မူဆယ်နယ်စပ်ပိတ်မယ်ဆိုတဲ့သတင်းတွေကြောင့် တရုတ်နိုင်ငံဘက်ကို ကူးသူတွေများပြား

မူဆယ်နယ်စပ်ပိတ်မယ်ဆိုတဲ့သတင်းတွေကြောင့် တရုတ်နိုင်ငံဘက်ကို ကူးသူတွေများပြား

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၄ (မော်ကွန်း) 

စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းညီနောင်တပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ မူဆယ်မြို့မှာ တရုတ်နယ်စပ်ပိတ်မယ်ဆိုတဲ့သတင်းတွေကြောင့် တစ်ဖက်နိုင်ငံက ရွှေလီမြို့ဘက်ကိုကူးသူတွေ နေ့စဉ်များပြားနေတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

“နယ်စပ်က အခုထိတော့ မပိတ်သေးပါဘူး၊ အရင်တုန်းကအတိုင်းပုံမှန်ပဲ။ တိုကင်တွေယူပြီး တန်းစီနေတာတော့ အရင်ထက်များလာတယ်။ ပြည်မဘက်ထွက်မယ့်လမ်းတွေက ပိတ်နေတော့ အဲ့ဒီ(ရွှေလီ)ကို ကူးကြတာတွေရှိတယ်။ များသောအားဖြင့်တော့ အလုပ်ကိစ္စတွေကြောင့်ပဲ ကူးနေကြတာပါ” လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့က နှစ်နိုင်ငံ ဂိတ်ပေါက်တွေဖြစ်တဲ့ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်တို့ကနေ နေ့စဉ် လူဦးရေ ၅၀၀ ခန့်ကို တစ်ပတ်ကြာ သွားလာခွင့်ကတ်တွေနဲ့ တရုတ်နိုင်ငံက ဝင်ထွက်ခွင့်ပြုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းညီနောင်တပ်တွေ လက်ရှိတိုက်ပွဲဖြစ်နေတာဟာ မူဆယ်မြို့အဝင် ၁၀၅ မိုင် နယ်စပ်ဂိတ်အနီးမှာဖြစ်ပြီး အဲ့ဒီဂိတ်အနီးက ကျေးရွာတွေက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ စစ်ပွဲအတွင်းမှာ ပိတ်မိနေတယ်လို့ မူဆယ်မြို့ခံ ပရဟိတအသင်းတွေဆီက သိရပါတယ်။

အဲ့ဒီပိတ်မိနေသူတွေကို ပရဟိတအသင်းတွေက ကူညီကယ်ထုတ်ပေးနေတာရှိပေမယ့် ဒီရက်ပိုင်းမှာ ၁၀၅ မိုင်ဘက်ကိုတက်တဲ့လမ်းကို စစ်ကောင်စီတပ်က ပိတ်ထားတယ်လို့ မေတ္တာပန်းခင်း ပရဟိတအသင်း (မူဆယ်) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အရင်ရက်တွေကတော့ သွားလို့တော့ ရတယ်။ ရတာတောင်မှ ကျွန်တော်တို့တွေက စွန့်ပြီးသွားရတာ။ အပစ်ခံရတယ်ဗျ။ ခုနောက်ပိုင်းအပစ်ခံရလို့ ရပ်ဆိုင်းထားတယ်။ အခုက မြို့ထွက်ပေါက်ဂိတ်ပေါက်ကနေ ပိတ်ထားတာ။ ဟိုဘက်မှာ ပိတ်မိနေသူတွေရှိတယ်၊ ဒဏ်ရာရသူတွေရှိတယ်။ အသက်ဆုံးရှုံးသွားသူတွေရှိတယ် ဒီဘက်ကို ပြန်ကူးမလာနိုင်သူတွေရှိတယ်” လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် မူဆယ်မြို့မှာ ဖုန်းလိုင်းနဲ့ လျှပ်စစ်မီးတွေလည်း ဖြတ်တောက်ခံထားရတယ်လို့ မူဆယ်မြို့က ဒေသခံတစ်ဦးက ပြောပါတယ်။

“လောလောဆယ်တော့ ၁၀၅ မိုင်နားတစ်ဝိုက်ဆို ဘာလိုင်းမှမရတော့ဘူး။ ဒီဘက်မူဆယ်ဘက်မှာတော့ တယ်လီနောတို့ ရသေးတယ်။ မီးကတော့ မလာတာတော့ ငါးရက်လောက်ရှိပြီ” လို့ ၎င်းဒေသခံက ပြောပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေဟာ ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေပြီး မူဆယ်မြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီတပ်ကလည်း မူဆယ်မှာ လေကြောင်းသုံးတိုက်ခိုက်တာတွေ မကြာခဏလုပ်ဆောင်နေပြီး ယခုလ ၂ ရက်ကလည်း မူဆယ်မြို့အထွက် တိုးဂိတ်ကို ဗုံးထိမှန်ခဲ့တာကြောင့် လေးလသားအရွယ် ကလေးတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်လကျော်ကြာမြင့်လာတဲ့ကာလအတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၂၀၀ ကျော်ကို ညီနောင်မဟာမိတ်တပ်တွေက သိမ်းပိုက်နိုင်ထားတယ်လို့ အဲ့ဒီအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ညီနောင်မဟာမိတ်တပ်တွေဟာ မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေဖြစ်တဲ့ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ ကျင်စန်းကျော့ စတဲ့ ဂိတ်တွေကိုလည်း ထိန်းချုပ်သိမ်းပိုက်ထားတဲ့အတွက် တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းနေပါတယ်။

ပုံစာ – မူဆယ်မြို့မှာ တရုတ်နိုင်ငံထဲ ဝင်ခွင့်အတွက် တိုကင်တန်းစီနေသူတွေကို တွေ့မြင်ရစဉ်

ဓာတ်ပုံ – ကမ်းလက် လူမှုကူညီရေးအသင်း

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."