ရန်ကုန် – ၂၀၂၃ မေ ၁၇ (မော်ကွန်း)
မီးဖိုချောင်သုံး သီးနှံတွေအဓိကစိုက်တဲ့ အညာဒေသမှာ မုန်တိုင်းကြောင့် စိုက်ခင်းတွေပျက်စီးခဲ့လို့ ကြက်သွန်နီ၊ကြက်သွန်ဖြူအပါအဝင် မီးဖိုချောင်သုံးအခြေခံကုန်ဈေးနှုန်းတွေ ထိုးတက်လာတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ကုန်သည်တစ်ဦးက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။
“ ကုန်သည်ကြီးတွေဆီက အဝယ်ဈေးတွေ မနေ့က စပြီးတက်လာတာ။ အာလူး၊ ကြက်သွန်အနီ၊ အဖြူ အဲဒါတွေ သိသိသာသာတက်တယ်။ ဆက်လည်းတက်နိုင်တယ်။ အဓိကတော့ စိုက်ခင်းတော်တော်များများ ပျက်စီးသွားတယ်။ မကွေး၊ စစ်ကိုင်းဘက်တွေမှာ စိုက်ခင်းတွေ ပျက်သွားတာ ဧကသောင်းချီတယ်” လို့ သူကပြောပါတယ်။
ရန်ကုန်နဲ့ မန္တလေးမြို့က အခြေခံစားသောက်ကုန်ဈေးကွက်အတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကုလားပဲ၊ မတ်ပဲ၊ အာလူး အစရှိတဲ့ ကုန်စည်တွေဟာ ဒီရက်ပိုင်းအတွင်းမှာ ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ သူကပြောပါတယ်။
မေလ ၁၆ ရက်ကစပြီး ကြက်သွန်နီ တစ်ပိဿာကို ၁,၇၀၀ ကျပ်ကနေ ၂,၂၀၀ ကျပ်ထိ မြင့်တက်သွားခဲ့ပြီး၊ ကြက်သွန်ဖြူ တစ်ပိဿာ ၄,၂၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၁,၄၀၀ ကျပ်ကနေ ၁,၈၀၀ ကျပ်ထိ မြင့်တက်သွားတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က သတ်မှတ်ထုတ်ပြန်ခဲ့တဲ့ ကုန်စည်ဈေးနှုန်းတွေအရ သိရပါတယ်။
ဒါ့အပြင် မတ်ပဲ တစ်ပိဿာကို ၃,၇၀၀ ကျပ်ကနေ ၃,၇၅၀၊ ပဲစင်းငုံ တစ်ပိဿာ ၃,၈၀၀ ကျပ်ကနေ ၃,၉၀၀၊ ကုလားပဲဖြူလုံး တစ်ပိဿာ ၃,၈၀၀ ကျပ် ခန့် မှ ၃,၉၀၀ ထိ မြင့်တက်ခဲ့ပြီး ကုလားပဲဖြူအကြီး၊ တစ်ပိဿာကို ၃,၉၀၀ ကျပ်မှ ၄,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
“မုန်တိုင်းကြောင့်ဆိုပြီးတော့ ဆန်၊ ဆီ၊ ကြက်သွန်ကအစ အကုန်ဈေးတက်တယ်။ ဈေးက မမေးရဲလောက်အောင်ပဲ။ ဒီနေ့နဲ့ နောက်နေ့တောင် မတူဘူး။ အတက်ပဲရှိတယ်” လို့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
“ ဟင်းသီးဟင်းရွက်တွေအစ (ကျပ်) ၅၀၊ ၁၀၀ တက်တယ်” လို့လည်း အထက်ပါအိမ်ရှင်မက ဆိုပါတယ်။
မြန်မာနိုင်ငံအနောက်ပိုင်းကို ဖြတ်သန်းဝင်ရောက်ခဲ့တဲ့ အင်အားပြင်းဆိုက်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ရခိုင်ပြည်နယ်ဟာ အဆိုးရွားဆုံး ထိခိုက်ပျက်စီးခဲ့ပြီး စပါးစိုက်ခင်းတွေ၊ မွေးမြူရေကန်တွေ၊ ကျွဲ၊နွား၊ဝက် စတဲ့ အိမ်မွေး တိရိစ္ဆာန်တွေ အပါအဝင် နေအိမ်တွေပျက်စီးပြီး ရာနဲ့ချီတဲ့လူသေဆုံးမှုတွေလည်း ရှိတယ်လို့ ဒေသခံ သတင်းဌာနတွေက ဖော်ပြတယ်။
ဒါ့အပြင် ကုန်းတွင်းကို အင်အားကောင်းတဲ့ မုန်တိုင်းအဖြစ် ဆက်လက်ဖြတ်သန်းတဲ့ “မိုခါ”ကြောင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတို့မှာလည်း မိုးသည်းထန်စွာရွာတာ၊ ရုတ်တရက် ချောင်းရေလျှံတာ စတဲ့ ဖြစ်ရပ်တွေကြောင့် စိုက်ပျိုးခင်းတွေ ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်လေးခုကို သဘာဝဘေးကျရောက်တဲ့ဒေသအဖြစ်ကြေညာထားပြီး ဒီမုန်တိုင်းကြောင့် လူ ၂၁ ဦးသေဆုံးခဲ့ကာ တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ လူနေအိမ်အပါအဝင် အဆောက်အအုံပေါင်း ၁၁,၀၀၀ ကျော်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
#Dailynews

