မိုင်းလားသွား  တောလား

မိုင်းလားသွား  တောလား

ဓာတ်ပုံ-လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း

လေယာဉ်တက်တော့မည်ဖြစ်၍ခရီးသည်များ ခါးပတ်ပတ်ကြရန် ကြေညာလိုက်ချိန်တွင် ကျွန်တော်တို့လေယာဉ်သည် ပြေးလမ်းပေါ်သို့ ချဉ်းကပ်နေပြီဖြစ်သည်။ နောက် တဖြည်းဖြည်း ပိုမြန်လာပြီး ကျယ်လောင်သည့်အသံပေးကာ မိနစ်ပိုင်းအတွင်း ကောင်းကင်ပေါ်သို့ ဦးမော့ပျံ တက်သွားလေသည်။ လေယာဉ်သည် ရန်ကုန် မှ ခွာခဲ့ပြီဖြစ်၏။

လေယာဉ်ပြတင်းဘေးတွင် နေရာရသော ကျွန်တော်သည် လေယာဉ်အပြင်မှ မြင်ကွင်းများကို စိတ်ဝင်တစား ငုံ့ကဲကြည့်မိ သည်။ လူနေတိုက်ခန်းများ၊ စက်မှုဇုန်အဆောက်အအုံများ၊ ကား တွေစီတန်းသွားလာနေသော ရန်ကုန်မြို့လမ်းမများအား အပေါ် စီးမှမြင်တွေ့ရပြီးနောက် ရန်ကုန်-မ္တနလေး အမြန်လမ်းမကြီးကို လည်း ခပ်ရေးရေးမြင်ရပြန်သည်။

နာရီဝက်ကျော်ကျော်ခန့်ကြာသည့်အခါ မြို့ပြမြင်ကွင်း များ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ညို့မှိုင်းထူထဲသော ရှမ်းတောင်တန်းများအပေါ်မှ ဖြတ်၍ လေယာဉ်ပျံသန်းလေသည်။ ပြာပြာလဲ့လဲ့ကောင်းကင်အောက်မှ ယင်းတောင်တန်းကြီးများမှာ စိမ်းနက်နက် လှိုင်းတံပိုးကြီးများကဲ့သို့ အထပ်ထပ် တည်ရှိနေ ကြသည်။

တောင်တန်းကြီးများကို ကြည့်နေရင်း ဤနေရာများ၌မည် သည့်သတ္တဝါ၊ မည်သည့်သားရဲတိရစ္ဆာန်တို့ နေထိုင်ကျက်စားနေ ကြလေသနည်း၊ ထိုသတ္တဝါတွေကို မည်သူတွေကဖမ်းဆီးသတ်ဖြတ ်နေကြလေမည်နည်း စသည့် မေးခွန်းများစွာ ကျွန်တော့် ခေါင်းထဲ၌ အစီအရီ ဝင်လာကြသည်။

ယင်းသို့ တွေးမိသည်ကလည်း အကြောင်းရှိ၏။ ဤခရီးကို ကျွန်တော်တို့ သွားကြခြင်းမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း တရုတ် နယ်စပ် မိုင်းလားမြို့မှ သားရဲတိရစ္ဆာန် မှောင်ခိုဈေးကွက်ကြီး အကြောင်း သွားရောက်စုံစမ်းပြီး သတင်းဆောင်းပါးရေးရန် ဖြစ်သည်။ ‘ကျွန်တော်တို့’ဆိုသည်မှာ ကျွန်တော်နှင့်မော်ကွန်း မဂ္ဂဇင်းမှ သတင်းထောက်ချုပ် ကိုကျော်မျိုးထွန်းတို့ ဖြစ်ပြီး ဇန်နဝါရီ ၂၆ ရက်နံနက်တွင် ရန်ကုန်မှ ကျိုင်းတုံမြို့သို့ ထွက်ခွာ လာကြခြင်း ဖြစ်သည်။

ကျိုင်းတုံမှ နာရီအနည်းငယ်ခန့်ကားစီးလျှင် မိုင်းလားသို့ ရောက်မည်။ မိုင်းလားတွင် သုံးလေးရက်ခန့် အနည်းဆုံး ကြာ လိမ့်မည်ဟု ကျွန်တော်တို့ ခန့်မှန်းထားကြသည်။ မိုင်းလားမြို့ သည် ရှမ်းပြည်နယ်အထူးဒေသ (၄) အတွင်း တည်ရှိပြီး မိုင်းလား တပ်ဖွဲ့ (National Democratic Alliance Army-NDAA)များက လုံခြုံရေးယူထားသည်။ ထိုမြို့သည် ကာစီနိုလောင်း ကစားလုပ်ငန်းများ၊ မူးယစ်ဆေးမျိုးစုံ၊ ပြည့်တန်ဆာလုပ်ငန်းနှင့် မှောင်ခိုလုပ်ငန်းမျိုးစုံ၊ ဂိုဏ်းဂဏပေါင်းစုံကျက်စားသည့် ဂုဏ်ပုဒ် ဖြင့်နာမည်ကြီးပြီး သတင်းမီဒီယာများအား မလိုအပ်လျှင် လက် မခံသည့် နေရာလည်း ဖြစ်လေသည်။

ကျိုင်းတုံမှ မိုင်းလား

ကျွန်တော်တို့လေယာဉ်သည်  တစ်နာရီကျော်ကျော်ကြာ ပျံသန်းပြီးသည့်အခါ ကျိုင်းတုံလေဆိပ်သို့ ဆင်းသက်တော့မည် ဖြစ်ကြောင်း လေယာဉ်မယ်က ကြေညာလေသည်။ အပြင်ဘက် တွင်လည်း ကျိုင်းတုံအနီးတစ်ဝိုက်မှ လှေကားထစ်စိုက်ခင်းများ၊ မြို့ပေါ်ရပ်ကွက်များကို ထင်ထင်ရှားရှား မြင်နေရပြီ။ လေယာဉ် သည် မြေပြင်နှင့် တဖြည်းဖြည်းနီးကပ်လာပြီး တစ်ခဏအတွင်း ၌ပင် ကျိုင်းတုံလေဆိပ်သို့ ဆင်းသက်ခဲ့လေသည်။ ကျိုင်းတုံသို့ ကျွန်တော်တို့ရောက်ချိန်တွင် နေမွန်းတည့်နေပြီ။

ကျွန်တော်တို့သည် ကျိုင်းတုံတွင်နေ့လယ်စာစားကြပြီး မိုင်းလားသို့ ခရီးဆက်ရန် ပြင်ကြသည်။ သို့သော် ဝတပ်ဖွဲ့ (United Wa State Army- UWSA)နှင့် မြန်မာတပ်မတော် တို့ စစ်ရေးတင်းမာနေသဖြင့် ကျိုင်းတုံ-မိုင်းလားကားလမ်းကို အစိုးရဘက်ကပိတ်ထားရာ မိုင်းလားသို့ သွားလိုလျှင် မိုင်းခတ်၊ မိုင်းယန်းမြို့များကို ဖြတ်၍ တစ်ကွေ့တစ်ပတ်ကြီး ကားစီးရမည် ဖြစ်လေသည်။ ပိတ်ထားသည့် ကျိုင်းတုံ-မိုင်းလားလမ်းမှာ ကောင်းမွန်ပြီး ကားစီးချိန်နှစ်နာရီခန့်သာ ကြာနိုင်သော်လည်း ယခု မိုင်းခတ်ဘက်မှ သွားလျှင် လမ်းကြမ်းသည့်အပြင် ကားစီး ချိန် ငါးနာရီခန့် ကြာမြင့်မည်ဖြစ်ကြောင်း ကားသမားများက ဆိုကြလေသည်။

သို့သော် ကျွန်တော်တို့မှာ နောက်မဆုတ်သာတော့သဖြင့် ကြမ်းတမ်းသောလမ်းကိုပင် ရွေးရလေသည်။ မိုင်းလားသွားမည့် ပရိုဘောက်ကားတစ်စီးနှင့် ခရီးဆက်ကြ၏။ ကားသမားမှာ ရှမ်း လူမျိုးဖြစ်ပြီး စကားနည်းသည်။ ကားပေါ်တွင် မိုင်းလားသို့သွား မည့် သားအမိသုံးဦးလည်း လိုက်ပါလာကြသည်။ အမျိုးသမီးမှာ အသက် ၃၅ ဝန်းကျင်ဖြစ်ပြီး ကလေးများမှာ ဆယ်ကျော်သက် အရွယ် ယောက်ျားလေးတစ်ဦးနှင့် ဆယ်နှစ်အောက်အရွယ် မိန်း ကလေးတစ်ဦး ဖြစ်သည်။

ကျွန်တော်သည် ကားပေါ်တွင် နားကြပ်တပ်ကာ သီချင်း နားထောင်လိုက်၊ လမ်းအပြင်သို့ ဟိုသည်ငေးလိုက်ဖြင့် လိုက်ပါ လာရာ မကြာခင် လူကုန်ကူးစစ်ဆေးရေးဂိတ်တစ်ခုသို့ ရောက် လေသည်။ ကားဆရာသည် ကျွန်တော်တို့ထံမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို တောင်းယူပြီးနောက် စစ်ဆေးရေးဂိတ်အရာရှိ ထံ သွားရောက်ပြသလေသည်။

သို့သော် သိပ်မကြာလိုက်။ သုတ်သီးသုတ်ပျာဖြင့် ကား ဆရာ ပြန်ရောက်လာသည်။

”ကားထဲမှာ ရခိုင်ပါလား။ ဆရာခေါ်နေတယ်”

ရုတ်တရက် ကျွန်တော် အံ့သြသွားသည်။ ရခိုင်လူမျိုးဖြစ် နေ၍ စစ်ဆေးခံရသည်မှာ ကျွန်တော့်ဘဝတွင် ပထမဆုံးအကြိမ် ဖြစ်၏။

ကျွန်တော်သည် ကားပေါ်မှဆင်းပြီး စစ်ဆေးရေး အဆောက် အအုံအတွင်းသို့ ဝင်လိုက်သည်။ အထဲတွင် စွပ်ကျယ်အဖြူဝတ် ထားပြီး အပြာရင့်ရောင် ယူနီဖောင်းဘောင်းဘီဝတ်ထားသူတစ် ဦးကို တွေ့ရသည်။ နံရံပေါ်တွင် ကြယ်နှစ်ပွင့်တပ်ရဲအရာရှိယူနီ ဖောင်းတစ်စုံကိုလည်း ချိတ်ဆွဲထားသည်။ ထိုလူက ကျွန်တော့် အား စေ့စေ့ကြည့်ပြီးနောက်-

”ရခိုင်ဆိုရင် မိုင်းလားဘက်ပေးမသွားဖို့ ရဲမှူးကြီးက မှာ ထားတယ်”ဟု ဆိုလေသည်။ သို့သော် ပေးမသွားရသည့် အကြောင်းရင်းကို မေးသည့်အခါ၌မူ သေသေချာချာ သူ မပြောပေ။

ထိုအခါ ကျွန်တော်တို့ မိုင်းလား သွားရသည့်အကြောင်း ရင်းနှင့် ကျွန်တော်တို့သည် သတင်းထောက်များဖြစ်ကြောင်း မိတ်ဆက်လိုက်ရာ ”ဒါဖြင့်လည်း သွား။ တစ်ရက်၊ နှစ်ရက်ပဲ ကြာ မယ်ဆိုလို့ သွားခွင့်ပြုလိုက်တာ။ ပြန်လာရင် ဒီမှာ ပြန်သတင်း ပို့”ဟု ခပ်ပြတ်ပြတ်ပြောပြီး သွားခွင့်ပြုလိုက်လေသည်။

ခရီးသွားခွင့်ရပြီဖြစ်၍ ကျွန်တော်သည် ကားပေါ်သို့ ပြန် တက်လိုက်၏။ ကားဆရာကတော့ စိုးရိမ်သွားဟန် တူသည်။

”ခင်ဗျားကို ဗမာထင်လို့တင်လာတာ။ ရခိုင်ဆိုရင် ကား ပေါ် မခေါ်ဖို့ ကျွန်တော်တို့ကိုလည်း မှာထားတယ်။ ဒီဘက်ကို ရခိုင်တွေ အများကြီးသွားကြတယ်လေ။ လူကုန်ကူးခံရမှာစိုးလို့နဲ့ တူပါတယ်ဗျာ”ဟု ရှမ်းသံနှောဖြင့် ရေရွတ်ကာ ကားကို ဆက် မောင်းလေသည်။

ကားလမ်းသည် အစပိုင်းတွင် ကတ္တရာဖြစ်၍ ချောမွေ့သလို လိုရှိ၏။ သို့သော် ကျိုင်းတုံနှင့် ဝေးလာလေလေ လမ်းမှာ ကြမ်း လာလေလေ ဖြစ်လေသည်။ ပြင်လက်စလမ်းများဖြစ်ရာ လမ်း ပေါ်တွင် ကျောက်များခင်းထားသည်။ လမ်းအလုပ်သမားများကို လည်း ဟိုတစ်စု သည်တစ်စု တွေ့ရသည်။ ကားသည် မညီညာ သော ကျောက်များပေါ်မှ ဖြတ်သန်းသွားသည့်အခါ မိုးကြိုးများဆက်တိုက်ပစ်နေသကဲ့သို့ တဂျုံးဂျုံးတဂျိန်းဂျိန်းအသံများ ကြား နေရလေသည်။

တစ်ခါတစ်ရံ ကတ္တရာလောင်းနေသည့်နေရာရောက်လျှင် ကားကို ရပ်ကာ လမ်းပြန်ဖွင့်သည်အထိ စောင့််ဆိုင်းရသည်။   လမ်းအရည်အသွေး စစ်ဆေးနေသည့်အဖွဲ့များ တွေ့လျှင်လည်း ရပ်ရပြန်သည်။ ဤသို့ဖြင့် ရပ်လိုက်နားလိုက် ခရီးဆက်လာရာ တဖြည်းဖြည်းနှင့် ရှမ်းပြည်နယ်အထူးဒေသ(၄) မိုင်းလားတပ် ဖွဲ့များ ထိန်းချုပ်ရာနယ်မြေအတွင်း ရောက်လာလေသည်။ ဂိတ် များတွင် ကားရပ်ပြီး စစ်ဆေးခံရန် သတိပေးဆိုင်းဘုတ်များကို မြန်မာဘာသာ၊ ရှမ်းဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ များဖြင့် ရေးသားထားလေသည်။ မိုင်းလားဘက်ခြမ်းတွင် ဂိတ် နှစ်ဂိတ်မျှ ဖြတ်ကြရသည်။ ဂိတ်များကို ဖြတ်သန်းသည့်အခါ လမ်းဆင်းလျှောက်ကြရသော်လည်း ရှည်ရှည်ဝေးဝေးစစ်ဆေးမှု မရှိပေ။

မိုင်းယန်းမြို့သို့ ကျွန်တော်တို့ရောက်ချိန်တွင် နေဝင်နေပြီ။ လမ်းကြမ်း၍ လူတွေလည်း ပန်းနေကြပြီ။ သို့သော် မိုင်းလားသို့ ရောက်ရန် တစ်နာရီခန့်သာမောင်းရတော့မည်ဟု ကားဆရာက ပြောလိုက်ရာ အနည်းငယ် တက်တက်ကြွကြွ ဖြစ်သွား၏။ ကျွန် တော်တို့ရောက်လိုသည့် မိုင်းလားသို့ ရောက်ချေတော့မည် မဟုတ်ပါလား။

မိုင်းလားဈေးတွင် လိပ်တစ်ကောင်အား ရောင်းချရန် ခုတ်ထစ်နေစဉ် ။   ဓာတ်ပုံ-ကျော်မျိုးထွန်း/မော်ကွန်းမဂ္ဂဇင်း

မိုင်းလား

မိုင်းလားနှင့် နီးလာသောအခါ ကားလမ်းသည် ချောမွေ့ လာသည်။ သို့သော် လမ်းအကွေ့အကောက် ပိုများလာသည်။ညည့်နက်လာပြီဖြစ်ရာ ကားဆရာသည် ရှေ့မီးများ အကုန်ဖွင့် ကာ ကားကို သတိထားမောင်းနေလေသည်။ သိပ်မကြာလိုက်ပါ၊ လျှပ်စစ်မီးများ ထိန်ထိန်ညီးညီးထွန်းညှိထားသည့်မိုင်းလားမြို့ ကို တောင်ပေါ်မှ ဘွားခနဲ မြင်တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း အခြားနိုင်ငံတစ်ခုသို့ ရောက်သွားသလို ခံစားလိုက် ရသည်။

တောတောင်များကြား၌ ထည်ဝါသော ဟိုတယ်ကြီးများကို ရုတ်တရက် မြင်တွေ့လိုက်ရသည့်အခါ ကျွန်တော့်မှာ မအံ့သြဘဲ မနေနိုင်ဖြစ်ရသည်။ ဤဟိုတယ်ကြီးများမှာ ထိုဒေသ၏ ကြွယ်ဝမှု ကို ဖော်ပြနေသကဲ့သို့ ရှိလေသည်။ မြို့တွင်းလမ်းအများစုကို ကတ္တရာခင်းထားပြီး တချို့ကို ကွန်ကရစ်ခင်းထားသည်။ မြို့ထဲသို့ ကားဝင်လာသည့်အခါ တီဗီဂိမ်းဆိုင်များ၊ တရုတ်အစားအစာ ဆိုင်များ၊ အလှပြင်ဆိုင်များကို တွေ့ရလေသည်။

ကျွန်တော်သည် ကားပေါ်မှနေ၍ မိုင်းလားမြို့အားတအံ့ တသြ အကဲခတ်နေမိသည်။ ထိုစဉ် ကားရှေ့ဆယ်ကိုက်ခန့် အကွာ တွင် ‘ဒိုင်း’ခနဲ မြည်သံနှင့်အတူ တစ်စုံတစ်ခု ပေါက်ကွဲသွားပြီး လက်ခနဲမီးပွင့်သွားရာ မိန်းမောနေရာမှ လန့်ဖျပ်သွားရသည်။ သို့ သော် ထိုနေရာအား သေသေချာချာကြည့်လိုက်ရာ ဗြောက်အိုး ဖောက်နေသော ကလေးငယ်တစ်ဦးကို တွေ့ရလေသည်။

ထိုအခါမှ ကျွန်တော်သည် အိမ်များ၊ ဈေးဆိုင်များရှေ့မှ မီးပုံးနီနီလေးများကို သတိထားမိပြီး မကြာခင်ရက်ပိုင်းအတွင်း တရုတ်နှစ်သစ်ကူးတော့မည်ကို သတိရသွားသည်။ မိုင်းလားမြို့ ကား တရုတ်နှစ်သစ်ကို ကြိုနေချေပြီ။

မိုင်းလားတွင် ဒေသခံ လားဟူနှင့် အခါတိုင်းရင်းသားများ၊ ပြည်တွင်းမှ ရွှေ့ပြောင်းအလုပ်သမားများနေထိုင်ကြသော်လည်း စီးပွားရေးလုပ်ငန်းများကို ကြီးစိုးထားကြသူအများစုမှာ တရုတ်ပြည်မမှ လာသည့် တရုတ်လူမျိုးများ ဖြစ်ကြောင်း မိုင်း လားတွင် နေထိုင်သူတချို့က ဆိုကြသည်။ ၎င်းတို့သည် လောင်း ကစား၊ ကျောက်မျက်ရတနာနှင့် ဆင်စွယ်စသော သားရဲတိရစ္ဆာန် အစိတ်အပိုင်းများ ရောင်းဝယ်ကြသည်။ တစ်မြို့လုံးတွင်လည်း တရုတ်ဟန်စွက်သည့် အဆောက်အအုံများ မှိုလိုပေါက်နေသည် ကို တွေ့ရလေသည်။

ကျွန်တော်တို့စီးလာသော ကားသည် ကျွန်တော်တို့ တည်း ခိုမည့် တည်းခိုခန်းရှေ့ထိ လိုက်ပို့ကာ နှုတ်ဆက်ထွက်ခွာသွား သည်။ ပြည်တွင်းမှ လာရောက်ဖွင့်လှစ်ထားသော တည်းခိုခန်း ဖြစ်ပြီး သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ရှိသည်။ ကျွန်တော်တို့ သည် နှစ်ယောက်ခန်းတစ်ခန်း ငှားရမ်းကာ ပါလာသော အထုပ် အပိုးများကို နေရာချလိုက်ကြသည်။

အခန်းထဲမှ တီဗီအား ဖွင့်ကြည့်လိုက်ရာ တရုတ်ဘာသာ စကားဖြင့် ထုတ်လွှင့်သော တီဗီအစီအစဉ်များ လာနေသည်ကို တွေ့ရသည်။ အခန်းထောင့် မှန်ဗီရိုပေါ်တွင်လည်း ခေတ်ပေါ် အဝတ်အစားဝတ်ထားသည့် အမျိုးသမီးပုံများ ပါပြီး တရုတ် ဘာ သာစကားဖြင့် ရေးထားသော စားပွဲတင်ပြက္ခဒိန်ပုံစံ ကြော်ငြာ တစ်ခုကို တွေ့ရသည်။ ထိုကြော်ငြာမှာ အနှိပ်ခန်းမှ မိန်းကလေး များကို ဖုန်းဆက်ခေါ်ယူနိုင်ကြောင်း ကြော်ငြာဖြစ်ပြီး ဖုန်းနံပါတ် များကိုတော့အင်္ဂလိပ်လို ရေးထားလေသည်။

ကျွန်တော်တို့ ကိုယ်လက်သန့်ရှင်းရေးလုပ်ပြီးချိန်တွင် ဗိုက် ထဲမှတဂွီဂွီမြည်ကာ ညစာစားရန် အချက်ပေးနေပြီဖြစ်၍ မြို့တွင်း လမ်းမဘေးတစ်နေရာတွင် တရုတ်တစ်ဦးရောင်းချသည့် သိုး သားကင်နှင့် ခေါက်ဆွဲပြုတ်ကို မြိန်ရေယှက်ရေစားသောက် ကာ ဗိုက်ပြဿ      နာကို ဖြေရှင်းလိုက်ကြသည်။

မိုင်းလားတွင် မြန်မာငွေအသုံးနည်းပြီး တရုတ်ယွမ်ငွေကို အဓိက သုံးကြသည်။ ကျွန်တော်တို့သည် ညနေစာမစားခင်က လဲလှယ်ထားသော တရုတ်ယွမ်ငွေများဖြင့် ကျသင့်သည့် ငွေကို ရှင်းလိုက်ကြသည်။ ထို့နောက် တည်းခိုခန်းသို့ ပြန်ကာ စောစီးစွာ အိပ်စက်အနားယူလိုက် ကြသည်။

ဓာတ်ပုံ-ကျော်မျိုးထွန်း/မော်ကွန်းမဂ္ဂဇင်း

တိရစ္ဆာန်မှောင်ခို ဈေးကွက်

နာရီနှိုးစက်သံ တတီတီမြည် လာသဖြင့် မျက်စိကို အားပြုဖွင့် ကြည့်ရာ မနက်ငါးနာရီထိုးနေပြီ။ အပြင်တွင် မြူ ဆိုင်းနေပြီး အရိုးခိုက် အောင် အေးနေသည်။

ယနေ့မနက် မိုင်းလားဈေး သို့သွားရန် ဘာသာပြန်ပေးမည့် သူ နှင့် ချိန်းဆိုထားကြသည်။ မိုင်းလားတွင် တရုတ်ဘာသာစကားကို အဓိကပြောကြ ရာ ကျွန်တော်တို့ သိလိုသည်များ မေးမြန်း နိုင်ရန် ဘာသာပြန်သူ၏ အကူအညီ လိုအပ် ခြင်း ဖြစ်သည်။ ကျိုင်းတုံမှ ကျွန်တော်တို့ မိတ် ဆွေတစ်ဦးက ချိတ်ဆက်ပေးသဖြင့် ယခု သွား တွေ့မည့် ဘာသာပြန်သူနှင့် အဆက်အသွယ်ရခြင်း ဖြစ်သည်။

ဈေးတွင် တောရိုင်းတိရစ္ဆာန်နှင့် အစိတ်အပိုင်းများ ရောင်းချလျက်ရှိ ပြီး မနက်စောစောအချိန်ဆို ရောင်းသူဝယ်သူ ပိုများသည်ဟု ဘာသာပြန်သူက ပြောပြထားသဖြင့် ဈေးသို့ စော စောသွားရန် မျက်နှာ မြန်မြန်သစ်၊ သွားမြန်မြန်တိုက်ကြသည်။ ပြီးနောက် တည်းခိုခန်း အပြင်ဘက်သို့ ထွက်လိုက်ကြသည်။

တည်းခိုခန်းရှေ့ လမ်းတစ်ဖက်တွင် အဆောက်အအုံပျက် တစ်လုံးရှိသည်။ ထိုအဆောက်အအုံ အနောက်ဘက်တွင် မြက် ရိုင်းများ တောထနေလေသည်။ ကျွန်တော်တို့ လမ်းပေါ်သို့ ထွက် လိုက်ချိန်တွင် အဆောက်အအုံအနောက်ဘက် မြက်ရိုင်း တော ထဲမှ ထွက်လာသော လူတစ်ယောက်ကို တွေ့ရလေသည်။ ထိုလူ မှာ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်ဝတ်ထားသည်။ ပါးစပ်မှ စုတ်တသပ်သပ်ဖြင့် ဘယ်ဘက်လက်မောင်းအတွင်းဘက်ကို ညာဘက်လက်ဖမိုးဖြင့် ဖိခြေနေလေသည်။ ထိုလူ့မျက်နှာမှာ ရီဝေဝေ မှုန်တေတေ ဖြစ်နေရာ ”ဒီလူ ဘိန်းထိုးလာတာ ဖြစ် မယ်”ဟု ကိုကျော်မျိုးထွန်းက မှတ်ချက်ပြုလေသည်။

ဘာသာပြန်သူအိမ်သို့ရောက်ပြီး ထိုအကြောင်းကို မေး ကြည့်ရာ အဆောက်အအုံပျက်မှာ ယခင်က ဂိမ်းဆိုင်ဖြစ်ပြီး ယခု အခါ မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းသူများ လာရောက် ကြသော နေရာဖြစ်လာကြောင်း ပြောပြလေသည်။

မိုင်းလားမှ သားရဲတိရစ္ဆာန် မွေးမြူ ရေးခြံတွင် တွေ့ရသောဆင် ။    ဓာတ်ပုံ-လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း

ထို့နောက် ကျွန်တော်တို့လည်း ဘာသာပြန်သူဆိုင်ကယ် ဖြင့် မိုင်းလားဈေးသို့ ခရီးဆက်ခဲ့ကြသည်။ မိုင်းလားဈေးမှာ မိုင်းလားမြို့ နာရီ စင်တံတားအနီးတွင် ရှိသည်။ ငါးမိနစ်ခန့်သာ မောင်းရ၏။ဈေးရှေ့သို့ ရောက်သည့်အခါ ဆိုင်ကယ်ထားရန် သတ်မှတ်ထားသော နေရာ၌ ဆိုင်ကယ်ရပ်ပြီး ဈေးဝင်းထဲသို့ ကျွန်တော်တို့ ဝင်လိုက်ကြသည်။

ဈေးအဝင်ဝတွင် မာကျောက်ကစားနေသည့် လူတချို့ ကိုတွေ့ရပြီး ၎င်းတို့ကို ကျော်ဖြတ်လာသည့်အခါ တိရစ္ဆာန်များနှင့် အစိတ်အပိုင်းများ ရောင်းချနေသော ဈေးသည်များကို တွေ့ လိုက်ရလေသည်။

၎င်းတို့ရောင်းချနေသည်မှာ ပြည်တွင်းဈေးများ၌ ရောင်း နေကျ သားငါးများတင် မဟုတ်ပေ။ ကျွန်တော်တို့ ငယ်ငယ်က ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ သွားကာ တကူးတက ကြည့်ခဲ့ရသော တိရစ္ဆာန်များကို ရောင်းချနေကြခြင်း ဖြစ်လေသည်။

အကြောပြိုင်းပြိုင်း ထနေသော ကျားခြေထောက်များ၊ လက်သည်းများ၊ ကျားသားရေများ၊ အတုံးလိုက် ဖြတ်တောက် ထားသည့် ဆင်သားရေတုံးများ၊ အရွယ်အစားကြီးငယ် ရှိသည့် စပါးကြီးသည်းခြေများ၊ ဝက်ဝံသည်းခြေများ၊ ကီလိုအလိုက် ချိန်တွယ်ရောင်းချရန် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားသော သင်းခွေချပ် အကြေးခွံများ၊ အဖြူရောင်၊ အနက်ရောင်ရှိသည့် ချွန်မြသော ဖြူစူးများအပြင် အခြားသစ်တောထွက် ပစ္စည်းတချို့ ကိုလည်း တွေ့ရလေသည်။

သေလွန်ပြီးသော တိရစ္ဆာန် အစိတ်အပိုင်းများသာ တွေ့ ရ သည် မဟုတ်၊ ပလတ်စတစ်ဇလုံများထဲတွင် ကူးခတ်နေကြသော ပင်လယ်လိပ်နှင့် ကုန်းလိပ်များကိုလည်း အရှင်လတ်လတ် တွေ့ရ သေးသည်။

၎င်းတို့သည် ဇလုံအတွင်းမှ လွတ်ရာလွတ်ကြောင်း ရုန်း ကန် ကူးခတ်နေကြသော်လည်း ပိုက်များဖြင့် ကာထားသဖြင့် ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်ပါချေ။

ရှေ့သို့ အနည်းငယ်လျှောက်လာသည့်အခါ သံလှောင်အိမ် များထဲတွင် မျောက်များ၊ ဇီးကွက်များကိုလည်း တွေ့ရပြန်သည်။ လှောင်အိမ်ထဲမှ မျောက်တစ်ကောင်က ဈေးလာဝယ်သူများအား ကြည့်ရင်း တခွီခွီ အသံပေးနေသည်။ ဇီးကွက်များကတော့ ဘဝ ကို အရှုံးပေးထားကြဟန်ရှိ၏။ လှုပ်လှုပ်ရှားရှားမရှိဘဲ လှောင် အိမ်ထဲ ငြိမ်ကုပ်နေကြသည်။ သူတို့ဘေး သံလှောင်အိမ်ထဲတွင်မူ သန်မာသော ဝါးကြွက်ကြီးနှစ်ကောင်ကို တွေ့ရပြန်သည်။ ဝါး ကြွက်များမှာ ပုပုလုံးလုံးပုံသ္ဌာန်ရှိပြီး အရွယ်ရောက်ပြီးသား ကြောင်တစ်ကောင်လောက် အရွယ်အစားကြီး၏။

ဝါးကြွက်များကတော့ အငြိမ်မနေကြပေ။ သူတို့၏ရှေ့ သွားကြီးနှစ်ချောင်းဖြင့် သံချေးတက်နေသော လှောင်အိမ်သံ တိုင်များကို အသည်းအသန်ကိုက်ဖြတ်နေကြသည်။ သို့သော် သံတိုင်များ ခိုင်မာလွန်းသဖြင့် သူတို့ကိုက်ဖြတ်သမျှ အရာ မထင်။ လှောင်အိမ်ထဲ၌ သူတို့စားရန် ကြံချောင်းများ ထည့် ပေးထားသော်လည်း အသက်ဘေးရုန်းကန်နေရသဖြင့် အစာ စားရန် စိတ်မဝင်စားနိုင်အားကြပေ။

အဆိပ်ပြင်းလွန်းပါသည်ဆိုသော မြွေဟောက်များကို လည်း မိုင်းလားဈေးက အလွတ်မပေး။ ပိုက်ကွန်အိတ်ထဲတွင် ထည့်ထားသော မြွေဟောက်သုံး၊ လေးကောင်မှာ ပါးပျဉ်း မထောင်နိုင်တော့ပေ။ သူတို့မှုတ်ထုတ်ထားသည့် အဆိပ်ရည် များသည်ပင် ခြောက်သွေ့၍ ဝါဖန့်ဖန့်အဖတ်များ ဖြစ်ကာ အိတ် ထဲ ပြန့်ကြဲနေလေသည်။

တရုတ်လူမျိုးများ၏ ရှေးရိုးရာအစဉ်အလာအရ တော ရိုင်း သတ္တဝါများကို အရက်ဖြင့်စိမ်ကာ သောက်သုံးခြင်း၊ ဆေးဝါး ဖော်စပ်ခြင်းများ ပြုလုပ်လေ့ရှိကြရာ ကျားကဲ့သို့သော သတ္တဝါ ကြီးများမှအစ မြွေ၊ တောက်တဲ့ စသည့် သတ္တဝါငယ်များ အဆုံး အရက်ထဲစိမ်ကာ သောက်ကြကြောင်း ဈေးသည်များက ဘာသာ ပြန်က တစ်ဆင့် ပြောပြကြသည်။ ထိုသို့သောက်ပါက ကျန်းမာ ရေးအတွက် ကောင်းမွန်ပြီး ခွန်အားတိုးကြောင်း ထိုသူက ပြော လေသည်။

ဆင်သားရေစသည့် အစိတ်အပိုင်းများကိုလည်း အသား အရေလှပစေရန်ရည်ရွယ်ချက်ဖြင့် အလှကုန်ပစ္စည်းအဖြစ် အသုံး ပြုကြကြောင်း ဆိုကြသည်။ ထိုသို့သော ရည်ရွယ်ချက်များကြောင့် ပြည်တွင်းမှ ဆင်များ ပိုမိုသတ်ဖြတ်ခံရကာ မှောင်ခိုရောင်းဝယ်မှု မြင့်တက်လာကြောင်း ပညာရှင်များ၏ သုံးသပ်မှုကို မိုင်းလားသို့ မလာခင်က ဖတ်ခဲ့ရသေးသည်။

ဈေးထဲတွင် သတ္တဝါများအား အကောင်လိုက် ရောင်းချ သည်လည်း ရှိသလို ချက်ချင်းသတ်ဖြတ်ကာ လတ်လတ်ဆတ် ဆတ် ရောင်းချသည်ကိုလည်း တွေ့ရသည်။ ဈေးသည် အဒေါ်ကြီး တစ်ဦးဆိုလျှင် လိပ်အရှင်တစ်ကောင်အား ဂုန်နီအိတ်ပေါ်တင်ကာ အခွံများကိုဓားဖြင့် တဒိုင်းဒိုင်းခုတ်၍ ခွာချနေသည်။ လိပ်မှာ ပက်လက်အနေအထားဖြင့် ယက်ကန်ယက်ကန် ဖြစ်နေ၏။ လိပ် အား ခုတ်ထစ်နေသည်ကို ဈေးဝယ်လာဟန်တူသည့် လူလတ်ပိုင်း တရုတ်သုံးလေးဦးက စကားတပြောပြောနှင့် ရပ်ကြည့်နေကြ သည်။ တချို့ကလည်း ဖုန်းဖြင့် ဓာတ်ပုံရိုက်ကြ၏။

ထို့ကြောင့် ကျွန်တော်တို့လည်း ခပ်တည်တည်နှင့် ဓာတ် ပုံဝင်ရိုက်သည့်အခါတွင်မူ ဈေးသည်များက ဓာတ်ပုံရိုက် ခွင့်မပြု ပေ။ ဈေးသည်တချို့ဆိုလျှင် တရုတ်ဘာသာစကားဖြင့် မကျေ မနပ် တတွတ်တွတ်ပြောဆိုပြီး ကျွန်တော်တို့အား ထိုနေရာမှ ထွက်သွားရန် လက်ဟန်ခြေဟန်ဖြင့် နှင်ထုတ်လေသည်။

ကျွန်တော်တို့လည်း ဈေးအတွင်းပိုင်းသို့ ရှေ့ဆက် လျှောက် လာခဲ့ကြသည်။ နောက်ထပ်ငါးမိနစ်ခန့်အကြာ ထိုနေရာသို့ ကျွန် တော်တို့ ပြန်လှည့်လာချိန်တွင် မကြာသေးခင်က အခုတ်ခံနေရ သော လိပ်မှာ သွေးသံရဲရဲဖြင့် ဈေးပန်းပေါ်တွင် ငြိမ်သက်နေလေပြီ။

ဈေးတန်းတစ်လျှောက်တွင် ထိုသို့ တိရစ္ဆာန် အစိတ်အပိုင်း များ စုံစုံလင်လင် ရောင်းချနေသော ဆိုင်လေး၊ ငါးဆိုင်မက တွေ့ ရသည်။ သို့သော် ကျွန်တော်တို့အား ဘာသာပြန်ပေးသောဒေသခံ က ”ဒါ တော်တော်နည်းသွားတာ။ နှစ်သစ်ကူးနဲ့ နီးနေလို့ တရုတ် တွေ သူတို့နိုင်ငံဘက် ပြန်ကြတာရယ်၊ ဈေးသည်တွေ နားကြတာ ရယ်ကြောင့် ဈေးလာမရောင်းတဲ့ လူတွေ ရှိကြတယ်လေ”ဟု ဆို လေသည်။

ကျွန်တော်တို့သည် ဈေးမှပြန်လာခဲ့ကြပြီး မြန်မာလူမျိုး တစ်ဦးဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်တွင် မနက်စာ စားကြ သည်။ မနက်စာစားနေစဉ် ဆိုင်ရှေ့လမ်းမပေါ်မှ စည်ပင်ကား ကြီး တစ်စီးဖြတ်သွားလေသည်။ ကားပေါ်တွင် မီးသတ်ကား ကဲ့သို့ ရေစည်ကြီးပါပြီး ရေပိုက်နှစ်ခုဖြင့် လမ်းပေါ်သို့ ရေများ တရစပ်ဖျန်းသွားသည်။ ကားဖြတ်သွားပြီး ဆိုင်ရှေ့ လမ်းမပေါ် တွင် ရေများစိုရွဲကာ ဖုန်များ၊ သဲများပင် အစအနမကျန် လောက်အောင် သန့်ရှင်းသွားလေသည်။

မိုင်းလားတွင် စည်ပင်သည် စည်းကမ်းရှိကြောင်း၊ တစ် နေ့ကို သုံး၊ လေးကြိမ်ခန့် လမ်းများကို ရေဖျန်းခြင်း၊ သန့်ရှင်း ရေးလုပ်ခြင်းများ ဆောင်ရွက်ကြောင်း ဘာသာပြန်သူက ရှင်း ပြလေသည်။

နေ့လယ်ပိုင်းတွင်လည်း ဆင်များ၊ မျောက်များ၊ ဝက်ဝံများ၊ မိကျောင်းများ မွေးမြူထားသော မွေးမြူရေးခြံကြီးတစ်ခြံသို့ ကျွန်တော်တို့ သွားရောက်လေ့လာကြသေးသည်။ ထိုခြံကို တရုတ်သူဌေးတစ်ဦးက ပိုင်ဆိုင်ပြီး အလုပ်သမားတချို့မှာ မြန်မာ လူမျိုးများ ဖြစ်ကြသည်။ ထိုခြံထဲမှ အဆောက်အအုံတစ်ခုထဲတွင် လည်း ဆင်စွယ်ဖြင့် ထုလုပ်ထားသော လည်ဆွဲများ၊ လက် ကောက်များ၊ ဘုရားဆင်းတုများကို မှန်တိုက်ထဲ ထည့်ကာ ရောင်းချသည်ကို တွေ့ရသည်။

မိကျောင်းဥ အလုံး ၃ဝ ခန့်ကိုလည်း ရောင်းချရန် ပြသ ထားပြီး မိကျောင်းဥတစ်လုံးကို တရုတ်ငွေ ယွမ် ၁ဝဝ (မြန်မာငွေ ကျပ် နှစ်သောင်းခန့်)နှင့် ရောင်းသည်။ ဝက်ဝံသားရေနှစ်ချပ်ကို လည်း အဆောက်အအုံနံရံပေါ်တွင် ချိတ်ဆွဲထားလေသည်။

မိကျောင်းကန်အပန်းဖြေစခန်း၌ ရောင်းချနေသည့် မိကျောင်းဥများ ။  ဓာတ်ပုံ-လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း

မွေးမြူရေးစခန်းမှ ကျွန်တော်တို့ ပြန်လာချိန်တွင် နေ အတော်စောင်းနေပြီ။ တည်းခိုခန်းတွင် ရေမိုးချိုးပြီးသည့်အခါ မိုင်းလားတောင်ပေါ်မှ ဒွေနဂရရွှေစေတီတော်သို့ ကျွန်တော်နှင့်ကိုကျော်မျိုးထွန်းတို့ ဆိုင်ကယ်စီးပြီး သွားလိုက်ကြသည်။ ထို တောင်ပေါ်မှ လှမ်းကြည့်လျှင် မိုင်းလားတစ်မြို့လုံးအား အပေါ်စီး မှ မြင်ရ၍ ဓာတ်ပုံရိုက်ရန် သင့်လျော်လေသည်။

စေတီတော်မုခ်ဦးကို သိဒ္ဓတ္ထမင်းသားတောထွက်ခန်းပုံ ထုလုပ်ထားသည်။ မုခ်နှင့် စေတီတော်တို့တွင် မြန်မာဟန် ထုဆစ် ပုံဖော်သည်ကို တွေ့ရသော်လည်း ဘုရားလာရောက်ဖူးသူ အများစုမှာ တရုတ်စကား ပြောကြသည်။ ရင်ပြင်ပေါ်လည်း ဖိနပ် စီးကြ၏။ ကျွန်တော်လည်း ဖိနပ်စီးရမလို၊ ချွတ်ရမလို ခေတ္တမျှ ဇဝေဇဝါဖြစ်ပြီးနောက် ရောမရောက် ရောမလို ကျင့်ရမည်ဟူ သော အတွေးဝင်ကာ ဖိနပ်စီးလျက်ပင် ဘုရားကန်တော့ လိုက်သည်။

ရင်ပြင်အနီးတွင် ရပ်တော်မူဘုရားတစ်ဆူကိုလည်း ဖူးတွေ့ ရပြီး ထိုဆင်းတုမှာ မိုင်းလားမြို့ထဲသို့ လက်ညှိုးညွှန်ပြနေသည်။ ဆင်းတုအောက်ခြေအနားတွင် ကိုရင်လေးတချို့ တစ်ဖက်နှင့် တစ်ဖက် ဗြောက်အိုးများဖြင့် ပစ်ဖောက် ဆော့ကစားနေကြသည်။

ကျွန်တော်တို့သည် ထိုတောင်ပေါ်မှ နေ၍ မိုင်းလားမြို့ နေဝင် ချိန်ကို ဓာတ်ပုံမှတ်တမ်းတင်ကြသည်။ များမကြာမီ နေသည် အနောက်ဘက် တောင်တန်းများကြားတွင် ပျောက်ကွယ်သွားခဲ့ လေပြီ။ ကျွန်တော်တို့လည်း မြို့ထဲသို့ ဆိုင်ကယ်စီး၍ ပြန်လာခဲ့ ကြသည်။ ကိုရင်လေးများမှာကတော့ ကျွန်တော်တို့ ပြန်လာချိန် အထိ အပစ်အခတ် မရပ်ကြသေးပေ။

ဒုတိယည

မြို့ထဲသို့ ကျွန်တော်တို့ရောက်လာသည့်အချိန်မှာတော့ မိုင်းလားတစ်မြို့လုံး မီးရောင်ထိန်ထိန်ဖြင့် စည်ကားနေလေပြီ။ ကျွန်တော်တို့လည်း တည်းခိုခန်းသို့ တန်းမပြန်သေးဘဲ မြို့တစ် ပတ် ဆိုင်ကယ်စီးရန် ဆုံးဖြတ်လိုက်ကြသည်။ မြို့ထဲလမ်းမကြီး တစ်လျှောက်သည် ကားသံ၊ ဆိုင်ကယ်သံ တဝီဝီဖြင့် ဆူညံနေ သလို ကောင်းကင်တွင်လည်းရံဖန်ရံခါ ပစ်ဖောက်ကြသော မီးရှူး မီးပန်းများကိုလည်း တွေ့ရသည်။

ရာသီဥတုမှာလည်း အေးစက်လျက်ရှိပြီး အနွေးထည်နှင့် ခေါင်းစွပ်များကို လုံလုံခြုံခြုံဝတ်ထားကြရသည်။

ဤသို့နှင့် မြို့တွင်းတစ်နေရာသို့ရောက်သောအခါ ဆိုင် တစ်ဆိုင်၏ ထူးဆန်းသော ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရသည်။          ‘အရွယ်ရောက်သူများဆိုင်’ဟူ၏။ ဆိုင်ပြင်မှ လှမ်းကြည့်သော အခါ မုတ်ဆိတ်ရိတ်သည့်စက်များ ရောင်းချသည့်ဆိုင်ဟု ထင် လိုက်မိ၏။ ကျွန်တော်နှင့် ကိုကျော်မျိုးထွန်းတို့ နှစ်ဦးစလုံးမှာ လည်း အရွယ်ရောက်သူများဖြစ်ကြရာ မိမိတို့နှင့်သက်ဆိုင်သည် အထင်နှင့်စပ်စုရန် ဆိုင်ထဲသို့ ဝင်လိုက်ကြလေသည်။

ဆိုင်ထဲသို့ရောက်သောအခါ ကျွန်တော်တို့ အထင်နှင့် အမြင် တက်တက်စင်အောင် လွဲလေသည်။ ဆိုင်ထဲတွင် ရောင်းချ နေသော ပစ္စည်းများမှာ မုတ်ဆိတ်ရိတ်စက်များမဟုတ်ဘဲ အမျိုး သမီးများ လိင်စိတ်အာသာဖြေသည့်စက်များ ဖြစ်နေလေသည်။ ရောင်းသူမှာအသက် ၄ဝ ခန့်ရှိသည့် အမျိုးသမီးတစ်ဦးဖြစ်၏။ ကျွန်တော်တို့မှာ ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်ရချေပြီ။

ဆိုင်ရှင်အမျိုးသမီးကိုလည်း အားနာမိသည်။ ချက်ချင်းပြန် ထွက်သွားလျှင် ရိုင်းရာကျမည်ဟု ယူဆကာ ဆိုင်ထဲမှ ပစ္စည်းများ ကို တစ်ခုပြီးတစ်ခု ဈေးမေးနေကြရတော့သည်။ ကိုကျော်မျိုး ထွန်းမှာလည်း သတင်းထောက်ပီသစွာ စေ့စေ့စပ်စပ် မေးမြန်း စုံစမ်းနေလေသည်။ ဆိုင်ထဲတွင် ငါးမိနစ်ခန့်ကြာမှ ဆိုင်ရှင်အမျိုး သမီးအား ကျေးဇူးတင်စကားပြော၍ ကျွန်တော်တို့ ခပ်သုတ် သုတ် ပြန်ထွက်လာကြသည်။ ဆိုင်ရှင်အမျိုးသမီးမှာ ကျွန်တော် တို့ဖြစ်ပုံကို သဘောပေါက်၍ ပြုံးစိစိဖြင့် ကျန်ရစ်ခဲ့လေသည်။

ဆိုင်ကယ်ပေါ်သို့ ရောက်သောအခါမှ ကျွန်တော်တို့ဖြစ်ပုံကို ပြန်တွေးကာ ဝါးလုံးကွဲအောင် ရယ်မောလိုက်ကြသည်။ မိုင်းလား တွင် အနှိပ်ခန်းများကိုလည်း မြို့တွင်းလမ်းမများပေါ်တွင် ဟိုးနား တစ်ခု သည်နားတစ်ခု တွေ့ရသည်၊ ပြည်တန်ဆာလုပ်ငန်းတချို့ ကိုလည်း ပေါ်ပေါ်တင်တင် မြင်တွေ့ရရာ ငွေရှိလျှင် မိုင်းလားတွင် အရာရာရနိုင်သည်ကို သဘောပေါက်လိုက်မိသည်။

ထိုနေရာမှ မိနစ်အနည်းငယ် ဆိုင်ကယ်စီးလာရာ ဆင်စွယ် ပစ္စည်းများ အကြီးအကျယ်ရောင်းချနေသော ဆိုင်ကြီးတစ်ဆိုင် သို့ ကျွန်တော်တို့ရောက်သွားကြသည်။ ဆိုင်ထဲတွင် ဆင်စွယ်ဖြင့် ပြုလုပ်ထားသော လက်ဝတ်ရတနာများကို တွေ့ရလေသည်။ ကျားဦးခေါင်းခွံများ၊ နံရံတွင် အလှပြထားသော ကျားသားရေချပ် များကို တွေ့ရသည်။ ဆိုင်ထဲတွင် ဓာတ်ပုံမရိုက်ရန် တားမြစ်ထား ပြီးလုံခြုံရေးကင်မရာများ တပ်ဆင်ထားလေသည်။

ထိုညက နှစ်သစ်ကူးအကြိုညဖြစ်သဖြင့်မီးရှူးမီးပန်းများ တအုံးအုံးဖောက်နေကြရာ ဆူညံနေသဖြင့် ညည့်နက်မှ အိပ်ပျော် သွားကြလေသည်။

ဂိမ်းဆိုင်မှ ရန်ပွဲ

နောက်တစ်နေ့သို့ ရောက်သောအခါ ကျွန်တော်တို့ကို ဘာသာပြန်ပေးသူမှာ မအားလပ်တော့သဖြင့် သူ့မိတ်ဆွေတစ် ဦးအား သူ့အစား ဘာသာပြန်ပေးရန် မိတ်ဆက်ပေးလေသည်။

သူက ကိုကာစင်ဖြစ်၏။ အသက် ၅ဝ ဝန်းကျင်ရှိပြီ။ မော်လမြိုင်ဇာတိဖြစ်ပြီး မိသားစုများက မော်လမြိုင်တွင် နေကြသည်။ တရုတ်နယ်စပ်နှင့် တရုတ်ပြည်မဘက်တွင် ကျင်လည်ခဲ့သည်မှာ နှစ်ပေါင်း ၂ဝ မကတော့ပေ။ ယခင်က တရုတ်နိုင်ငံတွင် ကားသုံး လေးစီး ပိုင်ဆိုင်ခဲ့သည်ဟု ဆိုသည်။ သို့သော် တစ်နေ့တွင် သူ့ မိတ်ဆွေတစ်ယောက်က ကိုကာစင့်ကားကို ငှား၍ မူးယစ်ဆေးဝါး သယ်ဆောင်လိုက်ရာ ကားရော လူပါ အဖမ်းခံလိုက်ရသည်။ ကားပိုင်ရှင် ကိုကာစင်လည်း အဖမ်းခံရ၏။

ထိုနောက်ပိုင်း ကိုကာစင်စီးပွားပျက်ကာ နယ်စပ်သို့ ပြန် ရောက်လာသည်။ စိတ်ဓာတ်ကျကျနှင့် မူးယစ်ဆေးသုံးမိရာ သိပ် မကြာခင်တွင် ဆေးစွဲသွားလေသည်။ သူဆေးစွဲတာ သုံးနှစ်ခန့် သာရှိသေးသဖြင့် ဆေးဖြတ်ကာ မော်လမြိုင်ပြန်လိုကြောင်း သူ က ရင်ဖွင့်သည်။

မိုင်းလားသည် မူးယစ်ဆေးဝါးများ လွယ်လွယ်ကူကူ ဝယ် ယူနိုင်သည့် နေရာလည်း ဖြစ်ရာ ဤပတ်ဝန်းကျင်မှ ထွက်ခွာမှ မူးယစ်ဆေးပြတ်ဖို့ လွယ်မည်ဟု သူက ဆိုလေသည်။

ကိုကာစင်ရှိတတ်သည့်နေရာမှာ ကျွန်တော်တို့ တည်းခို ခန်းအနီးမှ တီဗီဂိမ်းဆိုင်ဖြစ်သည်။ ထိုဂိမ်းဆိုင်ထဲ ဝင်ကြည့်လိုက် သောအခါ လောင်းကစားဂိမ်းများဆော့ရင်း ဆေးခြောက်ရှူ နေကြသူများ၊ ဘိန်းရှူနေကြသူများကိုတွေ့ရပြီး တစ်ခန်းလုံး ညှီစို့စို့ဆေးနံ့များ မွှန်ထူနေတတ်သည်။

ဒွေနဂရစေတီတော်ရင်ပြင်မှ မြင်တွေ့ရသည့် မိုင်းလားမြို့မြင်ကွင်း ။   ဓာတ်ပုံ-ကျော်မျိုးထွန်း/မော်ကွန်းမဂ္ဂဇင်း

ကိုကာစင်သည် လူတန်းစားအလွှာစုံဖြတ်သန်းဖူးသူဖြစ်၍ စကားပြောပြေပြစ်ပြီး ယဉ်ယဉ်ကျေးကျေးရှိသည်။ ဒေသ အကြောင်း သိမြင်နှံ့စပ်သည့်အပြင် တရုတ်ဘာသာစကားကို လည်း ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သဖြင့် ကျွန်တော်တို့အတွက် အကူအညီရလေသည်။ ကိုကာစင်က တစ်မနက်လုံး ကျွန်တော် တို့ကို လိုက်ကူညီသည်။ မိုင်းလားဈေးထဲသို့ ကျွန်တော်တို့ ထပ်မံ သွားရောက်ရာတွင်လည်း သူက တိတိကျကျ ဘာသာပြန် ပေးသည်။

ထိုနေ့က ကျွန်တော်တို့ သတင်းလိုက်ရာမှ ပြန်လာကြ သည့်အခါ တည်းခိုခန်းအနီးရှိ ဂိမ်းဆိုင်တစ်ဆိုင်တွင် လူငယ်တစ် ဦးသည် ဂိမ်းဆိုင်မှ ဂိမ်းစက်များ၊ ပရိဘောဂများကို နှစ်ပေခန့်ရှည် သော သံပိုက်လုံးကြီးဖြင့် စိတ်ရှိ လက်ရှိ ရိုက်ခွဲနေသည်ကို မြင် လိုက်ရ သည်။ တအုံးအုံး တဗြုန်းဗြုန်း ရိုက်ခွဲ သံကြားရပြီး ဆိုင်ထဲ မှ လူတချို့ ထွက် ပြေးလာကြသည်။

မကြာခင် ယင်းဆေးသုံးစွဲ သူမှာလည်း ဆိုင်ရှေ့သို့ ထွက် လာပြီး လက်စွဲတော်သံပိုက်လုံးကို လက်ထဲ တွင် လှည့်ပတ်ကစား နေလေသည်။ သူသည် မူးယစ်ဆေး တစ်ခုခု သုံးစွဲ ထားဟန်တူပြီး သူ့အား မည်သူမှ မဟန့်တားရဲကြပေ။ ထိုနေ ရာတွင် လည်း လူများ စုပြုံလာပြီး သံပိုက်လုံး ကိုယ်တော်အား အကဲခတ် နေကြ သည်။ ရဲစခန်းကို ဖုန်းဆက်ကြသူ တွေကလည်း ဆက်ကြသည်။

မိုင်းလားရဲများ တာဝန်ကျေ သည် ဆိုရမည်။ ဖုန်းဆက်ပြီး ငါးမိနစ် မပြည့်ခင် အခင်းဖြစ်ရာနေရာသို့ ရဲများ ရောက်လာကြပြီး သံပိုက်လုံး အား လွှတ်ချရန် အမိန့်ပေးကြလေ သည်။ သို့သော် လူငယ်က လက်နက် ချရန် ခေါင်းမာနေသဖြင့် သူတို့ခါး ကြားမှ သေနတ်ကိုထုတ်၍ လူငယ် အားချိန်ကာ လက်နက်ချရန် အမိန့် ပေးလေသည်။ ထိုအခါမှ လူငယ်သည် သံပိုက်လုံးကိုချ၍ အဖမ်း ခံလေသည်။

ရဲများသည် သက်သေခံပစ္စည်း များကို သိမ်းဆည်းပြီးနောက် လူငယ် အား လက်ထိပ်ခတ်ကာ ကားဖြင့် ခေါ်ဆောင်သွားကြလေသည်။ ပွဲပြီး သွားပြီဖြစ်သဖြင့် လမ်းပေါ်တွင် လည်း လူတဖြည်းဖြည်း နည်းသွား လေသည်။ မကြာခင် ရေဖျန်းသည့် စည်ပင်ကားကြီး ရောက်လာပြန်ပြီး လမ်းအား သန့်ရှင်းရေး လုပ်သွား ပြန်သည်။

ကျွန်တော်တို့သည် မိုင်းလားတွင် အမျိုးမျိုးအဖုံဖုံ ကြုံတွေ့ ရပြီးနောက် သုံးရက်မြောက်သည့်နေ့ နံနက်တွင် ရန်ကုန်သို့ ပြန်ရန် ပြင်ကြရလေသည်။ ကိုကာစင်အား နှုတ်ဆက်ရန် လိုက် ရှာသည့်အခါ ရှာမတွေ့ပေ။ ဤအချိန်ဆိုလျှင်ကိုကာစင်သည် မိုင်းလားမြို့ တစ်နေရာရာတွင် ဆေးသုံးကာ ဇိမ်ကျနေလိမ့်မည်ဟု သူ့မိတ်ဆွေတွေက ဆိုကြသည်။

ကျွန်တော်တို့ ပြန်ရန် ငှားရမ်းထားသည့် ကားရောက်လာ ပြီဖြစ်၍ အထုပ်အပိုးများတင်ကာ ကားပေါ်သို့ ကျွန်တော်တို့ တက်လိုက်ကြသည်။ မိုင်းလားမြို့ အရှေ့စူးစူးတွင် နေရောင်ခြည် နုနုထွက် ပေါ်နေလေပြီ။ ထိုအချိန်၌ပင် ကျွန်တော်တို့ကားလေး သည်လည်း မိုင်းလားမြို့လေးအား နှုတ်ဆက်ချန်ရစ်ခဲ့တော့သည်။        ။

၂၀၁၇-မတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၄)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။

လင်းမြတ် ရေးသည်။

 

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."