မုံရွာ – ၂၀၂၂ မတ် ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်မှာ ဆိုင်ကယ်တစ်စီးတည်းစီးပြီး အလုပ်က ပြန်လာတဲ့လူငယ်သုံးဦးကို အာဏာသိမ်းစစ်တပ်က လိုက်လံပစ်ခတ်ခဲ့လို့ တစ်ဦးသေဆုံးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။
မနေ့ည ၇း၀၀ နာရီဝန်းကျင်က မုံရွာမြို့ပေါ်၊ ကားလေးကွင်း၊ညောင်ရိပ်သာ မင်္ဂလာစျေးအနီးမှာ လူငယ်သုံးယောက်လိုက်ပါစီးနင်းလာတဲ့ ဆိုင်ကယ်တစ်စီးကို အာဏာသိမ်း စစ်တပ်က လိုက်လံပစ်ခတ်ခဲ့တာကြောင့် အဆိုပါသုံးယောက်ထဲက အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးသွားခဲ့တာပါ။
လူငယ်သုံးယောက်ဟာ အလုပ်ကအပြန် သုံးယောက်စီးလာမိလို့ စစ်တပ်ရဲ့ လိုက်လံပစ်ခတ်ခံခဲ့ရတာဖြစ်နိုင်ပြီး အလယ်မှာ လိုက်လာတဲ့ လူငယ် အမျိုးသားခေါင်းထိမှန်သွားခြင်းဖြစ်ကြောင်း မြို့ခံတွေက ပြောဆိုပါတယ်။
“ညကစျေးနားမှာ သေနတ်သံငါးချက်လောက်ကြားရတယ်။ ခေါင်းထိသွားတယ်လို့အော်သံတွေလည်းကြားလိုက်ရတယ်။ သုံးယောက်စီးလို့လိုက်ပစ်တာပြောတယ်”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
အခြားမြို့များနည်းတူ မုံရွာမြို့မှာလည်း အမျိုးသားနှစ်ဦးကစလို့ ဆိုင်ကယ်တစ်စီးထဲအတူမစီးဖို့ တရားမဝင်စစ်ကောင်စီက ကြေညာထားပြီး မကြာခဏလိုက်လံပစ်ခတ်တာတွေရှိနေပေမယ့် ဆီစျေးတွေအဆမတန်မြင့်တက်နေလို့ အကုန်အကျသက်သာအောင် တစ်ဦးထက်ပိုပြီး အရဲစွန့်စီးနင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
#Dailynews

