ပဲနွယ်ကုန်း-၂၀၂၃ ဇန်နဝါရီ ၂ (မော်ကွန်း)
ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အနီးကကျေးရွာတွေကို စစ်ကောင်စီတပ်တွေ နေ့စဉ် လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းကနေလည်းတိုက်ခိုက်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ နီးစပ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကျောက်တံခါးမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်အစပ်က နတ်သံကွင်းမြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်က တော်လှန်ရေးတပ်တွေ စစ်ဆင်ရေးစတင်ပြီးနောက် စစ်ကောင်စီတပ်တွေက မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ အခုလိုပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလို့ ဒေသခံတွေကပြောပါတယ်။
“စဖြစ်တဲ့နေ့ကတည်းက အိမ်ဘေးနားက လယ်ကွင်းတွေထဲ လက်နက်ကြီးတွေကျလို့ အကုန်ပြေးရတာ။ ရွာမှာတစ်ယောက်မှမရှိတော့ဘူး။ တချို့လည်း ရန်ကုန်ဘက်သွားကြတယ်။ တချို့တော့ ရွာတွေဘက်လှည့်ပတ်ရှောင်ရတာပေါ့။ အခုလည်း နေ့တိုင်းပစ်နေတာဆိုတော့ ရွာပြန်လို့မရသေးဘူး” လို့ သဲဖြူရွာသစ်က ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိအချိန်မှာတော့ နတ်သံကွင်းမြို့အနီးက ကျေးရွာတွေနဲ့ ပဲနွယ်ကုန်း-နတ်သံကွင်းကားလမ်းမ ဘေးဝဲယာမှာရှိတဲ့ ကြိမ်ခါးကုန်း၊ သဲကော၊ ထိန်တော၊ ကျောင်းစိုး၊ နရွဲပင်၊ သဲဖြူရွာသစ်၊ သရက်အုပ်၊ ကင်မွန်းချုံ၊ အုန်းနှဲပင်၊ လက်ပံကုန်းနဲ့ ညောင်ဝိုင်းစတဲ့ ကျေးရွာတွေက ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒီနေ့လယ်ပိုင်းကလည်း စစ်ကောင်စီလေတပ်က ပဲနွယ်ကုန်း-နတ်သံကွင်းကားလမ်းအနီးက ရွာတစ်ရွာကို လေကြောင်းကနေတိုက်ခိုက်သွားတယ်လို့ သဲကောရွာခံတစ်ဦးက ပြောပါတယ်။
“နေ့လယ်က လေယာဉ်နှစ်စီးနဲ့ ကျောင်းစိုးရွာကို ပစ်သွားတယ်လို့ကြားတယ်။ ထိခိုက်ပျက်စီးမှုတော့ သေချာမသိရသေးဘူး။ အဲဒီတကြောက ရွာတွေအကုန်ထွက်ပြေးနေရတာပဲ။ မနေ့ကလည်း ထိန်တောရွာ လက်နက်ကြီးကျပြီး မီးတွေလောင်သွားတာ၊ အိမ်တော်တော်များများပါသွားပြီ” လို့ သူကဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တံခွန်တိုင်ရွာက ဒေသခံလေးဦးထိခိုက်ဒဏ်ရာရကာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူလူထုကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ အဆက်မပြတ်လုပ်ဆောင်နေတာကြောင့် နတ်သံကွင်းမြို့၊ ပဲနွယ်ကုန်းမြို့နဲ့ အနီးကကျေးရွာတွေက ဒေသခံတွေ ထိခိုက်သေဆုံးမှု၊ နေအိမ်ပျက်ဆီးဆုံးရှုံးမှုတွေ နေ့စဉ်များပြားလာနေပြီး စာရင်းအတိအကျကောက်ယူနိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ KNUက ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ နတ်သံကွင်းမြို့က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ ဒီဇင်ဘာ ၂၈ က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုနဲ့ပက်သက်ပြီး အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ အခုချိန်ထိ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာမတွေ့ရပါဘူး။
ပုံစာ-လေကြောင်းတိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ ပဲခူးတိုင်းအတွင်းက သာသနိကအဆောက်အဦ၊ လူနေအိမ်တွေနဲ့ ထိခိုက်ဒဏ်ရာရသူများ။
ဓာတ်ပုံ-KNU

