စစ်တွေ-၂၀၂၃၊ ဇွန် ၁၅ (မော်ကွန်း)
မိုခါမုန်တိုင်းတစ်လပြည့်တဲ့အထိ ရခိုင်ပြည်နယ်၊ ပေါက်တာမြို့နယ်က ကြိမ်ခွေမော်ကျေးရွာကို အကူအညီမရောက်သေးလို့ ဒေသခံတွေစားဝတ်နေရေးကြုံသလိုဖြေရှင်းနေရတယ်လို့ ကြိမ်ခွေမော်ရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကမိန့်ပါတယ်။
“ဒီမှာက ဘာအကူအညီမှ ရောက်မလာသေးဘူး။ အမိုးအကာတွေလည်း မရှိဘူး၊ ဖြစ်သလိုနေ ဖြစ်သလိုစားနေကြရတာ။ ဉူးဇင်းတို့ကျောင်းမှာလည်း ဒကာ၊ ဒကာမ တွေလှူဖို့ထက် သူတို့ကို ဉူးဇင်းက ပြန်ကျွေးနေရတာ” လို့ ဆရာတော်က မိန့်ပါတယ်။
ကြိမ်ခွေမော်ရွာမှာ အိမ်ခြေ ၃၈၉ လုံး ရှိပြီး မုန်တိုင်းကြောင့် အိမ် ၅၇ လုံးပျက်စီးခဲ့ပြီ ကျန်တဲ့အိမ်တွေလည်း သွပ်မိုးလန်တာတွေ၊ ဝါးထရံတွေပြိုကျသွားတာကြောင့် ဒေသခံတွေဟာ အမိုးအကာတွေ လိုအပ်နေတယ်လို့ဆိုပါတယ်။
အဲဒီရွာဟာ ဘင်္ဂလားပင်လယ်အော်နားမှာ တည်ရှိပြီး အဓိကကတော့ တောင်ယာလုပ်ငန်းပဲ လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။
မိုခါမုန်တိုင်းကြောင့် ကျွဲနွားအကောင် ၁၅၀ လောက်သေသွားခဲ့ပြီး မိုးစပါးစိုက်ဖို့သိုလှောင်ထားတဲ့ စပါးကျီတွေဟာလည်း အကုန်ပျက်စီးသွားတယ်လို့ဒေသခံတွေက ပြောပါတယ်။
ကြိမ်ခွေမော်ရွာမှာ သောက်ရေကန် ခုနှစ်ကန်ရှိပြီး ခြောက်ကန်ဟာ ဆားငံရေတွေဝင်လာလို့ ပျက်စီးသွားခဲ့ပြီး တစ်ကန်သာကျန်ရှိခဲ့တယ်လို့ဆိုပါတယ်။
ကြိမ်ခွေမော်ရွာလို ရွာဘက်တွေသာမက ပေါက်တောမြို့ပေါ်မှာပါ အခုအချိန်ထိ အမိုးအကာမရှိတဲ့ အိမ်တွေလည်းရှိတယ်လို့ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်ဌေးကပြောပါတယ်။
“နယ်တွေမပြောနဲ့မြို့ပေါ်တွေမှာတောင်အမိုးအကာမရှိတဲ့အိမ်တွေရှိတယ်။ ဒေသခံတွေဟာ ညအိပ်မယ်ဆိုရင်တောင်အမိုးအကာအောက်မအိပ်နိုင်ဘဲ သူများအိမ်ပေါ်မှာသွားအိပ်ရတာ”လို့ သူက ပြောပါတယ်။
မနေ့က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ရခိုင်ပြည်နယ်မှာ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းက အရေးပေါ်အကူအညီတွေရရှိထားပြီး ၇၀ ရာခိုင်နှုန်းကတော့ စားနပ်ရိက္ခာနဲ့အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဖော်ပြပါတယ်။
ပုံစာ-ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ကျေးရွာပြမြေပုံ။
#Dialynews

