ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၁၈ (မော်ကွန်း)
မူဆယ်မြို့ကနေ တရုတ်နိုင်ငံကို ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကတ်နဲ့ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား သောင်းနဲ့ချီရှိနေပေမယ့် တရုတ်နိုင်ငံဘက်ကတော့ တစ်ရက်ကို လူ ၇၀၀ ခန့်ပဲ ဝင်ရောက်ခွင့်ပြုနေတယ်လို့ နယ်စပ်ဂိတ်မှာကူညီနေတဲ့ ဒေသတွင်းအကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။
မူဆယ်မြို့က နယ်စပ်ဂိတ်တွေဖြစ်တဲ့ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နဲ့ မန့်ဝိန်းဂိတ်တွေကနေ ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ် Temporary Border Pass (TBP) နဲ့ တရုတ်နိုင်ငံဘက်ခြမ်းကို ဝင်ရောက်ခွင့်ကို ယခုလ ၄ ရက်နေ့က စတင်ခွင့်ပြုပေးခဲ့တာပါ။
အဆိုပါ နယ်စပ်ယာယီဖြတ်သန်းခွင့်နဲ့ ဝင်ရောက်လာသူတွေဟာ တရုတ်နိုင်ငံ ရွှေလီ၊ ဂျယ်ခေါင်မြို့တို့မှာ ခြောက်ညအိပ်၊ ခုနှစ်ရက်ကြာ သွားလာလည်ပတ်ခွင့်နဲ့နေထိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။
လက်ရှိမှာ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကတ်ကို လာရောက်ပြုလုပ်နေတဲ့မြန်မာနိုင်ငံသားတွေ သောင်းနဲ့ချီ မူဆယ်မြို့မှာ စောင့်ဆိုင်းနေကြရတယ်လို့ အကူအညီပေးနေတဲ့ ကမ်းလက်လူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ပုံမှန်တော့ သူတို့ဘက်က ၆၀၀ ကျော်၊ ၇၀၀ လောက်ပဲ နေ့စဉ်ဝင်ခွင့်ပေးနေတာပေါ့၊ ကတ်ထုတ်ပေးတာပေါ့၊ သူတို့ဘက်ကလည်း လက်ခံနိုင်တဲ့ အင်အားကို ချိန်ဆထားတာပေါ့။ ဒီဘက်မှာတော့ စောင့်နေတာ သောင်းချီရှိတယ်၊ နေ့စဉ်တန်းစီပြီးစောင့်နေသူတွေ အများကြီးပဲ” လို့ ၎င်းက ပြောပါတယ်။
ဒါ့အပြင် ကတ်ပြုလုပ်ရမယ့် တုံတင်ကို တန်းစီပြီး ပြန်ရောင်းစားတာတွေ၊ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကတ် (TBP) ကို ပြန်လည်လက်လွှဲရောင်းချတာတွေလည်း ရှိလာတယ်လို့ မူဆယ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့အချင်းချင်း ပြန်ရောင်းစားတာပါ။ ပုံမှန်တန်းစီပြီးလုပ်ရင် တစ်ဦးကို နှစ်ထောင်ကျပ်ပဲ ကျသင့်တာ။ ကတ်ကို အပြင်မှာ တစ်သိန်းနဲ့ ပြန်ရောင်းတာတွေလည်း ကြားနေရတယ်” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အခုလို နယ်စပ်ဖြတ်သန်းသွာလာခွင့်ကို ပြီးခဲ့တဲ့ ကိုဗစ် ကာလတည်းက ပိတ်ထားခဲ့တာဖြစ်ပြီး ယခုလမှာမှ စတင်ဖွင့်ပေးခဲ့တာပါ။
အဆိုပါ ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်ကတ် (TBP) ဟာ တရုတ်နိုင်ငံထဲ ယာယီဝင်ရောက်လည်ပတ်ခွင့်သာရှိပြီး အလုပ်လုပ်ကိုင်ခွင့်မပြုထားပေမယ့် အလုပ်ရှင်နဲ့ နားလည်မှုယူကာ အဆိုပါ ကတ်နဲ့ပဲ မြန်မာနိုင်ငံသားအများစုဟာ တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြပါတယ်။
လက်ရှိ နယ်စပ်ဂိတ်ဝင်ရောက်ခွင့်ပြုမှုက မြန်မာနိုင်ငံဘက်ကပဲ ဝင်ရောက်ခွင့်ပြုပေးထားတာဖြစ်ပြီး တရုတ်နိုင်ငံမှာ ယခင်ရောက်ရှိနေသူတွေအနေနဲ့ နှစ်နိုင်ငံအစိုးရရဲ့ ပြည်တော်ပြန်အစီအစဉ်အနေနဲ့ ပြန်လည်ပို့ဆောင်နေတာဖြစ်ပါတယ်။
ပုံစာ – နယ်စပ်ဖြတ်ကျော်ခွင့်ကတ်စောင့်ဆိုင်းနေသူများ
ဓာတ်ပုံ – ကမ်းလက်လူမှုကူညီရေးအသင်း (မူဆယ်)
#Dailynews