မူဆယ်-၂၀၂၃ ဒီဇင်ဘာ ၁ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးက စစ်ကောင်စီရဲ့ နမ့်ပေါ်တပ်စခန်းကို တအောင်းတပ်မတော် TNLA/PSLF အဖွဲ့က ဒီနေ့မနက်ပိုင်းမှာ သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
အဲဒီတပ်စခန်းကို TNLAက နိုဝင်ဘာ ၂၇ ရက်ကတည်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ငါးရက်အကြာ ဒီနေ့မနက်အစောပိုင်းမှာ ရရှိခဲ့တာပါ။
စစ်ကောင်စီတပ်ရဲ့ နမ့်ပေါ်စခန်းဟာ မူဆယ်မြို့အနီးက အကြီးဆုံးစခန်းကုန်းဖြစ်ပြီး အဲဒီကနေ တိုက်ပွဲဖြစ်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်လေ့ရှိတယ်လို့ ၁၀၅ မိုင်အနီးနေထိုင်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ္။
“အဲဒီစခန်းက ၁၀၅ မိုင်နဲ့ နီးတယ်။ အဲဒါအကြီးဆုံးပဲ။ အမြှောက်တပ်လေ။ သူတို့ကုန်းပေါ်ကနေ အမြှောက်နဲ့ထုရင် ၁၀၅ မိုင်နားနေတဲ့သူအကုန် ညတောင်အိပ်လို့မရဘူး။ မြေကြီးတွေတုန်တာ ငလျင်လှုပ်သလိုပဲ။ ၁၀၅ မိုင်တစ်ဝိုက်တိုက်ပွဲတွေဖြစ်ရင် သူတို့က အဲဒီကနေလှမ်းပစ်ကူပေးတာ။ ပြီးခဲ့တဲ့ ရက်တုန်းက အဲဒီကနေပစ်တာ ၁၀၅ မိုင်နားက အမှတ် ၃၊၄၊၅ ရပ်ကွက်ထဲက အိမ်တချို့ မီးလောင်သွားသေးတယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ နမ့်ပေါ်တပ်စခန်းကို TNLA က သိမ်းပိုက်နေစဉ် စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးနဲ့ အများအပြားပစ်ခတ်ခဲ့သလို ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်မှု ၂၁ကြိမ်၊ Y8၊ Y12နဲ့ တိုက်ခိုက်မှု ငါးကြိမ်၊ Mi 35၊ 17 နဲ့တိုက်ခိုက်မှု သုံးကြိမ်ထပ်မနည်း ပြုလုပ်ခဲ့တယ်လို့ TNLAက ဆိုပါတယ်။
အဲဒီစခန်းသိမ်းပိုက်မှုအတွင်း ၆၀ မမ လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ ၃၂ လက်၊ ကျည်အမြောက်အများနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ ရရှိခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သီပေါမြို့နယ် စဉ့်အင်ရဲစခန်းကိုလည်း ဒီနေ့မနက်ပိုင်းမှာ TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်၊ စစ်အသုံးအဆောင်ပစ္စည်းတွေအပြင် ရဲနှစ်ဦးကိုပါ အရှင်ဖမ်းမိခဲ့တယ်လို့ ဒီနေ့လယ်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကစပြီး “၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသလို ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီအပါအဝင် မြို့နယ်တချို့ကို သိမ်းပိုက်ရရှိထားပါတယ်။
ရှမ်းမြောက်ဒေသမှာ ထိုးစစ်ဆင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်လကျော်ကြာမြင့်လာပြီးနောက်မှာတော့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေဟာ စစ်ကောင်စီရဲ့ တပ်စခန်း အကြီးအသေး စုစုပေါင်း ၁၈၀ ကျော်ကို သိမ်းလိုက်နိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ-TNLAအဖွဲ့က ဒီနေ့မနက်သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ သိမ်းဆည်းရမိထားတဲ့ လက်နက်ပစ္စည်းများ။
ဓာတ်ပုံ-TNAL

