမှာ လူမှုရေး ပြစ်ဒဏ်အနေနဲ့ တစ်ရက် နှစ် နာရီနှုန်းနဲ့ နာရီ ၂၄ဝ ကနေ ၃၆ဝ အထိ အခမဲ့လုပ်အားပေးဖို့ တရားရုံးက သတ်မှတ်နိုင်တယ်လို့ ဥပဒေကလမ်းညွှန်ထားတယ်။

ဒီလိုပြင်ဆင်ချက်မျိုးဟာ နိုင်ငံမှာ ကြုံနေရတဲ့ မူးယစ်ဆေးဝါးပြဿနာကို အများပြည်သူ ကျန်းမာရေးပြဿနာ အဖြစ် နားလည်သဘောပေါက် ပြင်ဆင်တာဖြစ်တဲ့အတွက် ကြိုဆိုတယ်လို့ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးကဏ္ဍမှာ ပါဝင် ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဆေးသုံးတယ်လို့ စစ်ဆေးတွေ့ရှိရုံ နဲ့ ထောင်ချပစ်တဲ့ ဥပဒေဟောင်းကို ပိုကောင်းအောင် ပြင်လိုက်နိုင်ပေမယ့် ပုဒ်မ ၁၆ () ပြဋ္ဌာန်းချက်ကို ခွဲခြားအဓိပ္ပာယ် ဖွင့်ဆိုပြင်ဆင်တာမျိုး မလုပ်နိုင်ခဲ့တာကြောင့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းတဲ့နေရာမှာ မထိရောက်သလို ဆက်ဖြစ်နေရတာလို့ ဒေါက်တာလင်း အောင်သူက ဆိုပါတယ်။

ပုဒ်မ ၁၆ ()ကိုသာ ခွဲခြားပြင်ဆင်နိုင်ခဲ့ရင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ခရီးလမ်းဟာ အရွေ့တစ်ခုကို ရောက်သွားနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြတယ်။

တကယ်တော့ ၁၆ () ရဲ့ ပြဿနာ ကြောင့် ဖြန့်ချိသူ၊ ထုတ်လုပ်သူ၊ ရောင်းချ သူတွေနဲ့ရောပြီး သုံးစွဲသူတွေပါ အပြစ်ပေးခံနေရတာကို မြင်မိလာတဲ့အတွက် ဒီပုဒ်မရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ တစ် ကိုယ်ရေသုံးစွဲဖို့ လက်ဝယ်ဆောင်ထား မိသူတွေကိုတွေ့ရှိရင် ရာဇဝတ်ပြစ် ဒဏ်မပေးဘဲ ပုဒ်မ ၁၅ အရသာအရေး ယူဖို့ ပြည်ထဲရေးဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ( မူး/ စိတ်/တားဗဟိုအဖွဲ့) က ကြိုးပမ်းခဲ့သေးတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

မူး/စိတ်/တားဗဟိုအဖွဲ့က ၁၉၉၃ မူး/စိတ်ဥပဒေကို ပြင်ဆင်ဖို့ လွှတ် တော်ကို စတင်ရေးဆွဲပေးပို့လိုက်တဲ့ ပြင် ဆင်ချက် မူလဥပဒေမူကြမ်းမှာဆိုရင် ““မူးယစ်ဆေးဝါးသုံးစွဲသူက မိမိ ကိုယ်တိုင် သုံးစွဲရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတ်မှတ်သည့် ပမာဏထက် မပိုသော မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးကို လက်ဝယ်ထားရှိခြင်းနှင့် သက်ဆိုင်ခြင်း မရှိစေရ””လို့ ခြွင်းချက်ထည့်သွင်းကာ ဆေးသုံးစွဲသူတွေနဲ့ လက်ဝယ်တွေ့ရှိမှုပုဒ် မ ၁၆ () ပြဋ္ဌာန်းချက်မသက်ဆိုင်အောင် အဓိပ္ပာယ်ဖွင့် ခွဲခြားပြင်ဆင်ခဲ့သေးတယ် လို့ လေ့လာသူတွေက ရှင်းပြတယ်။

ဒါပေမဲ့ ဒီအချက်ကို လွှတ်တော် ကိုယ်စားလှယ်တွေက ဖြုတ်ပစ်လိုက်ပြီး မူလ ၁၉၉၃ မူး/စိတ် ဥပဒေ ပြဋ္ဌာန်းချက် အတိုင်း လက်ဝယ်တွေ့ရှိတာနဲ့ ထောင်ချ ပစ်မယ့် ပြဋ္ဌာန်းချက်ကို မပြင်မဆင် ဆက် လက်ထားရှိခဲ့တာကြောင့် နိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီရင်ဆိုင်နေရတဲ့ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းချက်ဟာ ခရီးမတွင် ဖြစ်သွားရတယ်လို့ မူးယစ် ဆေးဝါးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ကြိုး ပမ်းနေကြသူတွေက ဆိုပါတယ်။

““အဓိကက အဲဒီစာကြောင်းလေး။ အဲဒီစာကြောင်းလေးက ဒီကဏ္ဍထိ ရောက်အောင်မြင်ရေးအတွက် အသက် ပဲ”လို့ ဒေါက်တာလင်းအောင်သူက ဆိုတယ်။

““အဲဒီ စာကြောင်းလေးမှာက တစ် ကိုယ်ရေသုံးစွဲမှုဆိုတာကို သတ်မှတ်ပေးတာ။ အဲဒါကို ဖြုတ်လိုက်တာပေါ့။ အဲဒီတော့ ပြင်ဆင်လိုက်တဲ့ဥပဒေဟာလည်း အရင်ဥပဒေအတိုင်း ထူးမခြားနားဖြစ် သွားတယ်””လို့ ဒေါက်တာလင်းအောင်သူက ဆိုတယ်။

ဒီပုဒ်မ ၁၆ ()ရဲ့ နောက်ဆက်တွဲ ခြွင်းချက်သာ အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ရင် တစ်ကိုယ်ရေ သုံးစွဲဖို့ လက်ဝယ်ဆောင် ထားမိသူတွေကိုတွေ့ခဲ့ရင် အကျဉ်း ထောင်တွေအစား ထိုသူတွေဟာ ဆေးဝါး ကုသပေးတာ၊ ပြန်လည်ထူထောင်ရေး လုပ်ပေးတာတွေ ခံယူကြရမှာ ဖြစ်တယ်လို့ လေ့လာသူတွေက ရှင်းပြပါတယ်။

Photo-Zayar Hlaing ဖမ်းဆီးရမိထားသောဘိန်းဖြူများ ပြသနေစဉ်
Photo-Zayar Hlaing ဖမ်းဆီးရမိထားသောဘိန်းဖြူများ ပြသနေစဉ်

နန်းပန်းအိခမ်းကတော့ ပုဒ်မ ၁၆ () နောက်က ခြွင်းချက် ပြဋ္ဌာန်းချက် ပယ်ဖျက်ခံရတာဟာ အများပြည်သူ အနေနဲ့ ““မူးယစ်ဆေးဝါးသုံးစွဲမှုကို တရား ဝင်ခွင့်ပြုလိုက်တယ်လို့ ထင်မှာစိုးတဲ့ အတွက်ကြောင့်မို့ ဒီအချက်ကို ဥပဒေ ပြုသူတွေဟာ ဖြုတ်ချလိုက်တယ်လို့ ကျွန်မတို့ ပြန်သိရတယ်”လို့ ပြောပြတယ်။

ဘဝမပျက်တောင် စီးပွားပျက်မယ်

ဧပြီ ၁ဝ ရက်က ဗဟန်းမြို့နယ် တရားရုံးကို ရုံးထုတ်လာသူ တွေထဲက ၂၂ ယောက်ဟာ မူးယစ်ဆေးအနည်းငယ် လက်ဝယ်မှာတွေ့ရှိလို့ ဖမ်းဆီးခံကြရ သူတွေဖြစ်ပြီး သူတို့ကို မူး/စိတ်ဥပဒေ ပုဒ်မ၁၆() နဲ့ စွဲချက်တင် စစ်ဆေးနေ တာပါ။ အားလုံးလိုလိုဟာလည်း ကျောင်း သားအရွယ်၊ လုပ်ငန်းခွင်ဝင်ခါစအရွယ် လူငယ်တွေပါ။

အဲဒီအထဲမှာ အသက် ၂၁ နှစ် အရွယ်တက္ကသိုလ်မှာ စိတ်ပညာလေ့လာ နေတဲ့ ကျောင်းသူ မဝေ(အမည်လွှဲ) လည်း ပါပါ တယ်။ ကုန်ခဲ့တဲ့ ဖေဖော်ဝါရီလ အစပိုင်းလောက်တုန်းက သူငယ်ချင်းတစ် ဦးရဲ့ မွေးနေ့ပါတီပွဲသွားရင်း မဝေလည်း အခြားသူငယ်ချင်းတစ်ဦးနဲ့အတူ ဆေး ခြောက်အနည်းငယ် သုံးစွဲမိခဲ့တယ်။ မွေး နေ့ပွဲကအပြန် ထပ်မံစမ်းသပ်ဖို့ နှစ် ဂရမ်လောက်ပမာဏရှိတဲ့ ဆေးခြောက်ခဲ တစ်ခုကို သူ့ရဲ့ပိုက်ဆံအိတ်ထဲမှာ ထည့် သယ်လာခဲ့တယ်လို့ ဆိုတယ်။

ကံဆိုးချင်တော့ အိမ်အပြန်လမ်း ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းနားမှာ သူတို့ ကားကို စစ်ဆေးရေးအဖွဲ့က ရှောင်တခင် တားပြီး စစ်ဆေးတဲ့အခါ ပိုက်ဆံအိတ်ထဲ က ဆေးခြောက်ကို ရဲကတွေ့သွားခဲ့တယ်။ ဒါကြောင့် ရဲက သူ့ကိုဖမ်းပြီး မူး/ စိတ် ဥပဒေ ပုဒ်မ ၁၆ () နဲ့ စွဲချက်တင်လိုက် တာဖြစ်ပါတယ်။

““မူးယစ်မှုဆိုရင်တော့ စီးပွားပျက် ရင်ပျက်၊ မဟုတ်ရင် ဘဝပျက်မယ်လို့ ဒီ တရားရုံးက ရှေ့နေတစ်ဦးက ပြောပြ တယ်”” လို့ မဝေရဲ့ဖခင် ဦးအေး(အမည်လွှဲ)က ပြောပြတယ်။

သမီးဖြစ်သူ စတင်ဖမ်းဆီးခံရက တည်းက သူကုန်ကျထားပြီးဖြစ်တဲ့ စရိတ်တွေကို ဦးအေးက မပြောပြပေမယ့် မူး ယစ်ဆေးဝါးအမှုတွေအတွက် ရှေ့နေ ငှားခက ကျပ်သိန်း ၃ဝ ကနေ ၅ဝ အကြား ပေါက်ဈေးရှိတယ်လို့ သူက ပြောပြတယ်။ သမီးအတွက် သူလည်း ရှေ့နေတစ်ဦးကို ငှားရမ်းထားပါတယ်။

သမီးဖြစ်သူ အခုလိုအဖြစ်နဲ့ ကြုံ ရပေမယ့် သူ့ကလေး အမှားအယွင်းလုပ် တယ်လို့ မခံစားရဘူးလို့ ဦးအေးက ပြော တယ်။ အလွှာစုံလူတန်းစားအကြား ပေါ ပေါလောလောနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေတဲ့ အမျိုးအစားစုံလင်လှတဲ့ မူးယစ်ဆေးဝါးတွေကို စူးစမ်းလိုကြတဲ့ လူငယ်တွေအဖို့ တစ်ကွေ့မဟုတ် တစ်ကွေ့ စမ်းသပ်မိကြမှာပဲ ဆိုတာကို သူ့အနေနဲ့ နားလည်ထားတယ်လို့ ကုန်သည်တစ်ဦး ဖြစ်သူ ဦးအေးက ပြောပါတယ်။

““လူငယ်တွေဆိုတာတော့ စမ်းသပ် ချင်ကြတာပဲ။ အခုက မူးယစ်ဆေးဝါး ကြောင့် ထိခိုက်ရတာမဟုတ်ဘူး။ ဥပဒေ က ဖိနှိပ်ထားလို့ ထိခိုက်ရသလို ဖြစ်နေ တယ်”” လို့ သမီးဖြစ်သူရဲ့ ရုံးထုတ်ကို လာ တဲ့ ဦးအေးက ပြောတယ်။ သူ့ကလေးဟာ ဆိုးသွမ်းလူငယ်တစ်ဦးမဟုတ်ဘဲ သူ့ အလုပ်၊ သူ့အကိုင်နဲ့ အညွန့်တလူလူတက် နေသူဖြစ်တယ်လို့ သူက ပြောပြတယ်။

ဦးအေးနဲ့ စကားပြောနေချိန် အမျိုး သမီးအချုပ်ခန်းအတွင်းမှာ မဝေနဲ့ သူ့ရဲ့ တက်္ကသိုလ်ကျောင်းက ဆရာမဖြစ်သူတို့ လည်း စကားပြောနေကြပါတယ်။ မဝေ အနေနဲ့ ထောင်အချုပ်ထဲကနေ တက္ကသိုလ် စာမေးပွဲ ဆက်လက်ဖြေဆိုနိုင်ဖို့ ဆရာမ ဖြစ်သူနဲ့ ညှိနှိုင်းနေတာလို့ ဦးအေးက ပြောပြတယ်။

မိခင်ဖြစ်သူကတော့ အချုပ်ခန်း အဆောက်အအုံအပြင်ဘက် နေပူပူကနေ သမီးဖြစ်သူကို ငေးငိုင်လို့သာ ကြည့်နေပါ တယ်။

နိုင်ငံတကာမှာ မူးယစ်ဆေးဝါးသုံး စွဲမှုကို တိုင်းပြည်လူသား အရင်းအမြစ်ရဲ့ ကျန်းမာရေးပြဿနာအဖြစ် ရှုမြင် ပြောင်းလဲ စီမံခန့်ခွဲလာကြလို့ အောင်မြင် မှုတွေရလာကြပေမယ့် မြန်မာအပါအဝင် အာရှဒေသက နိုင်ငံတချို့ကတော့ မူးယစ် ဆေး သုံးစွဲသူတွေကိုဖိနှိပ်ကာ နှစ်ရှည် ထောင်ဒဏ်တွေနဲ့ အပြစ်ပေးအရေးယူ နေကြတုန်းပဲရှိသေးပြီး အောင်မြင်မှု လည်း မရရှိကြသေးဘူးလို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲလို သူတွေက သုံးသပ်ကြပါတယ်။

Photo-DPAG စိတ်ကြွဆေးပြားသုံးစွဲရန် ပြင်ဆင်ထားစဉ်
Photo-DPAG စိတ်ကြွဆေးပြားသုံးစွဲရန် ပြင်ဆင်ထားစဉ်

လူကြိုက်များလာတဲ့ စိတ်ကြွဆေး

မြန်မာပြည်မှာဆိုရင် ဆယ်စုနှစ် ပေါင်းများစွာ မူးယစ်ဆေးဝါးတိုက်ဖျက် ရေးကို ဆောင်ရွက်ခဲ့ပေမယ့် ရလဒ်က ကမ္ဘာ့ထိပ်တန်းအဆင့် မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ တိုင်းပြည်တစ်ခုအဖြစ် သတ်မှတ်ခံလာနေရသလို ပြည်တွင်းမှာ လည်း လူငယ် တွေကြား မူးယစ်ဆေးဝါး သုံးစွဲကြတဲ့ ပြဿနာက မြင့်တက်လာပြီး ကပ်ရောဂါတစ်ခုလို အသွင်ဆောင်လာပြီ လို့ လေ့လာသူတွေက သုံးသပ်ကြတယ်။

အာရှတိုက်ရဲ့ ဘိန်းစိုက်ပျိုးမှု၊ စိတ် ကြွဆေးပြားထုတ်လုပ်မှုအကြောင်းတွေကို သုတေသနပြုနေတဲ့ အပြည်ပြည်ဆိုင် ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Transnational Institute (tni) အဖွဲ့က ဒီနှစ်ဇန်နဝါရီမှာ ထုတ်ပြန်ထားတဲ့ မြန်မာ၊ ထိုင်းနဲ့ တရုတ်တောင်ပိုင်းရဲ့ မက် အမ်ဖီတမင်း (စိတ်ကြွဆေးပြား) သုံးစွဲမှု အကြောင်း လေ့လာထားတဲ့ စစ်တမ်း တစ်ခုအဆိုအရ ဒီဒေသတွေမှာ စိတ်ကြွ ဆေးသုံးစွဲမှုဟာ ဆယ်စုနှစ်နဲ့ချီ အမြစ် တွယ်ခဲ့ပြီလို့ ဆိုတယ်။ ဖိနှိပ်ပြီး ချုပ်ချယ် ထားတဲ့ မူဝါဒတွေနဲ့ ဥပဒေတွေဟာ ဒီ ဒေသထဲက စိတ်ကြွဆေးသုံးစွဲမှုတွေကို တားဆီးဖို့ရာ မထိရောက်တဲ့ နည်းလမ်းတွေ ဖြစ်နေတယ်လို့ ဒီစစ်တမ်းမှာ သုံးသပ်ထားတယ်။

စိတ်ကြွဆေးပြားဟာ မြန်မာနိုင်ငံ မှာဆိုရင် လူတန်းစားအလွှာစုံအကြား ရေပန်းစား လူကြိုက်များတဲ့ အရာတစ်ခု ဖြစ်လာနေပြီး အခုနောက်ပိုင်းဆိုရင် “အိုက်စ် (ှုခန) ” လို့ လူသိများတဲ့ စိတ်ကြွ ဆေးပြားအကြည်ရောင်ဟာ ဈေးကွက် မှာ ပိုမိုနေရာယူလာတယ်လို့ ဒီစစ်တမ်းမှာ ဖော်ပြတယ်။ “အိုက်စ်”ဟာ ရိုးရိုးစိတ်ကြွ ဆေးတွေထက် ပိုမိုပြင်းထန်တဲ့ အာနိသင် ရှိသလို ဈေးလည်း ပိုကြီးတယ်လို့ TNI က ဖော်ပြတယ်။ လူကို မူးယစ်ထုံထိုင်းစေတဲ့ဓာတ်အာနိသင်ဟာ ရိုးရိုးစိတ်ကြွဆေး ပြားတွေမှာ ၂ဝ ရာခိုင်နှုန်း လောက်သာ ပါပေမယ့် “အိုက်စ်”မှာ ၈ဝ ရာခိုင်နှုန်းအထိ ပါဝင်နေတယ်လို့ TNI က ဖော်ပြတယ်။

ဒါ့အပြင် စိတ်ကြွဆေးပြား သုံးစွဲသူ တွေကြား ယခင်က ဆေးပြားကိုမီးရှို့၊ ထွက်လာတဲ့အငွေ့ကို ရှူရှိုက် အသုံးပြုကြ တဲ့ သုံးစွဲပုံကနေ အခုနောက်ပိုင်း ဒီဆေး တွေကို အရည်ဖျော်ကာ ဆေးထိုးအပ် တွေနဲ့ အကြောထဲထိုးသွင်းအသုံးပြုကြတဲ့ ပုံစံတွေလည်း မြေပြင်မှာတွေ့မြင်လာရ တယ်လို့ စစ်တမ်းပြုစုသူတွေက ပြောပါတယ်။

ဒီလိုသုံးစွဲမှုပုံစံ ပြောင်းလာတာက မူးယစ်ဆေးသုံးစွဲသူတွေကြား ရောဂါကူး စက် ပြန့်ပွားဖို့ ပိုမိုအန္တရာယ်မြင့်မားလာ စေတယ်လို့ မူးယစ်ဆေးဝါးသုံးစွဲမှု နောက် ဆက်တွဲ အန္တရာယ်လျော့ကျရေးလုပ်ငန်း ဆောင်ရွက်နေသူတွေက ဆိုတယ်။

စိတ်ကြွဆေးပြားတွေကို ရန်ကုန်မြို့ နဲ့ မြန်မာပြည်တောင်ပိုင်းက မြိတ်မြို့လို နေရာတွေမှာ ပိုမိုသုံးစွဲကြတာကိုတွေ့ရ တယ်လို့ TNI ရဲ့ “မြန်မာ၊ ထိုင်းနှင့် တရုတ် တောင်ပိုင်းဒေသရှိ မက်အမ်ဖီတမင်းသုံး စွဲမှု” စစ်တမ်းမှာ ဖော်ပြတယ်။ စိတ်ကြွဆေးပြားတွေရဲ့ ဈေးနှုန်းဟာလည်း တဖြည်းဖြည်းနိမ့်ဆင်းလာပြီး အများ လက်လှမ်းမီတဲ့ဈေးနှုန်းတွေ ဖြစ်လာ တယ်လို့ စစ်တမ်းမှာ ဖော်ပြတယ်။

ရန်ကုန်နဲ့ မြိတ်လို နေရာတွေမှာ ယခင်ငါးနှစ်တုန်းက စိတ်ကြွဆေးတစ် ပြားကို ကျပ် ၅,ဝဝဝ ရှိခဲ့ရာကနေ အခု တော့ ကျပ် ၂,ဝဝဝ၊ ၂,၅ဝဝ ဝန်းကျင်နဲ့ ဝယ်ယူနိုင်တယ်လို့ ဒီနှစ် ဇန်နဝါရီမှာ ထုတ်တဲ့ ဒီစစ်တမ်းမှာ ဖော်ပြတယ်။ ဆေး ပြားဝယ်ယူရမှု လွယ်ကူမှုအခြေအနေက တော့ လူတစ်ဦးချင်းစီရဲ့ အဆက်အသွယ် နဲ့ ကွန်ရက်အပေါ်မှာ ကွာခြားတယ်လို့ tni စစ်တမ်းမှာ ဆိုတယ်။

““လူငယ်တွေရော၊ လူကြီးတွေရော မက်အမ်ဖီတမင်း သုံးရတာကို သဘော ကျကြတယ်။ ညကားသမားတွေက အိပ် မငိုက်အောင် သုံးကြတယ်။ လူငယ်တွေက ကလပ်တွေတက်ဖို့ သုံးကြတယ်။ တချို့ကျ တော့ သီးချင်းလေးတီးလိုက်၊ ဆိုလိုက် လုပ်ဖို့ သုံးသလို၊ တချို့ကျတော့လည်း အိမ်မှာ အေးအေးဆေးဆေးနား နေရင်းနဲ့ သုံးဖြစ်ကြတယ်။ ချမ်းသာတဲ့သူတွေ၊ အနု ပညာရှင်တွေတောင် မက်အမ်ဖီတမင်း သုံးကြတာပဲ”” လို့ ရန်ကုန်မှာနေတဲ့ အသက် ၂၁ နှစ်အရွယ် ဆေးသုံးသူ လူ ငယ်တစ်ဦးက TNI ကို ပြောပြခဲ့တယ်။

ရှမ်းပြည်မြောက်ပိုင်းမူးယစ်ဆေးဝါး သုံးစွဲသူများကွန်ရက်ဝင်တစ်ယောက် ဖြစ်တဲ့ ကိုရဲသီဟကတော့ သူတို့ လားရှိုးမြို့မှာ ဆိုရင် စိတ်ကြွဆေးပြားဟာ ကျပ် ငါးရာ၊ ကျပ်တစ်ထောင်နဲ့ ရသလို ငွေမရှိ ရင်လည်း ဖြန့်ချိသူတွေကို ကူညီရင်း သုံးစွဲလို့ ရတယ်လို့ ပြောပြတယ်။

ပိုများလာတဲ့ မူးယစ်မှုခင်း

အစိုးရဘက်က ထုတ်ပြန်တဲ့ ကိန်း ဂဏန်းတွေအရလည်း မူးယစ်ဆေးဝါး ပြဿနာဟာ တိုက်ဖျက်နေရင်းက လျော့ ကျမလာဘဲ တစ်နှစ်ထက်တစ်နှစ် ပိုများလာတယ်ဆိုတာကို ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ စာရင်းတွေအရ ၂ဝ၁၇ မှာ မူးယစ်မှုခင်း ပေါင်း ကိုးထောင်ကျော် ( ,၅၂၅) ရှိခဲ့ တယ်လို့ ဆိုတယ်။ ဒါဟာ ၂ဝ၁၃ တုန်းက မူးယစ်မှုခင်းပေါင်း ငါးထောင်ကျော် (,၄၉၇) နဲ့ ယှဉ်ရင် ထက်ဝက်နီးပါး ပို များလာတာပါ။ ကုန်ခဲ့တဲ့ နှစ်တွေအတွင်း ကျပ်ငွေဘီလီယံပေါင်းများစွာတန်ဖိုးရှိ တဲ့ စိတ်ကြွဆေးပြား သယ်ဆောင်တဲ့ လမ်း ကြောင်းတွေကို တားဆီးနိုင်တာမျိုးတွေ ရှိလာပေမယ့် ပစ္စည်းသယ်လာသူတွေ ကိုသာ ဖမ်းနိုင်ကြပြီး နောက်ကွယ်က အရင်းအမြစ်ပိုင်ရှင်တွေကို မဖော်ထုတ် နိုင်တဲ့အပေါ်မှာ ဝေဖန်ပြစ်တင်မှုတွေ လည်း ရှိနေပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်တဲ့ တရားရုံးချုပ် အစီရင်ခံစာ ဖော်ပြချက်အရ ၂ဝ၁၇ အတွင်း တစ်နိုင်ငံလုံးမှာ မူးယစ်ဆေးဝါးဥပဒေနဲ့ တရားစွဲဆိုတင်ပို့လာတဲ့ အမှုပေါင်း ကိုး ထောင်ကျော်(,ဝ၅၂) ရှိတယ်လို့ ဖော်ပြ ထားတယ်။ ဒီအရေအတွက်က အဲဒီနှစ်မှာ ရာဇဝတ်မှုနဲ့ တရားစွဲဆိုလာတဲ့ တစ်နိုင်ငံ လုံးက မှုခင်းစုစုပေါင်းရဲ့ ရှစ်ရာခိုင်နှုန်း ကျော်ရှိတယ်လို့ ဆိုတယ်။

နောက်နှစ် ၂ဝ၁၈ မှာတော့ မူး/ စိတ် ဥပဒေနဲ့ တရား စွဲဆိုတင်ပို့လာတဲ့ အမှုပေါင်း တစ်သောင်းနှစ်ထောင်ကျော် (၁၂,၄၁၇) အထိ ရှိလာပြီး ရာဇဝတ်မှုခင်း စုစုပေါင်းရဲ့ ၁၁ ရာခိုင်နှုန်းကျော်အထိ ရှိတယ်လို့ ပြည်ထောင်စုတရားလွှတ် တော်ချုပ်ရုံးရဲ့ တရားရုံးချုပ် အစီရင်ခံစာ မှာ ဖော်ပြတယ်။ အမှုတစ်ခုမှာ လူတစ်ဦး မက ပါဝင်ဖမ်းဆီးခံရတတ်တော့ လူဦးရေ အားဖြင့်ဆိုရင် ဒီထက်မက ပိုများနိုင်တယ် လို့ မူးယစ်ဆေးဝါးဆိုင်ရာ လေ့လာသုံး သပ်သူတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးဆောင်ရွက်ချက်တွေနဲ့ ပတ် သက်လို့ မော်ကွန်းမဂ္ဂဇင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးတပ်ဖွဲ့ ခွဲကို ဧပြီ ၅ ရက် တုန်းက လူ ကိုယ်တိုင်သွားရောက်မေးမြန်းခဲ့သလို နေပြည်တော်၊ ရဲချုပ်ရုံးအထိ လူကိုယ်တိုင် သွားရောက်သတင်းယူပေမယ့် ဖြေကြား မယ့်သူ မရှိခဲ့ပါဘူး။

အဲဒီနောက် ဧပြီ ၈ ရက်မှာ အမြန် စာပို့စနစ်နဲ့ ရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါး ဆိုင်ရာ ဆောင်ရွက်ချက်၊ နှစ်အလိုက် ဖမ်း ဆီးရမိမှု ကိန်းဂဏန်း အချက်အလက် တွေနဲ့ ဥပဒေဆိုင်ရာ စိန်ခေါ်မှုတွေ အကြောင်းကို သတင်းမီဒီယာနည်းဥပဒေ ပါ သတင်းအချက်အလက် တောင်းခံခွင့်ပုံစံနဲ့ တောင်းခံခဲ့ပေမယ့် ဒီဆောင်းပါး ဖောင်ပိတ်ချိန် မေ ၈ ရက်အထိအကြောင်း ပြန်တာ မရှိပါဘူး။

စောမွန်လူမှုဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က ပြုစုတဲ့ “မညီမျှသော ဟန်ချက် များ”ဆိုတဲ့ ဥပဒေနဲ့ မူးယစ်ဆေးဝါးထိန်း ချုပ်ရေး မူဝါဒကို ယှဉ်တွဲသုံးသပ်ထားတဲ့ အစီရင်ခံစာမှာတော့ ၂ဝ၁၈ အတွင်း သမ္မတရုံး၊ မူးယစ်ဆေးဝါးသတင်းပေးဌာန ကို သတင်းပေးလာလို့ ဖမ်းဆီးလိုက်တဲ့ မူးယစ်ဆေးဝါးအမှုတွေမှာ လူ ၁ဝဝ ဖမ်း ရင် ၄၆ ယောက်က တစ်ကိုယ်ရေသုံးဖို့ ဆေးအနည်းငယ် လက်ဝယ်ဆောင်ထားမိ တဲ့သူတွေကို ဖမ်းခဲ့ကြတာလို့ ဆိုတယ်။

၂ဝ၁၈ ဇူလိုင်ကနေ ဒီဇင်ဘာအထိ လူပေါင်း ၇ဝဝ ခန့်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ရာမှာ အဲဒီအထဲက လူ ၃၂ဝ ဟာ ဆေးအနည်း ငယ် လက်ဝယ်တွေ့လို့ ပုဒ်မ ၁၆ () နဲ့ စွဲချက်တင်ခံကြရတာလို့ ဒီနှစ်မတ်လမှာ ထုတ်ပြန်တဲ့ အထက်ပါအစီရင်ခံစာမှာ ဖော်ပြတယ်။ ဒီအရေအတွက်ထဲ ရဲတပ်ဖွဲ့က သီးခြားဖမ်းဆီးကာ ပုဒ်မ ၁၆() နဲ့ တရားစွဲဆိုခံရတဲ့ မဝေတို့လို လူငယ်တွေ မပါပါဘူး။

““(ဥပဒေ) မပြင်ခင်ကပေါ့၊ သုံးလို့ အရေးယူတာ။ အခု ပြင်ဆင်လိုက်တဲ့ ဥပဒေမှာတော့ ဒီအချက်ကို ဖယ်လိုက် ပါပြီ။ ဒါပေမဲ့ ဆက်ပြီး (သုံးစွဲမိသူတွေဟာ) အရေးယူခံနေရဆဲပဲ။ လက်ထဲမှာ ဆေးရှိ တယ်ဆိုတာနဲ့ အရေးယူတာက ပြဿနာ တဖြည်းဖြည်းဖြစ်လာပြီ”” လို့ “မညီ မျှသော ဟန်ချက်များ” အစီရင်ခံစာကို ပြုစုခဲ့သူ ဒေါက်တာထွေးကြူက ပြောတယ်။

အရေးယူနေပေမယ့် နောက်ဆက် တွဲရလဒ်က သုံးစွဲမှု လျော့ကျမသွားဘဲ ဆေးသုံးစွဲသူတွေကြား ပိုမိုလျှို့ဝှက် အသုံး ပြုတဲ့ ဝန်းကျင်ဖြစ်လာစေကာ မလိုလား အပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ထပ်မံပြန့်ပွားနိုင်တယ်လို့ သူက ရှင်းပြတယ်။

ကုလသမဂ္ဂအဆင့် မူးယစ်ဆေးဝါး နဲ့ ဆိုင်တဲ့ ကွန်ဗင်းရှင်းတွေရဲ့ လမ်းညွှန်ချက်တွေမှာလည်း မူးယစ်ဆေးဝါးတား ဆီးကာကွယ်ရေးတွေ လုပ်ဆောင်ကြတဲ့ အခါမှာ သုံးစွဲသူတွေကို ရာဇဝတ်ပြစ် ဒဏ်ပေး နှိပ်ကွပ်ဖို့ လမ်းဩန်ထားတာမျိုး မရှိဘဲ ထိုသူတွေကို ကျန်းမာရေးအရ ကူညီဆောင်ရွက်ကြဖို့သာ နိုင်ငံတကာ အစိုးရတွေကို တိုက်တွန်းထားကြတယ်လို့ မူးယစ်ဆေးဝါးကဏ္ဍ ပြုပြင်ပြောင်းလဲလို သူတွေက ရှင်းပြတယ်။

““သုံးစွဲကြသူတွေကို အရေးယူရ မယ်လို့ မပြောထားပါဘူး။ ထိထိရောက် ရောက်ဆောင်ရွက်ပေးရမယ်။ ကုသရေး၊ ပြန်လည်ထူထောင်ရေး၊ နောက်ဆက်တွဲစောင့်ရှောက်ရေးဆိုတဲ့ ဒီလိုလုပ်ငန်း တွေလုပ်ပေးဖို့ပဲ တကယ်က ပြောထားတာ””လို့ နိုင်ငံတကာ မူးယစ်ဆေးဝါးဆိုင် ရာ လမ်းညွှန်ချက်တွေနဲ့ ပတ်သက်ပြီး ဒေါက်တာထွေးကြူက ရှင်းပြတယ်။

Photo-DPAG စိတ်ကြွဆေးပြားနှင့်တွဲဖက်အသုံးပြုရသည့် ကိရိယာများ
Photo-DPAG စိတ်ကြွဆေးပြားနှင့်တွဲဖက်အသုံးပြုရသည့် ကိရိယာများ

ပြီးတော့ ဆေးတရားဝင် သုံးစွဲခွင့် ပြုတာနဲ့ ဆေးသုံးသူတွေကို ရာဇဝတ် ပြစ်ဒဏ်မပေးဖို့ တင်ပြတာတွေကြား မြန်မာပြည်မှာ နားမရှင်းဘဲ ရောထွေး ရှုမြင်နေကြတာကလည်း ဒီကဏ္ဍ ပြုပြင် ပြောင်းလဲရေးအတွက် စိန်ခေါ်မှုတစ်ရပ် အဖြစ် ကြုံတွေ့နေရတယ်လို့ ဒေါက်တာ ထွေးကြူက ဆိုတယ်။

““ဆေးသုံးတာကို ရာဇဝတ်မှုအဖြစ် ကနေ ပယ်ဖျက်လိုက်တာဟာ တရားဝင် သုံးလိုရာသုံးနိုင်တယ်လို့ ပြဋ္ဌာန်းလိုက်တာ မဟုတ်ပါဘူး။ နိုင်ငံအများအပြား မှာဆိုရင်လည်း ရာဇဝတ်ပြစ်ဒဏ်ပေးတာတွေ ပယ်ဖျက်လိုက်ပြီး စီမံခန့်ခွဲမှုဆိုင်ရာ အရေးယူမှုတွေလုပ်သလို၊ လိုအပ်သလိုဆေးကုတာ၊ ပြန်လည်ထူထောင် တာတွေကို ပေါင်းစပ်လုပ်ကိုင်ကြပါတယ်”” လို့သူကရှင်းပြတယ်။

တစ်ချိန်တုန်းက မူးယစ်ဆေးဝါး ပြဿနာတွေနဲ့ ကမ္ဘာမှာ ကျော်ကြားတဲ့ ဥရောပတိုက်က ပေါ်တူဂီနိုင်ငံမှာဆိုရင် တစ်ကိုယ်ရေသုံးစွဲဖို့ လက်ဝယ်ဆောင်ထားနိုင်တဲ့ မူးယစ်ဆေးဝါးပမာဏကို သတ်မှတ်ပေးပြီး မူးယစ်ဆေးသုံးစွဲမှုကို ရာဇဝတ်ပြစ်ဒဏ်ပေးတဲ့ စနစ်ကို ဖယ်ရှားလိုက်တဲ့နောက်ပိုင်း မြင့်တက်နေတဲ့ မူး ယစ်ဆေးဝါးသုံးစွဲမှုပြဿနာဟာ တရှိန်ထိုးလျော့ကျသွားခဲ့တယ်လို့ သူကပြောပြတယ်။

ဒါ့အပြင် ဆေးသုံးစွဲသူ အသိုင်းအဝိုင်းကြားမှာ ဖြစ်ပေါ်ကြတဲ့ အိပ်ချ်အိုင်ဗွီ၊ တီဘီနဲ့ အသည်းရောင်အသားဝါ ရောဂါလို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ထိန်းချုပ်ရာမှာလည်း လွယ်ကူသွားခဲ့ပြီး အခုတော့ ပေါ်တူဂီဟာ ကမ္ဘာမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ပတ်သက်ရင် စံနမူနာထား လေ့လာနေရတဲ့ တိုင်းပြည်ဖြစ်နေပြီလို့ ဒေါက်တာထွေးကြူက ရှင်းပြပါတယ်။

ဒီနိုင်ငံမှာတော့ သုံးစွဲသူတွေကို ရာဇဝတ်ပြစ်ဒဏ် မပေးကြဖို့ပြောတာ နဲ့တစ်ပြိုင်နက် အခြားဖြန့်ချိသူ၊ ထုတ် လုပ်သူ၊ ရောင်းချသူတွေကိုပါ လုံးထွေး မြင်ကြကာ အပြင်းအထန် ဆန့်ကျင်ကန့် ကွက်နေကြတုန်းပဲလို့ သူက ဆိုတယ်။

နန်းပန်းအိခမ်းကတော့ ဥပဒေကို ဒီထက်ပိုကောင်းအောင် ပြင်ဆင်သင့်ပြီး သုံးစွဲဖို့ မူးယစ်ဆေးဝါး အနည်းငယ် လက်ဝယ် ဆောင်ထားသူတွေကို အကျဉ်းထောင်တွေထဲပို့တာကို တားဆီးရမယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးပြဿနာဟာ ပြည် သူ့ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်လာပြီး ဆေးသုံးသူတွေကို ထောင်သွင်း အကျဉ်းချတာဟာ ဒီကဏ္ဍတိုးတက်ဖြစ် ထွန်းရေးအတွက် အဖြေမဟုတ်ဘဲ သူတို့ကို ပြန်လည်ထူထောင်ရေးနည်းလမ်း၊ ဆေးကုသမှု နည်းလမ်းတွေနဲ့ လူ့အဖွဲ့အစည်းမှာ ပြန်လည်ဝင်ဆံ့လာအောင် ကူညီရမယ့်သူတွေအဖြစ် အများပြည်သူ နားလည်လာအောင် ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိသူတွေ၊ ဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ပေးနိုင်သူတွေက ဆောင်ရွက် သင့်တယ်လို့ မူးယစ်ဆေးဝါးကဏ္ဍ ပြု ပြင်ပြောင်းလဲရေးလိုလားသူတွေက ပြောကြပါတယ်။

Photo-DPAG WY စိတ်ကြွဆေးပြား
Photo-DPAG စိတ်ကြွဆေးပြားနှင့်တွဲဖက်အသုံးပြုရသည့် ကိရိယာများ

မူဝါဒနဲ့ လွဲချော်နေတဲ့ ဥပဒေ

လေ့လာသူတွေရဲ့အဆိုအရ မြန်မာ နိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကဏ္ဍမှာ ကျင့်သုံးနေတဲ့ ဥပဒေနဲ့ လမ်းညွှန်ထားတဲ့ မူဝါဒဟာလည်း သီးခြားစီ သွားနေသလို ဖြစ်နေပြီး မူဝါဒမှာ လမ်းညွှန်ပေးထားတာက တစ်မျိုး၊ ဥပဒေအရ အကောင်အထည်ဖော်နေတာက တစ်မျိုးဖြစ်နေတယ်လို့ ထောက်ပြကြတယ်။

၂ဝ၁၈မူး/စိတ်ဥပဒေနဲ့ ခြောက် ရက်လောက် နောက်ကျကာ ဖေဖော် ဝါရီလထဲမှာပဲ အတည်ပြုထုတ်ပြန်ခဲ့တဲ့ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒမှာဆိုရင် ဦးစားပေးနယ်ပယ် ငါးခုနဲ့ မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းကြဖို့ လမ်းညွှန်ထားပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ရာမှာ ထုတ်လုပ်မှုလျှော့ချ ရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျှော့ ချရေးနှင့် နောက်ဆက်တွဲ အန္တရာယ် လျှော့ချရေး၊ နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေးနဲ့ လူ့အခွင့်အရေးပြဋ္ဌာန်းချက် များနှင့်အညီ ဖြစ်စေရေးဆိုပြီး အမျိုးသား မူဝါဒမှာ ဖော်ပြထားတယ်။

ဒါပေမဲ့ မူဝါဒလမ်းညွှန်ချက်နဲ့ ဥပဒေအရ မြေပြင်မှာ အကောင်အထည် ဖော်နေတာတွေက လွဲနေတယ်လို့ မူးယစ်ဆေးဝါးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

မူဝါဒမှာ မူးယစ်ဆေးသုံးစွဲမှုကို ရာဇဝတ်မှုအဖြစ်မှ ကင်းလွတ်စေဖို့ လမ်းညွှန်ထားပေမယ့် ဥပဒေမှာတော့ ပုဒ်မ ၁၆()လို ပြဋ္ဌာန်းချက်တွေနဲ့ တစ်ကိုယ်ရေ သုံးစွဲဖို့ လက်ဝယ်ထားမိတဲ့သူတွေကို ရာဇဝတ်ပြစ်ဒဏ်သတ်မှတ် ထောင်သွင်း အကျဉ်းချဖို့ ပြဋ္ဌာန်းထားတယ်လို့ မူးယစ် ဆေးဝါးဆိုင်ရာ လေ့လာသူတွေက ပြော တယ်။

““ဒီမူဝါဒ၊ ဒီဥပဒေတွေ ထွက်လာပြီး တစ်နှစ်ကျော်ကြာလာတဲ့ အချိန်အတွင်းမှာ ကြည့်လိုက်ရင် မူးယစ်ဆေး ဝါး သုံးစွဲသူတွေဟာ အဖမ်းခံနေရတုန်းပဲ။ ရာဇဝတ်မှုအဖြစ် အပြစ်ပေးခံနေရတုန်း ပဲ””လို့ နန်းပန်းအိခမ်းက ပြောတယ်။

““အကျဉ်းထောင်တွေထဲမှာလည်း မူးယစ်ဆေးဝါးအမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံ ရသူတွေဟာ တစ်နှစ်ထက် တစ်နှစ် များ လာတယ်။ တကယ်တမ်း ပြင်ဆင်လိုက်တဲ့ ဥပဒေဟာ မြေပြင်မှာ အလုပ်မဖြစ်တဲ့ အခါကျတော့ တကယ်လို့များ ပြန်လည် ပြင်ဆင်ဖို့ကို သုံးသပ်မယ်ဆိုရင်တော့ ကောင်းတာပေါ့””လို့ သူကအကြံပြုတယ်။

လွန်ခဲ့တဲ့ ခြောက်နှစ်လောက်တုန်း က ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ ဆေးခြောက်အရွက် တစ်ကျပ်သားခန့်နဲ့ ပရိသတ်ကြား ထင်ပေါ်ကျော်ကြားစ ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်ကို ဖမ်းတုန်း ကဆိုရင် အများပြည်သူကြား စိတ်ဝင် တစားနဲ့ ဆွေးနွေးငြင်းခုံခဲ့ကြသေးတယ်။ အောင်မြင်ကျော်ကြားစအချိန်၊ အသက် အရွယ်ငယ်ငယ်မှာပဲ ရဲတိုက်ဟာ ထောင် ဒဏ် ခြောက်နှစ် ချမှတ် အပြစ်ပေးခံခဲ့ရတယ်။

အဲဒီတုန်းက သူ့ကို ရဲတပ်ဖွဲ့က မူလမှာ ၁၉၉၃ မူး/စိတ် ဥပဒေ ပုဒ်မ ၁၅ ရော ပုဒ်မ ၁၆ ()နဲ့ပါ စွဲချက်တင်ခဲ့တာပါ။ ပြစ်မှုထင်ရှားရင် ပုဒ်မ ၁၅ အရ ထောင်ဒဏ် သုံးနှစ်ကနေ ငါးနှစ်၊ ပုဒ်မ ၁၆ () အရ ထောင်ဒဏ် ငါးနှစ်ကနေ ၁ဝ နှစ် အထိ ပြစ်ဒဏ်သင့်နိုင်တာပါ။ ဒါပေမဲ့ သူကိုဆေးစစ်တဲ့အခါ ဆေးသုံးထား ကြောင်း အထောက်အထား မတွေ့ရတဲ့ အတွက် ပုဒ်မ ၁၅ ပြုတ်ကာ လက်ဝယ် တွေ့ရှိမှုပုဒ်မ ၁၆ ()အရ ပြစ်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ပါတယ်။

ဒေါက်တာထွေးကြူကတော့ ဆေး သုံးစွဲသူတွေကို ရာဇဝတ် ပြစ်ဒဏ်တွေ မပေးဘဲ သူတို့ တစ်ကိုယ်ရေသုံးစွဲမှု ပမာဏကို လေ့လာသတ်မှတ်ပေးနိုင်မှ ကြုံနေရတဲ့ အခက်အခဲတွေကို ကျော်လွှား ဖြေရှင်းနိုင်မယ်လို့ သုံးသပ်ပါတယ်။

မဝေကို အင်းစိန်ထောင်မှာ ဧပြီ ကိုးရက်တုန်းက ထောင်ဝင်စာ သွား တွေ့ရင်း မေးကြည့်တော့ သူတို့ အမျိုး သမီး အချုပ်ခန်းမှာဆိုရင် မူး/စိတ်ဥပဒေ နဲ့ ဖမ်းထားတဲ့သူတွေက အများစု ရှိပြီး ပုဒ်မ ၁၆()နဲ့ စွဲချက်တင်ခံရသူတွေ ပို များတယ်လို့ ဆိုတယ်။ အမျိုးသား အချုပ် ခန်းတွေဘက်မှာက သူတို့ထက်တောင် အဆများစွာ ပိုများသေးတယ်လို့ သူက ပြောပြတယ်။

တချို့ဆိုရင် ဖမ်းဆီးအချုပ်ခံထား ရတာ လပေါင်းများစွာ ကြာမြင့် တရား ရင်ဆိုင်နေကြရသလို တချို့ဆိုရင် ပြစ်မှု ကျူးလွန်ကြသူတွေ မဟုတ်ပေမယ့် ဝင် ရှာတဲ့ အဓိကလူကို မမိဘဲ ဆက်စပ်သူ မိသားစုတွေကို ဖမ်းခဲ့တာကြောင့် အချုပ် ထဲရောက် တရားရင်ဆိုင်နေရသူတွေ လည်း တွေ့ရတယ်လို့ မဝေက တစ် ဆင့်ပြန်လည်ပြောပြတယ်။ ဒါ့အပြင် မူးယစ်ဆေးသုံးစွဲသူ မဟုတ်ပေမယ့် ဆေးလက်ဝယ်ဆောင်ထားသူနဲ့အတူတွေ့လို့ ပုဒ်မ ၂၁ အရ အားပေးကူညီမှုနဲ့ ဖမ်းဆီး ခံရသူတွေလည်း ရှိတယ်လို့ သူက ပြော ပြတယ်။

ရန်ကုန်မြို့မှာ ညပိုင်းအငှားကား မောင်းကြတဲ့ ယာဉ်မောင်းတွေဆိုရင် လည်း သူတို့တင်ခေါ်လာတဲ့ ခရီးသည် ထံမှာ မူးယစ်ဆေးဝါး ပါလာတာကို ရဲ တပ်ဖွဲ့က စစ်ဆေးတွေ့ရှိကြတဲ့အခါ သူတို့ ကိုပါ အားပေးကူညီပုဒ်မ ၂၁ နဲ့ စွဲချက်တင် ဖမ်းဆီးခံရတာမျိုးတွေ ကြုံကြရတာကို မော်ကွန်းက လေ့လာတွေ့ရှိခဲ့ပါတယ်။

( ကိုယ်တိုင် ဆေးသုံး၊ ဆေးရောင်းတာမျိုး မဟုတ်ပေမယ့် မူး/ စိတ် ဥပဒေနဲ့ ငြိစွန်း နေသူတွေနဲ့ အတူသွားလာမိလို့ ထောင် သွင်း အပြစ်ဒဏ်ပေးခံရတဲ့ အငှားကား မောင်းသူတွေအကြောင်းကို “တက္ကစီသမား တွေ ကြောက်တဲ့ ညထောင်ချောက်” ဆိုတဲ့ အမည်နဲ့ မော်ကွန်း မဂ္ဂဇင်း အမှတ် ၆၂ မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။)

မှန်းချက်နဲ့ နှမ်းထွက်မကိုက်

မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ပြန် လည်ထူထောင်ရေး လုပ်ဆောင်ပေးရ မယ့် ကဏ္ဍကို တာဝန်ယူရတဲ့ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာနက ဩန်ကြားရေး မှူးဖြစ်သူ ဒေါက်တာထွန်းဇော်ကတော့ ဥပဒေကိုပြင်ဆင်တုန်းက မူလဥပဒေရဲ့ ပုဒ်မ ၁၅ အရ ဆေးသုံးစွဲသူတွေကို ထောင်သွင်း အပြစ်ပေးတဲ့ ပြဋ္ဌာန်းချက်ကို ဖျက်သိမ်းလိုက်ပြီး စီမံခန့်ခွဲမှုနည်းလမ်း တွေနဲ့ အရေးယူမယ်လို့ ပြောင်းလဲခဲ့တာ ကြောင့် သူတို့ဌာနအတွက် အလုပ်များ တော့ မယ်လို့ ထင်ခဲ့ကာ ကြိုတင်ပြင်ဆင် မှုတွေ လုပ်ထားခဲ့ပေမယ့် အခုအထိ မူး ယစ်ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက် လို့ မည်မည်ရရ လုပ်ကိုင်ဆောင်ရွက်ပေးရ တာမျိုး မရှိသေးဘူးလို့ိ ပြောပါတယ်။

““ကျွန်တော်တို့ဘက်ကလည်း လို အပ်တဲ့ဟာတွေကို ကြိုတင်ပြင်ဆင်တယ်။ သို့သော်လည်း လက်တွေ့မှာကျတော့ အဲဒီလိုမဟုတ်ပြန်ဘူး။ အရင်လိုပဲ ကျွန် တော်တို့ရဲ့ လုပ်ဆောင်ရမယ့် ဝန်ထုပ် ဝန်ပိုးပမာဏက သိပ်ပြီးထူးခြားပြောင်း လဲမလာဘူး””လို့ ဒေါက်တာထွန်းဇော်က ပြောတယ်။

ဆေးသုံးစွဲသူတွေကို မိရင် ဆေး ကုသမှုခံယူ၊ ပြီးရင် ပြန်လည်ထူထောင်ဖို့ သူတို့လို ဌာနတွေကို ပို့လာမယ်လို့ ထင်ခဲ့ ပေမယ့် ပုဒ်မ ၁၆() ပြဋ္ဌာန်းချက်နဲ့ သုံး စွဲသူအများစုက ငြိသွားကြတာကြောင့် အကျဉ်းထောင်တွေကိုသာ အပို့ခံနေရပြီး သူတို့ လုပ်ငန်းအဖွဲ့အတွက် မျှော်မှန်းခဲ့ သလောက် အလုပ်မပေါ်လာသေးဘူးလို့ သူက ဆိုတယ်။

““အမျိုးသား မူးယစ်ဆေးဝါး ထိန်း ချုပ်ရေး မူဝါဒက ကောင်းနေတယ်။ ကောင်းနေတဲ့ မူဝါဒကို ရှိနေတဲ့ ဥပဒေက မီအောင် မဖြည့်ဆည်းပေးနိုင်တဲ့ သဘော မှာ ရှိနေတယ်။ အဲဒီ ကွာဟချက်က ဟန် ချက်ညီရမယ်””လို့ ဒေါက်တာထွန်းဇော် က ပြောတယ်။

မူးယစ်ဆေးဝါးအမှုန်အမွှားနဲ့ ဖမ်း မိရင်တောင် ပုဒ်မ ၁၅ အရ ဆေးကုပေးဖို့ တရားစွဲအဖွဲ့အစည်းတွေက မဆောင်ရွက် ကြဘဲ ဥပဒေက လမ်းဩန်ထားတဲ့ ပုဒ်မ ၁၆()အရ ထောင်ဒဏ် အပြစ်ပေးဖို့သာ စွဲချက်တင်ကြတာမျိုးလည်း ရှိနေပါတယ်။

ဒီနှစ် ဖေဖော်ဝါရီ နောက်ဆုံးပတ် အတွင်း သမ်္မတရုံးက ထုတ်ပြန်တဲ့ သတင်းပေးလို့ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ် ဆေးဝါး အမှုအခင်းဖြစ်ရပ်တစ်ခုမှာ ဖော်ပြချက်အရဆိုရင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့နယ်၊ ဝက်တူးကျေး ရွာက အမျိုးသားတစ်ဦးရဲ့ နေအိမ်ကို ရဲ တပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ “ဘိန်း ဖြူမှုန့်များ ကပ်နေသော ပင်နယ်ဆလင် ပုလင်းများနှင့် အတူဖမ်းဆီးရမိ”တဲ့ အတွက် ထိုလူကို ပုဒ်မ ၁၆ () နဲ့ အမှုဖွင့် အရေးယူလိုက်တယ်လို့ ဖော်ပြတယ်။

ဥပဒေအရ ဘိန်းဖြူ သုံးဂရမ် အထက် လက်ဝယ်တွေ့ရှိရင် ပြစ်ဒဏ်ပို ကြီးတဲ့ ရောင်းဝယ်ဖောက်ကားမှုပုဒ်မနဲ့ စွဲချက်တင် ခံရမှာပါ။ အခုဖြစ်စဉ်မှာတော့ အမှုန်အမွှားကပ်နေတဲ့ သက်သေခံပစ္စည်း လက်ဝယ်တွေ့တာကြောင့် ၁၆ () နဲ့ အမှုဖွင့်လိုက်တာလည်း ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူတွေကြား အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက် နေတဲ့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲသူ များ ကွန်ရက်ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းအောင် ခမ်းကတော့ တာဝန်ရှိသူတွေအနေနဲ့ မူးယစ်ဆေးဝါးသုံးစွဲကြလို့ ပြည်သူတွေ ဒုက္ခရောက်နေရတာလား၊ မူးယစ်ဆေး ဝါး သုံးစွဲမှုကိုဖိနှိပ်ဖို့ ကြိုးပမ်းနေတဲ့ ဥပဒေ ကြောင့် ဒုက္ခရောက်နေရတာလား ဆို တာကို သေချာဆန်းစစ်ကြဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးသုံးစွဲသူ တွေဟာ စူးစမ်းလိုစိတ်နဲ့ အစွဲအလမ်း ကြောင့် ဒီဆေးဝါးတွေကို သုံးစွဲကြတာ ဖြစ်ပြီး အခြား အရက်သောက်သုံးသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ ကွမ်းယာ ကြိုက်သူတွေနဲ့ မခြားနားသူတွေသာ ဖြစ်တဲ့အတွက် ခွဲခြားဆက်ဆံမှုတွေ မလုပ်ကြဖို့ ဦးစိုင်းအောင်ခမ်းက တောင်း ဆိုတယ်။

တောင်ကြီးမြို့မှာ နေထိုင်တဲ့ ပအို့ဝ်လူငယ်အစည်းအရုံးက မနန်းဟွမ်ရဲ့ ဦးလေးဖြစ်သူဆိုရင် သူတို့ ငယ်စဉ် ကလေးဘဝကတည်းက မိသားစုကို ကုန် ကားမောင်းရင်း ရှာဖွေ ကျွေးမွေးနေသူ ပါ။ ကုန်ခဲ့တဲ့ နှစ်တုန်းကတော့ တောင်ကြီး ကနေ မြန်မာထိုင်း နယ်စပ်မြို့ တာချီ လိတ်ကို ပုံမှန်သွားနေကျအတိုင်း သူ့ရဲ့ ကုန်တင်ကားနဲ့အတူ ခရီးထွက်ခဲ့ပါတယ်။

ဒါပေမဲ့ လမ်းမှာ မူးယစ်ဆေးဝါးစစ် ဆေးရေးအဖွဲ့နဲ့ တွေ့ပြီး သူ့ထံကနေ စိတ် ကြွဆေးသုံးပြား ရှာဖွေတွေ့ရှိတာကြောင့် လက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၆ ()နဲ့ စွဲချက် တင် ဖမ်းဆီးခံရကာ ထောင်ချခံလိုက်ရ တယ်လို့ မနန်းဟွမ်က ပြောပြတယ်။

စအဖမ်းခံရတုန်းကဆိုရင် သူ့ ဦးလေးရဲ့ ဇနီးဖြစ်သူဟာ ကြောက်လန့် ကာ ယောကျ်ားဖြစ်သူ လွတ်လို့လွတ်ငြား ကျပ်ငွေ သိန်းဆယ်ဂဏန်းနဲ့ချီတဲ့ ပမာဏ ကို ရဲတပ်ဖွဲ့ထံကို လာဘ်ထိုးခဲ့သေးတယ် လို့ သူက ပြောပြတယ်။ ဒါပေမဲ့ ဦးလေး ဖြစ်သူဟာ လွတ်မလာခဲ့သလို သူ့ကို မှီခို နေရတဲ့ အဒေါ်နဲ့ ကလေးတွေဟာလည်း စီးပွားရေး၊ လူမှုရေးဆိုင်ရာ မပြေလည်မှု ဒုက္ခတွေနဲ့ အခုဆို လုံးပန်းကြရတယ်လို့ မနန်းဟွမ်က ပြောပြတယ်။

““ကျွန်မကလေးဘဝကတည်းက ဦးလေးက ကုန်ကား မောင်းတာပေါ့။ သူ မူးယစ်ဆေးသုံးတယ်ဆိုတာ သိတောင် မသိဘူး။ အခု သူ့ကို ရဲက ဖမ်းတော့မှသာ ဆေးသုံးတယ်ဆိုတာကို သိရတာ”” လို့ မနန်းဟွမ်က ပြောပြရင်း သူစဉ်းစားမိတာ တစ်ခုကို အခုလို ဆိုတယ်။

““ဒီဆေးဝါးကိုသုံးစွဲမိလို့ ကျွန်မ အဒေါ်မိသားစု ဒုက္ခရောက်တာထက် ဒီဆေးဝါးသုံးစွဲတယ်ဆိုတာနဲ့ ကြီးလေးတဲ့ ရာဇဝတ် ပြစ်ဒဏ်တွေ ချမှတ်တာကြောင့် သူတို့မိသားစု ဒုက္ခရောက်သွားရတာလို့ ကျွန်မထင်တယ်””

အမျိုးအစား - မျက်နှာဖုံးဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."